Thursday, July 22, 2010

နိုင်ငံရေးနှင့် နိုင်ငံရေးသမား(၁၀)


ဘာကြောင့် စစ်တပ်က ကြားဝင်လာရသလဲ

စစ်တပ်ဆိုတာ ယေဘူယျပြောရရင် တိုင်းပြည်ရဲ့အာဏာကို ထိန်းသိမ်းရသူတွေလို့ ပြောရင်ရတယ်။ ဘယ်နိုင်ငံ ဘယ်လူ့အဖွဲ့အစည်းမှာမဆို နိုင်ငံရေးသမားတွေ ဗလောင်းဗလဲနဲ့ အပြောင်းအလဲတွေ လုပ်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေချိန်တွေမှာ စစ်တပ်ဆိုတာ ၀င်လာရစမြဲ ဖြစ်နေတယ်။ ဒီမိုကရေစီအကြောင်းပြပြီး လက်သီး လက်မောင်းတန်းကာ တက်လာကြတဲ့ နိုင်ငံရေးသမားတိုင်းဟာ နောက်ဆုံးမှာ ငါ့ဖို့လမ်းစဉ်လိုက်ပြီး လာဘ်ပေး လာဘ်ယူတွေနဲ့ ဇာတ်လမ်းရှုပ်၊ အထုပ်တွေပြေမှ စားထား ၀ါးထားတာတွေ လျှံကျ၊ ဖုံးသမျှ ကုန်းမှပေါ်ဆိုတော့ ပြည်သူတွေကလည်း နိုင်ငံရေးနဲ့ နိုင်ငံရေးသမားဆိုရင် ကြောက်ချင်နေကြပါပြီ။ ဒါကြောင့်လည်း လူထုထဲမှာ နိုင်ငံရေးဆိုတာနဲ့ ငါတို့ကအပြည့်ပေးပြီး တို့ကို တစ်ဝက်မပြောနဲ့ တစ်စိတ်တောင် ပြန်ပေးမယ့်ကောင်တွေ မဟုတ်ဘူးဆိုပြီး ရွံကြောက်တွေ ဖြစ်လာကြတယ်။

တိုင်းပြည်တစ်ပြည်မှာ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပါတီတွေက လုပ်ချင်ရာလုပ်နေရင် စစ်တပ်က ကြားဝင်ဖို့သာ ပြင်ပေတော့လို့တောင် ပြောစမှတ်ပြုကြရတယ်။ နိုင်ငံရေးမှာ လူကောင်းရင်ကောင်း၊ လူမကောင်းရင် မူကောင်းမှ တော်ရုံကျတယ်လို့ ပြောကြတယ်။ ပါကစ္စတန်က လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ ကလီးမင့်ဂျွန်ဆိုသူက အာရှက နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ပြီး ဒီလိုပြောသွားဖူးတယ်။

''အာရှတိုက်က ပြည်သူတွေဟာ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ အမျိုးသားရေး၊ လူမျိုးရေး အမြင်ကျဉ်းမှု တွေကြောင့် နိုင်ငံရေးမှာ ရှုပ်ထွေးနေကြရတာ။ အယူအဆတွေ အမြင်တွေက အမျိုးမျိုး ဖြစ်နေတာကြောင့် အများဆန္ဒကို လိုက်နာရမယ်ဆိုတာတွေ သိပ်နားမလည်ကြဘူး'' လို့ ဝေဖန်သွားပါတယ်။

စစ်တပ်ဆိုတာ တစ်ဘက်သပ် ဆုံးဖြတ်ချက်တွေ၊ ကိုယ်လိုရာကိုဆွဲပြီး ဖြည့်ထားတာတွေ၊ အကြမ်းဖက် သတ်ဖြတ် လိုမှုတွေ၊ တရားမမျှတတဲ့ လမ်းညွှန်မှုတွေကို ရှိလာရင် တရားမျှတစွာနဲ့ ကြားဝင်ပေးရတဲ့ အဖွဲ့အစည်းဖြစ်ရတယ်။ စစ်တပ်ကတော့ အားလုံးရဲ့ အမြင်တွေ သဘောထားတွေကို လိုက်လံ ဖျန်ဖြေပေးနေမှာ မဟုတ်ပါဘူး။ လတ်တလော အကွဲကွဲ အပြားပြားနဲ့ တိုင်းပြည်ကြီး ကစဥ့်ကလျား မဖြစ်သွားအောင် ထိန်းသိမ်းပေးရမယ့် တာဝန်ကိုသာ ယူကြရပါလိမ့်မယ်။

