Saturday, June 26, 2010
Civic Education အကြောင်း တစေ့တစောင်း
Saturday, June 5, 2010
၂၀ ရာစုနှောင်းပိုင်း ကာလမှာ နိုင်ငံရေးသီအိုရီတခုဖြစ်တဲ့ Civic Education အကြောင်းကို ပညာရှင်တွေရဲ့ စိတ်ဝင်စားတစား လေ့လာမှုတွေ တစတစ ကျယ်ပြန့်လာခဲ့ပါတယ်။ နိုင်ငံသားကောင်းဖြစ်ဖို့ဆိုတာ လုပ်ယူရတာ ဖြစ်တယ်။ မွေးကတည်းက ဖြစ်လာတာ မဟုတ်ဘူး ဆိုတာကို လူအများက ပိုပြီး လက်ခံလာခဲ့ကြပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံရေးအဆောက်အအုံ တခု ဖြစ်ထွန်းလာဖို့အတွက် သင့်လျော်တဲ့ အသိပညာ၊ အတတ်ပညာနဲ့ စာရိတ္တမြင့်မားတဲ့ နိုင်ငံသားတွေ လိုအပ်တယ်ဆိုတဲ့ အချက်ကို နိုင်ငံခေါင်းဆောင်များက တညီတညွတ်တည်း လက်ခံလာကြပါတယ်။ ဒါပေမယ့် အသိပညာ၊ အတတ်ပညာနဲ့ စာရိတ္တမြင့်မားတဲ့ နိုင်ငံသားတွေ များပြားလာအောင် ဘယ်လို လုပ်မလဲ ဆိုတာက မေးစရာ ဖြစ်လာပါတော့တယ်။ စာသင်ကျောင်းတွေ၊ တက္ကသိုလ် ပညာရေးတွေနဲ့တင် မလုံလောက်ဘူးဆိုတာကိုလဲ သိမြင်လာကြပါတယ်။
Civic Education ဆိုရာဝယ်Civics ဆိုတာ နိုင်ငံသားအခွင့်အလမ်းနဲ့ တာဝန်တွေကို လေ့လာခြင်း ဖြစ်ပါတယ်။ Civic Education ဆိုတာကတော့ ဒီလိုနိုင်ငံသားအခွင့်အလမ်းနဲ့ တာဝန်တွေ၊ နိုင်ငံရေးအင်စတီကျူးရှင်းတွေနဲ့ ပြည်သူ့ရေးရာ မူဝါဒတွေကို လူအများသိရှိလာအောင် ပညာပေးခြင်းပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက် မူကွဲတွေ အမျိုးမျိုးရှိပေမယ့် " ဘုံအကျိုးစီးပွားရရှိရေးအတွက် ဆောင်ရွက်ရန်၊ အများပြည်သူအား အစိုးရနှင့် အခြားအဖွဲ့အစည်းများမှ abuse လုပ်ခြင်းနှင့် တိုက်ခိုက်ခြင်းကို ကာကွယ်ပေးရန်၊ ပြည်သူ့ရေးရာကိစ္စရပ်များကို ဝေဖန်ဆန်းစစ်နိုင်သော အသိဥာဏ်ပညာများကို ဖြန့်ဖြူးပေးရန်၊ အသိပညာဗဟုသုတများကို ကိုယ်ပိုင်အကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွားအတွက် အသုံးပြုရန် ဟူသော ရည်မှန်းချက် မရှိပါက မည်သည့် civic potential မှ ပြည့်စုံမည် မဟုတ်ပေ။ နိုင်ငံသားအခွင့်အလမ်းနှင့် တာဝန်များဆိုင်ရာ အသိပညာ၊ အရည်အချင်း၊ အမြင်နှင့် တန်ဖိုးထားမှုများသည် နိုင်ငံရေးရာကိစ္စရပ်များတွင် နိုင်ငံသားများအားလုံး တာဝန်သိစွာဖြင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခြင်းကို ဖြစ်တည်လာစေသည်။ သို့ဖြစ်ရာ အဆိုပါ အရည်အသွေးများ မြင့်မားလာစေရန် ဆောင်ရွက်ရေးသည် civic education ၏ mission ဖြစ်သည်" ဆိုတဲ့ mission အပေါ်မှာပဲ အခြေခံထားတာတွေ ဖြစ်ပါတယ်။
နိုင်ငံသားတယောက်ဟာ နိုင်ငံရဲ့ vision ကို သိမြင်နားလည်ရမှာဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို နားလည်ပြီး ကာကွယ်စောင့်ရှောက်တတ်ရပါမယ်။ နိုင်ငံတော်အစိုးရ အုပ်ချုပ်သူများရဲ့ မူဝါဒတွေကို ဆန်းစစ်ဝေဖန်နိုင်စွမ်း ရှိရပါမယ်။ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ ကိုယ်ပိုင်အကျိုးစီးပွား ယှဉ်တွဲလာတဲ့အခါမှာ အများပြည်သူအကျိုးစီးပွားကို ဦးစားပေးလိုတဲ့ civic virtue ရှိရပါမယ်။ ဥပမာ- ဖွံ့ဖြိုးဆဲနိုင်ငံအများစုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေတဲ့ လာဘ်စားမှု ပြဿနာဟာ civic virtue မရှိတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ civic virtue ဆိုတာမှာ Civic dispositions ( ဒီမိုကရေစီစနစ် ထွန်းကားရှင်သန်ရေးကို ဆောင်ရွက်လိုသော နိုင်ငံသားအမြင်၊ အလေ့အထနှင့် စိတ်ထားများ ရှိခြင်း) နဲ့ Civic commitments (ဒီမိုကရေစီစနစ်၏ အခြေခံ တန်ဖိုးများနှင့် စည်းမျဉ်းများအပေါ်တွင် အလေးပေးအာရုံစိုက်မှု) ဆိုတာတွေ ပါဝင်ပါတယ်။
Civic Education ဆိုတာက ဒီလို civic virtue ကို မြှင့်တင်ပေးပြီး ထိရောက်တဲ့ civic participation ဖြစ်လာအောင် ပညာပေးခြင်း ဖြစ်ပါတယ်။ civic participation ဆိုတာက ပြည်သူ့ရေးရာ မူဝါဒတွေကို ဆန်းစစ်ဝေဖန်မှုတွေတင် မဟုတ်ပါဘူး။ ပြည်သူ့ရေးရာ၊ အများပြည်သူအကျိုးစီးပွားစတာတွေနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတရှိခြင်း၊ ခံယူချက်ရှိခြင်း၊ နိုင်ငံရေးသမားများနဲ့ အစိုးရအဖွဲ့အစည်းအပေါ် reflective enquiry ပြုလုပ်မှု စတာတွေ ပါဝင်ပါတယ်။ နိုင်ငံသားတယောက်ဟာ စည်းကမ်းမဲ့ လမ်းပေါ်မှာ အမှိုက်လွှင့်ပစ်တာဟာ civic virtue မရှိလို့ပဲ ဖြစ်ပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတယောက်ကို လာဘ်ပေးတာကလဲ civic participation မှာ အားနည်းနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ civic virtue ကို မြှင့်တင်ပေးပြီး၊ နိုင်ငံတော်အနာဂတ်လမ်းခရီးမှာ ပူးပေါင်းပါဝင်လာဖို့အတွက် civic education ကို စနစ်တကျ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ civic education ကို ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး အမြင်ကွဲလွဲမှုလေးတွေ ရှိပါတယ်။
Civic Education ဆိုင်ရာ အမြင်ကွဲပြားမှုများ
ဒီနေရာမှာလဲ ပလေတိုနဲ့ အရစ်တိုတယ်တို့တွေ Civic Education ဆိုတာနဲ့ ပတ်သက်ပြီး ပြောခဲ့စဉ်ကာလ ကတည်းက အစပြု ဖြစ်ပေါ်လာခဲ့တဲ့ အငြင်းပွားမှုတွေ၊ အမြင်မတူညီမှုတွေက ရှိပါသေးတယ်။ ပြည်သူလူထုကို နိုင်ငံသားနဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေဟာ ဘယ်လိုနိုင်ငံရေး အဆောက်အအုံဆိုတာပေါ်မှာ မူတည်ပါတယ်။ ဥပမာ- ဒီမိုကရေစီ စနစ်ထွန်းကားတဲ့ နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီ မဆန်တဲ့ နိုင်ငံရေးအတွေးအခေါ်တွေ၊ ပြုမူလုပ်ဆောင်ချက်တွေကို လက်ခံခြင်း မရှိတဲ့ ဒီမိုကရေစီ နိုင်ငံသားတွေ ရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံသားတွေဟာ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေရှိတဲ့ အသိပညာ၊ အရည်အချင်းနဲ့ စာရိတ္တတွေ ရှိလာဖို့ ကြိုးပမ်းနိုင်မှသာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကနေ ဒီမိုကရေစီ အမြစ်တွယ်ရှင်သန်ခိုင်မာမှု ရှိလာအောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံသားတွေ ပေါ်ထွန်းလာစေရေး ဆိုတာမှာကလဲ ဘယ်လို ဒီမိုကရေစီ သဘောတရားတွေနဲ့ တိုင်းပြည်ကို တည်ဆောက်မှာလဲ ဆိုတာကို မူတည်လာပြန်ပါတယ်။
နိုင်ငံရေးပညာရှင် March နဲ့ Olsen ဆိုခဲ့ဖူးသလိုပဲ ဒီမိုကရေစီ သဘောတရားရေးရာ ငြင်းခုန်မှုတွေ ဖြစ်တဲ့ ကိုယ်စားပြုမှုနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုအကြားက ချိန်ခွင်လျှာ၊ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ အများပြည်သူ အကျိုးစီးပွားအကြားက ချိန်ခွင်လျှာ၊ အခွင့်အရေးနဲ့ တာဝန်ယူမှုအကြားက ချိန်ခွင်လျှာ၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုအကြားက ချိန်ခွင်လျှာ၊ ညီညွတ်မှုနဲ့ ကွဲပြားခြားနားမှုအကြားက ချိန်ခွင်လျှာ စတဲ့ ချိန်ခွင်လျှာတွေကို နိုင်ငံတော်အစိုးရတွေအနေနဲ့၊ မူဝါဒချမှတ်သူတွေအနေနဲ့ ဘယ်လိုထိန်းညှိမလဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည်သွားတတ်ပြန်ပါတယ်။ ဒီလို သဘောတရားရေးရာ ကွဲပြားခြားနားမှုတွေဟာ democratic civic education ကို ဘယ်လို အကောင်အထည်ဖော်သလဲ ဆိုတဲ့အပေါ်မှာ ရိုက်ခတ်လာပါတယ်။ စာသင်ခန်းအခြေပြု ပညာရေးနဲ့ လူ့အဖွဲ့အစည်းအခြေပြု လူထုပညာပေး လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့ ပုံသဏ္ဍာန်တွေဟာ ဒီလိုသဘောတရားရေးရာ ကွဲပြားခြားနားမှုပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားလာပါတယ်။
ဒါပေမယ့် စာသင်ခန်းအခြေပြုနည်းလမ်းဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအခြေပြု လူထုပညာပေး နည်းလမ်းဖြစ်ဖြစ်၊ ဘယ်လိုသဏ္ဍာန်တွေပဲသုံးသုံး အဓိကတော့ နိုင်ငံသားတွေအနေနဲ့ ခေတ်၊ စနစ်နဲ့ လျော်ညီတဲ့ နိုင်ငံသားတွေမှာ ရှိရမယ့် အရည်အချင်းတွေ၊ အတွေးအခေါ်တွေ၊ ပြုမူဆောင်ရွက်မှုတွေ၊ ကျွမ်းကျင်မှုတွေ ရှိလာဖို့ကသာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီနေရာမှာလဲ အရည်အသွေးပြည့်ဝတဲ့ နိုင်ငံသားကောင်းတယောက်ဖြစ်လာဖို့အတွက် ဘယ်အတိုင်းအတာအထိ နိုင်ငံရေးသုတနဲ့ civic knowledge တွေ လိုအပ်သလဲ ဆိုတာက မေးစရာ ဖြစ်လာပြန်ပါတယ်။
ပညာရှင်တချို့ကတော့ ဒီမိုကရေစီ နိုင်ငံသားကောင်းဖြစ်ဖို့အတွက် ဒီမိုကရေစီ အုပ်ချုပ်မှုစနစ် (democratic governance) ကို နားလည်ရမယ်၊ ပြည်သူ့ရေးရာ မူဝါဒတွေကို သေသေချာချာ သိနားလည်ရမယ်လို့ သတ်မှတ်ကြပါတယ်။ ပညာရှင်တချို့ကတော့ နိုင်ငံသားတွေဟာ ပြည်သူ့ရေးရာ မူဝါဒတွေကို အသေးစိတ်သိကျွမ်းနားလည်စရာ မလိုအပ်ပေမယ့် အခြေခံနားလည်မှုနဲ့ ဆန်းစစ်ဝေဖန် နိုင်မှုတော့ ရှိဖို့ လိုအပ်တယ်လို့ ယူဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတနိုင်ငံမှာ တည်ငြိမ်တဲ့ နိုင်ငံရေး အုပ်ချုပ်မှုစနစ်တခု ပေါ်ထွက်လာဖို့မှာ လူထုရဲ့ နိုင်ငံရေးအမြင်ဟာ အဓိကကျတာကြောင့် reasonable judgement ကို ပြုလုပ်နိုင်တဲ့ နိုင်ငံသားတွေ အများအပြား ပေါ်ထွက်လာဖို့ အရေးကြီးကြောင်း ပညာရှင် အများစုက လက်ခံထားကြပါတယ်။
နိုင်ငံရေး ပညာရှင်တဦးဖြစ်တဲ့ Samuel Popkin ကတော့ နိုင်ငံရေးအသိပညာဗဟုသုတ အားနည်းတဲ့ နိုင်ငံသားတွေဟာ ဒီမိုကရေစီမူဝါဒတွေရဲ့ အပေးအယူ debates တွေ၊ ပြည်သူ့ရေးရာ မူဝါဒအားနည်းချက်တွေကို သေသေချာချာ ခွဲခြား ဆန်းစစ်မှုတွေ မပြုလုပ်နိုင်ပဲ ဖြစ်စဉ်တွေ၊ အကြောင်းအရာတွေ၊ မူဝါဒတွေထက် လူပုဂ္ဂိုလ်ပေါ်မှာ မူတည်ပြီး ရွေးချယ်မှုတွေ လုပ်လေ့ရှိကြတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေးအသိပညာ သင်းကွပ်ခံထားရတဲ့ အာဏာရှင်စနစ် နိုင်ငံတွေနဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုပေါ် အခြေပြုတဲ့ ခေါင်းဆောင်ရွေးချယ်မှုတွေ၊ နိုင်ငံရေးအကြောင်းအရာထက် နိုင်ငံရေးဇာတ်ကောင်ကို အသားပေးမှုတွေ၊ မင်းလောင်းမျှော်မှုတွေ၊ တကိုယ်တော် ဟီးရိုးဝါဒကို ထောက်ခံအားပေးမှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာရှင်သန်ရေးအတွက် အတားအဆီး၊ အနှောင့်အယှက်တွေပါပဲ။
Civic Education, Political Education တွေ နဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအထိ နိုင်ငံသားတိုင်း သိထားသင့်သလဲ ဆိုတာကို အငြင်းပွားနေကြဆဲ ဖြစ်ပေမယ့် နိုင်ငံသားတွေဟာ မူဝါဒရေးရာတွေမှာ ကျွမ်းကျင်ပညာရှင်ဖြစ်စရာ မလိုဘူး ဆိုတာကိုတော့ လူအများက လက်ခံထားကြပါတယ်။ ဒါပေမယ့် နိုင်ငံရေးရာနဲ့ပတ်သက်ပြီး reasonable civic judgement ကို လုပ်နိုင်မယ့် အခြေခံ ဗဟုသုတနဲ့ အရည်အချင်းကိုတော့ နိုင်ငံသားတိုင်း ပိုင်ဆိုင်ထားသင့်တယ် ဆိုတာကိုလဲ လက်ခံလာကြပြီး၊ သင့်လျော်မယ့် civic education နဲ့ civics assessment စတာတွေကို နိုင်ငံတော်အစိုးရတွေက အကောင်အထည်ဖော်လာကြပါတယ်။
နိုင်ငံသားကောင်းဆိုတာ မွေးကတည်းက ဖြစ်လာတာမဟုတ်ပဲ လုပ်ယူရတာဖြစ်တယ် ဆိုတဲ့ အဆိုကို လက်ခံလာကြတာနဲ့အမျှ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင် လူငယ်တွေကို political socialization လုပ်ရာမှာ လိုအပ်မယ့် civic education ရဲ့ အခန်းကဏ္ဍကိုလဲ ထည့်သွင်းစဉ်းစားလာကြပါတယ်။ ဒီနေရာမှာ အခြေခံပညာရေးအဆင့်အတန်း မြင့်မားမှုဟာ လူတွေရဲ့ နိုင်ငံရေးဗဟုသုတ ရယူနိုင်မှုနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု သဏ္ဍာန်ကို အကျိုးသက်ရောက်မှု ရှိတာကြောင့် အခြေခံပညာရေး အဆင့်အတန်းမြင့်မားရေးကလဲ ကဏ္ဍတခုအနေနဲ့ ပါဝင်လာပါတော့တယ်။ ပညာရေး အင်စတီကျူးရှင်းတွေ မဟုတ်တဲ့ မိသားစု၊ လူမျိုးစု၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်း၊ နိုင်ငံရေးဖြစ်ရပ်တွေကနေ civic formation ပေါ်ကို သက်ရောက်မှုတွေကိုလဲ ထည့်သွင်း စဉ်းစားလာကြပါတယ်။ Mass Media တွေကတဆင့် လူငယ်တွေကို civic knowledge, political knowledge တွေ ဖြန့်ဖြူးပေးနိုင်မယ့် နည်းလမ်းတွေကိုလဲ တီထွင်အကောင်အထည် ဖော်လာကြပါတယ်။ စာသင်ခန်းတွေ၊ သင်တန်းတွေနဲ့ class-room based education ကို ပိုပြီးဦးစားပေးသင့်သလား၊ community-based experiences တွေကို ဦးစားပေး အကောင်အထည်ဖော်သင့်သလား ဆိုတာကိုတော့ ပညာရှင်တွေ၊ မူဝါဒချမှတ်သူတွေကြားမှာ အမြင်ကွဲလွဲမှုတွေ ရှိနေဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် civic education ကို စနစ်တကျအကောင်အထည်ဖော်နိုင်ပြီး civic knowledge တွေ လူငယ်တွေအကြား၊ နိုင်ငံသားတွေအကြားမှာ ပျံ့နှံ့သွားဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။
civic knowledge ၏ အရေးပါမှု
civic knowledge ရဲ့ အရေးပါပုံနဲ့ ပတ်သက်ပြီး နိုင်ငံရေးပညာရှင်တွေက သုတေသနပြု လေ့လာဆန်းစစ်ချက်တွေ လုပ်ခဲ့ကြပါတယ်။ လေ့လာဆန်းစစ်ချက်တွေအရ civic knowledge ရှိခြင်းအားဖြင့် နိုင်ငံသားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို သိမြင်လာကြပါတယ်။ နိုင်ငံသားအခွင့်အလမ်းတွေကို ပိုပြီး သိမြင်လာကြပါတယ်။ အခွင့်အလမ်းတွေကို သိမြင်လာတာနဲ့အမျှ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေအပေါ် သက်ရောက်မှုတွေကို တွေ့မြင်လာကြပါတယ်။ Delli နဲ့ Keeter တို့ရဲ့ လေ့လာဆန်းစစ်ချက်များအရ နိုင်ငံရေးဗဟုသုတဟာ ကိုယ်ပိုင်အကျိုးစီးပွားကို သိမြင်နားလည်ခွင့်ကို ပေးစွမ်းနိုင်ပါတယ်။ အဲဒီကနေတဆင့် ကိုယ်ပိုင်အကျိုးစီးပွားနဲ့ ပြည်သူ့ရေးရာကိစ္စရပ်တွေကို ဆက်စပ်ပေးပါတယ်။ ဒီလို ဆက်စပ်ပေးရာကနေတဆင့် နိုင်ငံရေးကို သိမြင်နားလည်တဲ့ ပြည်သူလူထုဟာ အစိုးရတရပ်ရဲ့ လုပ်ငန်းဆောင်တာတွေ၊ မူဝါဒတွေကို အကဲဖြတ်ဆန်းစစ်နိုင်လာပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲတွေမှာဆိုရင် ဘယ်လိုပါတီနဲ့ ဘယ်လိုအမတ်လောင်းဟာ သူတို့ရဲ့ အကျိုးစီးပွားကို အကောင်းဆုံးအကောင်အထည်ဖော်ပေးနိုင်မလဲ ဆိုတာကို တွက်ချက်ရွေးချယ်နိုင်လာပါတယ်။ ဒါကြောင့် civic knowledge ဟာ စနစ်တခု ထွန်းကားရေးကို ဖော်ဆောင်ပေးနိုင်ပါတယ်။
civic knowledge နဲ့ ပတ်သက်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ ပြည်သူ့ရေးရာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ နိုင်ငံရေးရာတွေမှာ အချိန်ကာလနဲ့ အညီ လိုက်လျောညီထွေရှိတဲ့ နိုင်ငံရေးအမြင်တွေ ရှိနေစေတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ နိုင်ငံရေးအတွေးအခေါ်၊ အသိပညာတွေကို လေ့လာတဲ့ ပညာရှင်တွေက နိုင်ငံရေးဗဟုသုတနဲ့ နိုင်ငံရေးအမြင် တည်ငြိမ်မှု အကြားမှာ သိသာထင်ရှားတဲ့ ဆက်နွယ်မှုတွေ ခိုင်ခိုင်မာမာရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။
civic knowledge နဲ့ ပတ်သက်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ နိုင်ငံသားတွေဟာ နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုအခြေအနေတွေကို သေသေချာချာ ခွဲခြားသိမြင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုကို မသိမြင်တဲ့ နိုင်ငံသားတယောက်ဟာ အချိန်အခါ၊ အခြေအနေနဲ့ အညီ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေထဲမှာ ဘယ်လို တုန့်ပြန်ဆောင်ရွက်ရမယ်ဆိုတာကို နားမလည်နိုင်ပါဘူး။ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုတွေနဲ့အတူ ထွက်ပေါ်လာတတ်တဲ့ အတွေးအခေါ် ရှုပ်ထွေးမှုတွေအကြားမှာ နဝေတိမ်တောင်နဲ့ မျက်စိလည်နေတတ်ပါတယ်။ အမှန်နဲ့အမှား၊ အနိုင်နဲ့အရှုံးတွေကို မခွဲခြားတတ်တော့ဘူး ဖြစ်နေတတ်ပါတယ်။ အားကစားပွဲတခုကို ကစားနည်း (rule of game) နားမလည်ပဲ ဘေးကနေ ထိုင်ကြည့်နေရသလိုပါပဲ။ ဥပမာ- ဘောလုံးကစားနည်းကို နားမလည်ပဲ ဘောလုံးပွဲထိုင်ကြည့်တဲ့အခါ အနီဝတ်ထဲ ဘောလုံးရောက်လိုက်၊ အဖြူဝတ်ထဲ ဘောလုံးရောက်လိုက် ဖြစ်နေတာတွေ လိုက်ကြည့်ရင်း အနီဝတ်က ကန်တဲ့ ဂိုးလဲ အားပေး၊ အဖြူဝတ်က ကန်တဲ့ ဂိုးလဲ လက်ခုပ်ထတီးနဲ့ ဘောလုံးဆိုတာ ဂိုးတိုင်ထဲ ရောက်သွားရင် ပြီးတာပဲဆိုတာမျိုးတွေ ဖြစ်နေတတ်တာပါ။
civic knowledge မရှိသူတွေဟာ နိုင်ငံရေးခေါင်းဆောင်ရွေးချယ်တဲ့အခါမှာ အများပြည်သူအကျိုးစီးပွား၊ ကိုယ်ပိုင်အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မယ့် မူဝါဒရေးရာ ချမှတ်ပေးနိုင်မှုနဲ့ ရွေးချယ်ဆုံးဖြတ်နိုင်မှု မရှိပဲ လူတွေရဲ့ ရုပ်လက္ခဏာ၊ လူအများကြား ရေပန်းစားမှု အစရှိတဲ့ ဥပဒေပြုရေး၊ မူဝါဒရေးဆွဲချမှတ် အကောင်အထည်ဖော်ရေး အရည်အချင်းတွေနဲ့ မဆိုင်တဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားလေ့ရှိ ကြကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အာရှ၊ အာဖရိက နိုင်ငံတွေက ပြည်သူလူထုတွေဟာ နိုင်ငံရေးအသိပညာ ဗဟုသုတတွေ အားနည်းတာကြောင့် တိုင်းပြည်ကို အမှန်တကယ် အကျိုးပြုနိုင်မယ့် နိုင်ငံရေးသမားတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှုမှာ အားပျော့ပြီး ဒီမိုကရေစီ နောက်ပြန်ဆွဲမှုပြဿနာတွေ၊ စစ်အာဏာသိမ်းမှု ပြဿနာတွေ၊ ဒီမိုကရေစီ ရှင်သန်ထွန်းကားရေး နှောင့်နှေးမှု ပြဿနာတွေကို ရင်ဆိုင်ကြရတာဖြစ်ကြောင့် လေ့လာသုံးသပ်သူတွေက ဆိုခဲ့ကြပါတယ်။
civic knowledge နဲ့ ပတ်သက်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ နိုင်ငံသားတွေဟာ ပြည်သူ့ရေးရာ ကိစ္စရပ်တွေမှာ တက်တက်ကြွကြွ စိတ်ဝင်စားလာပြီး နိုင်ငံတော်ရဲ့ ချမှတ်ထားတဲ့ vision နဲ့ objectives တွေကို ပူးပေါင်းပါဝင် အကောင်အထည်ဖော်လာကြတာဖြစ်ပါတယ်။ နိုင်ငံတော်အုပ်ချုပ်သူတွေနဲ့ နိုင်ငံသားတွေအကြားမှာ အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုတွေ တိုးပွားလာတာ ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်သူအကြားမှာ ညီညွတ်မှု ရှိလာစေပြီး၊ ပြည်သူလူထုရဲ့ အစိုးရလုပ်ငန်းဆောင်တာတွေအပေါ် လျစ်လျူရှုမှုတွေ လျော့နည်းလာစေနိုင်ပါတယ်။ လျစ်လျူရှုမှုဟာ ကြောက်ရွံ့စိုးထိတ်မှုရဲ့ ဖခင်ဖြစ်ပြီး၊ အသိဥာဏ်ဗဟုသုတဟာ ယုံကြည်မှုရဲ့ မိခင်ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုထားခဲ့ကြပါတယ်။ အထူးသဖြင့် political debates တွေ ပြင်းထန်နေတဲ့အချိန်တွေ၊ တော်လှန်ရေးကာလတွေမှာ နိုင်ငံရေး ဗဟုသုတ အားနည်းသူတွေဟာ political issues တွေရဲ့ အမှားနဲ့ အမှန်ကိစ္စတွေကို ခွဲခြားသုံးသပ်မှု မပြုလုပ်နိုင်တော့ပဲ ဘက်နှစ်ဘက်က characters တွေရဲ့ အားနည်းချက်တွေကိုပဲ ကြည့်လာတတ်ကြပါတယ်။ အဲဒီကနေတဆင့် `ဘယ်သူမှ အဖြူထည်မဟုတ်ပါဘူး။ ဖြူစင်တဲ့ သူရဲကောင်း (white knights) တွေ ဆိုတာ မရှိပါဘူး ဆိုတဲ့ အမြင်တွေ ၀င်လာပြီး plague on both your houses ဆိုတဲ့ ရပ်တည်ချက်တွေကို ကိုင်စွဲလာတတ်ကြပါတယ်။ နိုင်ငံရေးနားလည်သူတွေအတွက်က နိုင်ငံရေး တိုက်ပွဲတွေ၊ debates တွေကို ကြက်တောင်ကစားပွဲလို မြင်ပေမယ့် နားမလည်သူတွေအတွက်ကတော့ ဒါဟာ မုန့်လုပွဲပါပဲ။ ဒါကြောင့် civic knowledge တွေ လူထုအကြားမှာ ပျံ့နှံ့လာဖို့က အလွန်အရေးကြီးပါတယ်။
civic knowledge ရဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ လွတ်လပ်စွာ ကွဲပြားခြင်းကို နားလည်လက်ခံလာစေမှုပဲ ဖြစ်ပါတယ်။ နိုင်ငံသားအခွင့်အလမ်းနဲ့ နိုင်ငံသားလွတ်လပ်ခွင့်ကို နားလည်သူတွေဟာ ကွဲပြားခြားနားတဲ့ လူမျိုးစုတွေအကြား အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှုကို တည်ဆောက်နိုင်ပါတယ်။ နိုင်ငံသားအခွင့်အလမ်းနဲ့ လူမျိုးရေးအခွင့်အလမ်းတွေကို ကွဲကွဲပြားပြား သိမြင်နားလည်ပြီး အငြင်းပွားမှုတွေကို ကွင်းကွင်းကွက်ကွက် ဖြေရှင်းနိုင်ပါတယ်။ နိုင်ငံသားအားလုံးရဲ့ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာတာနဲ့အမျှ အသိပညာနဲ့ နားလည်နိုင်စွမ်း တိုးမြင့်လာမှုတွေဟာ social centrality အဆင့်အတန်းတွေအတွက် နေရာလုမှုတွေကနေ ထွက်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ကျော်လွှားပေးစေနိုင်ပါတယ်။ civic knowledge ဟာ နိုင်ငံရေးဖြစ်စဉ်တွေကို သေသေချာချာ သိမြင်နားလည်ပြီး rational manner နဲ့ ပြုမူဆောင်ရွက်တတ်လာအောင် တွန်းအားပေးပါတယ်။ ဒါကြောင့် civic knowledge ဟာ နိုင်ငံတနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေးအမြင်၊ အတွေးအခေါ်၊ အယူအဆ၊ ပြုမူဆောင်ရွက်မှုတွေကို အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာ ထင်ရှားလှပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် civic education ဆိုတာ တိုင်းပြည်တခုရဲ့ လူအဖွဲ့အစည်း အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံရေး တည်ငြိမ်မှုရှိရေး၊ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် မရှိမဖြစ် လိုအပ်ချက် တခုပဲ ဖြစ်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံ အပါအ၀င် အာဏာရှင်စနစ် ထွန်းကားတဲ့ နိုင်ငံတွေနဲ့ ဒီမိုကရေစီ စနစ်အသွင်ကူးပြောင်းဆဲ နိုင်ငံအများစုတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးနေစေတဲ့ အကြောင်းရင်းတွေထဲမှာ နိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိပညာနဲ့ အတွေးအမြင် အားနည်းမှုတွေကလဲ အကြောင်းရင်းတခုအနေနဲ့ ပါဝင်ပါတယ်။ နိုင်ငံသားတယောက်ဟာ ကိုယ်ပိုင်အကျိုးစီးပွားအတွက် မိမိတို့ရဲ့ ရပိုင်ခွင့် အခွင့်အလမ်းတွေနဲ့ တိုင်းပြည်တခုလုံးရဲ့ အမျိုးသားအကျိုးစီးပွားကို သိမြင်ခြင်း မရှိတဲ့အခါ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ အမျိုးသားအကျိုးစီးပွားအကြားက ချိန်ခွင်လျှာကိုလဲ ဘယ်လိုမှ ထိန်းညှိနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ လူတဦးချင်းရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ ဆုံးရှုံးခြင်း ဖြစ်စေသလို နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ကိုပါ ဆုတ်ယုတ်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံအများစုမှာ သက်ဆိုင်ရာအစိုးရတွေက ဦးဆောင်ပြီး civic education ဆိုင်ရာ မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်နေကြပါတယ်။ အစိုးရတွေက အကောင်အထည်ဖော်ခြင်း မရှိတဲ့ နိုင်ငံတွေမှာလဲ ပြည်သူမှ ပြည်သူသို့ အသိပညာပြန်လည်ဖြန့်ဖြူးပေးခြင်း နည်းလမ်းကို အသုံးပြုပြီး သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေအတွင်းမှာ လူထုပညာပေးခြင်းတွေ ပြုလုပ်နေကြပါကြောင်း တင်ပြလိုက်ရပါတယ်။
(မြန်မာ့လူ့အဖွဲ့အစည်းအတွင်း civic knowledge များ ထွန်းကားလာစေရန် ရည်သန်လျက်)
ခင်မမမျိုး (၃၊ ၆၊ ၂၀၁၀)
ရည်ညွှန်းကိုးကား။ ။
Campbell, D. E. (2000) Making Democratic Education Work: Schools, Social Capital and Civic Education, Program on Education and Policy, Harvard University
Elkin, S.K., Soltan K.E., eds (1999) Citizen Competence and Democratic Institutions, University Park, The Pennsylvania University
Hildreth R.W. (2000) Theorizing Citizenship and Evaluating Public Achievement, Political Science and Politics, 33, pp.627-632
Popkin S.L, Dimock M.A. (2000) 'Knowledge, Trust and International Attitudes' in Lupia, A,; McCubbins, M; Poplin S.L (eds) In Elements of Reason: Understanding and expanding the Limits of Political Rationality, Cambridge University Press
Zaller J. R. (1992) The Nature and Origins of Mass Opinion, Cambridge University Press
Basic Political Science Part (2)
နိုင်ငံရေးသီအိုရီ (Political Theories)
1)နိုင်ငံတော်
2)အစိုးရစနစ်
3)မူဝါဒများ
4)အုပ်ချုပ်ရေးစနစ်
5)တရားစီရင်ရေးစနစ်
6)ဥပဒေပြုရေး
7)လူမျိုးရေးပြဿနာများ
8)ဘာသာရေးဆိုင်ရာပြဿနာများ
9)လွတ်လပ်ခွင့်ဆိုင်ရာပြဿနာများ
10)မြေယာပစ္စည်းပိုင်ဆိုင်မှုပြဿနာများ
11)လူသားများရရှိသင့်သော အခွင့်အရေးဆိုင်ရာပြဿနာများ
12)တရားဝင်မှတ်ပုံတင်ခွင်နှင့် အသင်းအဖွဲ့များဆိုင်ရာပြဿနာများ
13)တောင်သူလယ်သမားအရေးဆိုင်ရာပြဿနာများ
14)အလုပ်သမားဆိုင်ရာပြဿနာများ
စသည့်အချက်များ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ်နေဆဲအခြေအနေများ၊ ဖြစ်ပေါ်လတ္တံခန့်မှန်း အခြေအနေများအပေါ် အခြေခံ၍ ဤကမ္ဘာ၌ နိုင်ငံရေးအယူအဆများကို ရှေးခေတ်ပုဂ္ဂိုလ်ကြီးများက အမျိုးမျိုးသောနည်းလမ်းများ၊ စနစ်များအဖြစ်ဖေါ်ထုတ်ခဲ့ကြပါ၏။ ဤကဲ့သို့နိုင်ငံရေးအယူအဆများအား ဖေါ်ထုတ်ခဲ့ရာ၌ ရှေးခေတ် ဘီစီ-၅၀၀ခန့်မှ စတင်ခဲ့ကြပြီး ယနေ့ထက်တိုင် ထင်းရှားပါ၏။
လိုအပ်ပါကထပ်မံဖြည့်စွတ်ပေးရန်
ရှေးခေတ်နိုင်ငံရေး အယူအဆများနှင့် မျက်မှောက်ကျင့်သုံးနေသော နိုင်ငံရေးအယူအဆများ
ပဒေသရာဇ်(ဘုရင်အုပ်ချုပ်သောစနစ်) (Monarchy)
မင်းဆိုးမင်းညစ်စနစ် (Tyranny)
ကွန်ဖြူးရှပ် (China, Confucius)
ဆိုခရေးတီးစ် (Realism, Naturalism, Greek)
အရစ္စတိုကရေစီ(အထက်တန်းလွှာ၊ မျိုးရိုးကြီးအုပ်ချုပ်မှု) (Rule by the Best)
ပလေတိုကရေစီ (Greek, Rule by the Wealth)
လူတစုကမိမိတို့အကျိုးစီးပွါးအတွက် အုပ်ချုပ်ခြင်း (Oligarchy)
တောက်ဝါဒ (China, Taoism)
ဒီမိုကရေစီ(ပြည်သူလူထုမှအုပ်ချုပ်သောစနစ်) (Democracy)
အရင်းရှင်ဝါဒ (Capitalism, Europe)
ကိုလိုနီဝါဒ (Colonism, Europe)
http://humanresourceprogram.blogspot.com/2009/07/political-theories-1-2-3-4-5-6-7-8-9-10.html
0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၁)
စနေနေ့၊ ဩဂုတ်လ ၁၊ ၂၀၀၉
Political Science Research Worksheet
How to Interpret a Political Science
Researcher
Mg Si Thu
Date: September 1st, 2007
Discussion – "Strong Leadership for Burma's Future"
ရည်ညွန်းချက် ....... လူငယ်မျိုးဆက်သစ်များ
အထူးတင်ပြချက် ......... အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန်
အထူးသတိပြုရမည့်အချက်များ ......... အနာဂတ်နိုင်ငံတော်၊ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စွမ်းအင်၊ စီးပွါးရေးစနစ်၊ လူမှုရေးစနစ်၊
အခြေခံ နိုင်ငံသိပ္ပံ မိတ်ဆက်
Introduction of Basic Political Science
The International Studies
နိုင်ငံတကာလေ့လာရေး
အခြေခံနိုင်ငံရေးသိပ္ပံဆိုသည်မှာ နိုင်ငံရေးများမည်သို့ဖြစ်ပေါ်လာပုံ၊ မည်သို့ဖွဲ့စည်းထားပုံ၊ နိုင်ငံသားတို့၏ တာဝန် ၀တ္တရားနှင့် အခွင့်အရေးများ၊ လည်းကောင်းတို့၏အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဟူသော မဏ္ဍိုင်ကြီးသုံးရပ်နှင့် နိုင်ငံတကာဆက်ဆံ ရေးမူဝါဒများအပေါ် ကျယ်ပြန့်စွာလေ့လာသော ပညာရပ်ဖြစ်သည်။
နိုင်ငံရေးပညာရပ်ဟုဆိုသော်လည်း ဖေါ်ပြမည်အကြောင်းအရာများသည် အရင်းရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စသည်ဖြစ်ဝါဒရေးရာဆိုင်ရာများမဟုတ်ပေ။
မည်သည့်ဝါဒ၊ မည်သည့်သဘောတရား၊ မည်သည့်စနစ်များကို လက်ခံကျင့်သုံးသည့်နိုင်ငံဖြစ်စေ နိုင်ငံတိုင်း ၌ရှိရမည့် ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်းရေးဟူသော သက်ဆိုင်ရာ နိုင်ငံအစိုးရအပါအ၀င် တိကျစွာလိုက်နာရန်၊ ပြုလုပ်ရန်နှင့် အဓိကတာဝန် ကြီးလည်းဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး သုံးခုအားဗဟိုပြု၍ အစိုးရ အုပ်ချုပ်ရေး ယန္တရား ဆိုင်ရာများကို လေ့လာသောအကြောင်းအရာများသာဖြစ်သည်။
ဤစာပေများသည် ကမ္ဘာပေါ်ရှိနိုင်ငံများ၏ နိုင်ငံရေးအခြေအနေတို့အား၎င်း၊ နိုင်ငံအုပ်ချုပ်ရေးစနစ်များ၏ မူလ အစောပိုင်း ကာလ၊ နိုင်ငံရေးဆိုင်ရာမူလအစောပိုင်းကာလများမှ ကမ္ဘာကျော်ပညာရှင်များ၏ အတွေးအခေါ် အယူအဆ များဖြင့် ပြန်လည်ဆန်းစစ် သုတေသနပြုခြင်းနှင့် အနာဂတ်အလားအလာများအတွက် စဉ်းစားတွေးခေါ်နိုင်ရန် အခြေခံ တစ်ခုအဖြစ်သာရည်ရွယ်ပါသည်။
Political
နိုင်ငံရေးဆိုသည်မှာ အဘယ်နည်း။
နိုင်ငံရေးဆိုသည်မှာ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအတွင်း၌၎င်း၊ မိမိတို့နေထိုင်ရာ ဤကမ္ဘာ မြေကြီး အတွင်း၌သော်၎င်း နေ့တဓူဝတွေ့ကြုံဖြတ်သန်းနေရသော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး အစ ရှိသော အရေး အရာကိစ္စများအတွက် မိမိတို့ဘ၀တလျှောက် ရုန်းကန်းလှုပ်ရှားရသောဖြစ်စဉ်သာဖြစ်၏။
ဤလောက၌ လူရယ်လို့ဖြစ်လာသောအခါ နေမှု၊ ထိုင်မှု၊ စားသောက်မှုဆိုသောကိစ္စတို့သည် မလွဲမသွေ လှုပ်ရှား ရုန်းကန်ကြ ရမှာဖြစ်ပါ၏။ ဤသည်မှာ သဘာဝပင်ဖြစ်ပါ၏။
လူသားတွေသည် မွေးဖွါးကြီးပြင်းလာပြီးနောက် သေဆုံးသောအချိန်ထိ မိမိတို့ဘ၀ကို ရုန်းကန်လှုပ်ရှား သွားရ တာချည်းပင်ဖြစ်ပါ၏။ သက်သက်သာသာရုန်းကန်ရခြင်းနှင့်ဆင်းရဲပင်ပမ်းစွာ ရုန်းကန်ရခြင်း၌ သာကွာခြား သော်ငြား လည်း အားလုံးသော လူသား တွေသည် အသက်ရှင်နေထိုင်ရစဉ်ကာလတလျှောက်လုံး၌ ဘ၀ကို အမျိုးမျိုးသော အခက် အခဲများအကြား ရုန်းကန်ဖြတ် သန်း ကြရမည်သာဖြစ်ပါ၏။
ဤသည်ကိုပင် လူတယောက်၏နိုင်ငံရေးဖြစ်စဉ်ဟုဆိုပါ၏။ ဤကမ္ဘာလောက၌ လူတဦးတယောက်တည်းသာ အသက်ရှင် ရုန်းကန်ရသည်မဟုတ်ပေ။ ဤကမ္ဘာမြေ၌ လူသားသန်းပေါင်းများစွာတို့သည် တပြိုင်နက်တည်းဘ၀ကို ရုန်းကန်ဖြတ်သန်းနေရသောကြောင့် လူသားသန်းပေါင်းများစွာပါဝင်လှုပ်ရှားနေသောနိုင်ငံရေးဖြစ်စဉ်ကြီးသည် မိမိတို့၏ မိသားစု၊ မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏ ဒေသ၊ မိမိတို့၏နိုင်ငံ ထိုမှတဆင့် ကမ္ဘာနှင့်အ၀န်းဆီသို့ ဆင့်ကဲဆင့်ကဲ ပေါင်းကူး ဆက်စပ်လျှက် ဤကမ္ဘာကြီးနှင့်ဤလူသားတွေ တည်ရှိ နေသ၍ တနည်းအားဖြင့် လူတို့၏စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွါးရေး စသည့်လူမှုစီးပွါးအရေးအရာကိစ္စများ တည်ရှိနေသ၍ ဤနိုင်ငံရေးဖြစ်စဉ်ကြီးသည် အစဉ်အမြဲဖြစ်ပေါ်နေ မည်သာဖြစ်ပါ၏။
မြန်မာ့လူ့အဖွဲ့အစည်း၌ နိုင်ငံရေးဟုဆိုလိုက်သည်နှင့် အစိုးရအုပ်ချုပ်ရေး၊ ပါတီအဖွဲ့အစည်း၊ အစိုးရ ဆန့်ကျင် ခြင်း၊ အစိုးရထောက်ခံခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွါးခြင်း စသဖြင့် လူအများစုသည် လျှင်မြန်စွာဖြင့်အလွယ်တကူ နားလည်တတ်ကြပါ၏။ အမှန်အားဖြင့် "နိုင်ငံရေး" ဟူသော အနက်အဓိပ္ပါယ်အားသည်ထက်ပို၍ သဘောပေါက် နားလည် ထားသင့်ပါ၏။ အဘယ့်ကြောင့်ဆိုသော် မိမိဘ၀နှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့်ပင်ဖြစ်ပါ၏။
ဥပမာအားဖြင့် အိမ်ထောင်စုတစုအတွင်း၌ စားဝတ်နေရေး၊ မိသားစုအတွင်းကျန်းမာရေး စသည်လို အပ်ချက် များအား နေ့တဓူဝတွေ့ကြုံဖြည့်စည်းနေရမည်သာဖြစ်၏။ ဤသို့ဖြည့်စွမ်းပေးနိုင်ရန်အတွက် လုပ်အား၊ ငွေကြေး၊ ၀န်ဆောင်မှုတွေသည် ထပ်မံ လိုအပ်လာမည်ဖြစ်ပါ၏။
ထိုလိုအပ်ချက်အားလုံးသည် မိမိတို့မိသားစုအ၀န်းအ၀ိုင်း၏ ပတ်ဝန်းကျင်နယ်ပယ် အပြင်ဘက်သို့ရောက်ရှိ သွားးမည်ဖြစ်ပြီး အခြားအခြားသော မိသားစုတို့၏ပတ်ဝန်းကျင်နယ်ပယ်နှင့်ပေါင်းကူးဆက်စပ်သွာမည်ဖြစ်ပါ၏။
ထိုအခါ စား၊ ၀တ်၊ နေရေး၊ ကျန်းမားရေး၊ ငွေကြေး၊ လုပ်အားနှင့် ၀န်ဆောင်မှု စသည့်တို့၏ လိုအပ်ချက်တွေသည် ပိုမိုနက် ရှိုင်းကြီးမား လာမည်သာဖြစ်ပြီး ထိုမှတဆင့် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု စသဖြင့် ပိုမိုကျယ်ပြန့်သွားပြီး နောက်ဆုံး ကမ္ဘာနှင်အ၀န်းဆီသို့ ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ခဲလုံးတစ်လုံးကျသွား သည့်အခါ၌ ဖြစ်ပေါ်လာသော လှိုင်းဂယက် ပမာ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံနှံ ရိုက်ခတ်သွားပြီး အပြန်အလှန် ပေါင်းကူး ဆက်စပ်သွားမည်ဖြစ်၏။
တနည်းအားဖြစ် နိုင်ငံရေးဖြစ်စဉ်ဆိုသည်မှာ လူတစ်ယောက်၊ မိသားစုတစ်စုဆီမှ လူသန်းပေါင်းများစွာ၊ အိမ်ထောင်စု သန်းပေါင်းများစွာတို့၏ စားဝတ်နေမှုကိစ္စရပ်များ၊ ထိုမှတဆင့် ဆက်စပ်ဖြစ်ပေါ်လာသော ပြဿနာများအား အနည်းစုမှအများစုအထိ ဆက်စပ်ဖြေရှင်းရသောဖြစ်စဉ်သာဖြစ်၏၊
တနည်းအားဖြင့် ပြဿနာများအား ဖြေရှင်းပေးသော နည်းစနစ်များအား ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ငြင်းခုန်ခြင်း၊ ပြိုကွဲခြင်း၊ တိုက်ခိုက်ခြင်း၊ စသည့်အကျိုးဆက်များအား မိမိတို့ပြုလုပ်လိုသော အကြောင်းတရားအပေါ်မှီ၍ အကျိုးဆက် ဟူသည် ဖြစ်ပေါ် စေမည်သာဖြစ်ပါ၏။
ထို့ကြောင့် နိုင်ငံရေးဟူသောစကားလုံးနှင့်အတူ ဤကမ္ဘာမြေ၌ ငြိမ်းချမ်းရေးဟူသောစကားရပ်သည် လွန်ခဲ့သော နှစ်ပေါင်း (၂၅၇၀)ခန့်ကတည်းက ပေါ်ထွက်လာခဲ့ပါ၏။ ထိုမှစ၍ လူတို့၏စားဝတ်နေရေး ကျန်းမာရေး၊ စီးပွါးရေး စသည့်ပြဿနာရပ်များအား ဖြေရှင်းရာ၌ ငြိမ်းချမ်းစွာဖြေရှင်းရေးဟူသောဖြစ်စဉ်သည် ပြဿနာရပ်များအပေါ် ချဉ်းကပ် ဖြေရှင်းရာ၌ ယနေ့ထက်တိုင် ပထမနေရာမှစ၍ စဉ်းစားဆုံးဖြတ်သောအစဉ်အလာတရပ် ပေါ်ထွန်းလာ ခဲ့ခြင်းသာဖြစ်ပါ၏။
နိုင်ငံရေးဟူသည် မိမိတို့၏အရေးကိစ္စသာဖြစ်၏၊ နိုင်ငံရေးအားစဉ်းစားရာ၌ မိမိတို့၏ဖြစ်စဉ်နှင့်တိုက်ရိုက် ချဉ်းကပ် စဉ်းစား ရန်လိုပါ၏။ ဝေဖန်ဆန်းစစ်ရန်လိုပါ၏။ တွေးခေါ်မြော်မြင်၍ အဖြေရှာရန်လို၏။ သို့မဟုတ်ပါက မိမိသည် လူသား တယောက် ၌ရှိသော လောကတာဝန်ဝတ္တရားအပေါ် တာဝန်ကျေပြွန်လိမ့်မည်မဟုတ်ပေ။
"လူ"ဟူသည် လူသားတာဝန် ကျေပြွန်ရန်လိုအပ်ပါ၏၊ ဤလောက၌ မိမိ၏ကာယအား၊ ဉာဏအားတွေဖြင့် ဤကမ္ဘာ လောကအကျိုး၊ ဤလူသားတွေအကျိုးစီးပွါးကိုဆောင်ရွက်သည့်နေရာ၌ တစ်တပ်တစ်အားပါဝင်သင့်ပေ၏။ ဤသို့ တစ်တပ် တစ်အား ပါဝင်ရာ၌လည်း မိမိအကျိုးစီးပွါး တစ်ခုတည်းကိုကြည့်၍ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိ အကျိုးစီးပွါးထက် အများအကျိုး စီးပွါးကို ရှေ့ရှုသော ကာယအား ဉာဏအားမျိုးသာ ဖြစ်သင့်ပါ၏။ သို့မှသာ မိမိ၊ မိမိတို့၏မိသားစု၊ မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ၊ မိမိတို့၏ ဤကမ္ဘာ၌ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်ကြီးဖြစ်ပေါ်နေမည်ဖြစ်ပါ၏။
ဤသို့အားဖြင့် နိုင်ငံရေးဟူသည် မိမိတို့ရှင်သန်နေထိုင်ရာ ဤကမ္ဘာကြီး၌ လူသားအားလုံးတို့သည် မိမိတို့ အသက်ရှင်နေသ၍ ကာလပတ်လုံး နေ့တဓူဝရင်ဆိုင်ကြုံတွေ့နေရသော စားဝတ်နေရေးတည်းအတွက်ဟူသော ရုန်းကန် လှုပ်ရှားနေရသည့်ဖြစ်စဉ် တနည်းအားဖြင့် ဒုက္ခသစ္စာ (အမြဲတမ်းမှန်ကန်စွာ မဖေါက်မပြန်ဖြစ် ပေါ်နေသော ဆင်းရဲခြင်း အမှန်တရား) ပင်ဖြစ်ပါ၏။
နိုင်ငံရေးသီအိုရီ
Political Theories
နိုင်ငံရေးနှင့်ပတ်သက်သော အတွေးအခေါ်အယူအဆများသည် အခြေခံအားဖြင့် လူ တို့၏စားဝတ်နေမှု၊ ကျန်းမာရေး၊ စီးပွါးရေး၊ ပညာရေး စသဖြင့် နေ့တဓူဝတွေ့ကြုံဖြတ်သန်းနေရသော အခြေအနေများဖြစ်၏၊ ထိုမှတဖန် ပိုမိုကျယ်ပြန့်လာ မိသားစုအခြေအနေမှ၊ မိမိပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့တိုင်းနိုင်ငံမှ တဆင့်ကမ္ဘာနှင့် အ၀န်း ကျယ်ပြန်စွာ ဆက်စပ်လျှက်ရှိနေသောအခြေအနေများထိ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသော ကာလသုံးပါး အပေါ် ဗဟိုပြု၍ ချဲ့ထွင်စဉ်းစားခဲ့ကြပါ၏။
ထို့ကြောင့်ပင် နိုင်ငံရေးအတွေးအခေါ်များသည် အခြေခံအားဖြင့် အောက်ပါအချက်အလက် အခြေအနေများ အပေါ် အခြေခံကျကျမှုတည်၍ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်အယူအဆများကို ထုတ်ဖေါ်တင်ပြလာခဲ့ခြင်းဖြစ်၏။
1.နိုင်ငံတော်
2.အစိုးရစနစ်
3.မူဝါဒများ
4.အုပ်ချုပ်ရေးစနစ်
5.တရားစီရင်ရေးစနစ်
6.ဥပဒေပြုရေး
7.လူမျိုးရေးပြဿနာများ
8.ဘာသာရေးဆိုင်ရာပြဿနာများ
9.လွတ်လပ်ခွင့်ဆိုင်ရာပြဿနာများ
10.မြေယာပစ္စည်းပိုင်ဆိုင်မှုပြဿနာများ
11.လူသားများရရှိသင့်သော အခွင့်အရေးဆိုင်ရာပြဿနာများ
12.တရားဝင်မှတ်ပုံတင်ခွင်နှင့် အသင်းအဖွဲ့များဆိုင်ရာပြဿနာများ
13.တောင်သူလယ်သမားအရေးဆိုင်ရာပြဿနာများ
14.အလုပ်သမားဆိုင်ရာပြဿနာများ
စသည့်အချက်များ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ်နေဆဲအခြေအနေများ၊ ဖြစ်ပေါ်လတ္တံခန့်မှန်း အခြေအနေ များအပေါ် အခြေခံ၍ ဤကမ္ဘာ၌ နိုင်ငံရေးအယူအဆများကို ရှေးခေတ်ပုဂ္ဂိုလ်ကြီးများက အမျိုးမျိုးသောနည်းလမ်းများ၊ စနစ်များအဖြစ် ဖေါ်ထုတ် ခဲ့ကြပါ၏။ ဤကဲ့သို့နိုင်ငံရေးအယူအဆများအား ဖေါ်ထုတ်ခဲ့ရာ၌ ရှေးခေတ် (ဘီစီ-၅၀၀ ) ခန့်မှစတင်ခဲ့ကြပြီး ယနေ့ထက်တိုင် ထင်းရှားပါ၏။
ရှေးခေတ်နိုင်ငံရေး အယူအဆများနှင့် မျက်မှောက်ကျင့်သုံးနေသော နိုင်ငံရေးအယူအဆများ
ပဒေသရာဇ်(ဘုရင်အုပ်ချုပ်သောစနစ်) (Monarchy)
မင်းဆိုးမင်းညစ်စနစ် (Tyranny)
ကွန်ဖြူးရှပ် (China, Confucius)
ဆိုခရေးတီးစ် (Realism, Naturalism, Greek)
အရစ္စတိုကရေစီ(အထက်တန်းလွှာ၊ မျိုးရိုးကြီးအုပ်ချုပ်မှု) (Rule by the Best)
ပလေတိုကရေစီ (Greek, Rule by the Wealth)
လူတစုကမိမိတို့အကျိုးစီးပွါးအတွက် အုပ်ချုပ်ခြင်း (Oligarchy)
တောက်ဝါဒ (China, Taoism)
ဒီမိုကရေစီ(ပြည်သူလူထုမှအုပ်ချုပ်သောစနစ်) (Democracy)
အရင်းရှင်ဝါဒ (Capitalism)
ကိုလိုနီဝါဒ (Colonism)
ကွန်မြူနစ်ဝါဒ (Communist) (Karl Marx)
xxxဆရာကျော်ဝင်းရေးခြင်း၊ မရေးခြင်းကို အငြင်းပွါးနေပြီး ကျော်လင်းဦးဘာသာပြန်သည့် စာတမ်းအပေါ် ဝေဖန်သုံးသပ် လိုက်ပါကြောင်း။xxx
By abma | June 1, 2009
ဦးဖိုးသာအောင်
စာရေးဆရာ..ဘာသာပြန်ဆရာကျော်ဝင်း၏အာဘော် ဟုတ်မဟုတ် အငြင်းပွါးနေသဖြင့်..ပို၍ထင်ရှားလာသောနိုင်ငံရေး ဝေဖန်စာတမ်း ဖြစ်နေပါသည်။ ၎င်းစာတမ်