တိုင်းပြည်မှာ ဖိနှိပ်ချုပ်ချယ်တယ်ဆိုတာ စစ်တပ်မှ လုပ်ကြတာမဟုတ်ဘူး။ အာဏာရ နိုင်ငံရေး ပါတီတွေလည်း အာဏာကို မဖြစ်မနေ ပြဋ္ဌာန်းရတော့မယ်ဆိုရင် အာဏာကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သုံးကို သုံးကြရတယ်။ ဥပမာ တူရကီပြည်မှာ ဗိုလ်ချုပ်ဂါဆဲလ် အုပ်ချုပ်တုန်းက တိုင်းပြည်နှစ်ချမ်းကွဲဖို့ နိုင်ငံရေးသမားတွေ အားထုတ်လာကြတယ်။ ဒီအချိန်မှာ စစ်တပ် အုပ်ချုပ်ရေး မဟုတ်ဘဲ အရပ်သား အုပ်ချုပ်ရေးဆိုရင် ကျိန်းသေ အကြောင်းမဲ့သတ်ဖြတ်မှုတွေ ပေါ်လာနိုင်တယ်။ တိုင်းပြည်မှာ သူကခွဲမယ်၊ ငါကတွဲမယ်နဲ့ ညှပ်ပူးညှပ်ပိတ် ဖြစ်နေချိန်မှာ စစ်တပ်ကပဲ အခြေအနေ အရပ်ရပ်ကို ၀င်ထိန်းလိုက်ရတယ်။

နိုင်ငံရေးသိပ္ပံပညာရှင် အက်စ်အီးဖင်းနားကတော့ လူမျိုးရေးပြဿနာတွေမှာ စစ်တပ်သာလျှင် ကြားဝင်ဖျန်ဖြေမှု အားပေးနိုင်ဆုံးလို့ ဆိုခဲ့ပါတယ်။ လူမှုရေးအဆင့်အတန်းနိမ့်လေ စစ်တပ်က ကြားဝင် ရလေဖြစ်တတ်တယ်။ စစ်တပ်ဘာကြောင့် ၀င်လာရသလဲဆိုရင် လူမှုရေးမှာသာမက နိုင်ငံရေးမှာပါ အဆင့်အတန်း မရှိကြလို့ ဖြစ်တယ် ဆိုပြီး ဖင်းနားက ဝေဖန်ထောက်ပြခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးသမားတွေကလည်း အသုံးမကျ၊ ဦးဆောင်ဦးရွက်မှုလည်း မပေးနိုင်၊ ရေသာများပြီး ငါးမတွေ့နိုင်တဲ့အဆုံးမှာ စစ်တပ်က ၀င်ထိန်းပေးရရုံသာမက အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးတွေကို မဖြစ်မနေ ပါဝင် ဆောင်ရွက်ပေးလာရတာတွေလည်း ရှိတယ်။ အရင်တုန်းက စစ်တပ်ထဲကို ပညာမတတ်သူတွေသာ ၀င်ကြတယ်လို့ ပြောကြတယ်။ ဒါ ဟိုးလွတ်လပ်ရေးမရမီ ခေတ်လောက်တုန်းက မှန်ကောင်း မှန်ပါလိမ့်မယ်။ နိုင်ငံဆူပူအုံကြွပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေချိန်မှာ စစ်သားတွေ စာသင်နေကြတယ်။ တိုင်းပြည်မှာ ကြိတ်မနိုင်ခဲမရတွေဖြစ်နေချိန်မှာ စစ်သားတွေ ဘွဲ့ယူကုန်ပြီ။ ဒေါက်တာတွေ ဖြစ်ကုန်ကြတယ်။ ငါနိုင်ငံရေးသမားကွလို့ သိမ်းကြုံးအော်နေသူတွေက ဆယ်တန်းတောင် မအောင်ချိန်မှာ တိုင်းပြည်ကို ထိန်းသိမ်းထားရတဲ့ စစ်သားတွေက ပညာတွေတတ်သမှ တစ်ဘွဲ့တောင် မဟုတ်။ နောက်က ဘွဲ့တွေ တန်းစီရနေကြပြီ။ တိုင်းပြည်ကို မငြိမ်းချမ်းအောင် ဆူပူအောင် ဆွသူတွေက ဆွလို့ ကျောင်းတွေ မဖွင့်နိုင်ချင်မှာပဲ အတတ်ပညာ၊ အသိပညာတွေကို ယောင်တောင်တောင် နိုင်ငံရေးသမားဆိုသူတွေ ထက်ပို၍ ပညာတတ်သောသူတွေက စိုးမိုးအုပ်ချုပ်နေကြပြီ ဖြစ်ပါတယ်။ ဒါဘာကြောင့် ဘယ်သူတွေ ကြောင့်လည်း ဆိုတာ အဖြေပြန်ရှာကြည့်ကြဖို့ လိုပါလိမ့်မယ်။

မျက်မှောက်ရေးရာ မဂ္ဂဇင်း၊ အတွဲ (၁)၊ အမှတ် (၇)၊ ဒီဇင်ဘာလ၊ ၂၀၀၇ ခုနှစ်မှ ဆရာတင်ညွန့်၏ `နိုင်ငံရေးနှင့် နိုင်ငံရေးသမား´ ဆောင်းပါးကို ကောက်နှုတ် ဖော်ပြပါသည်။

0 comments:

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP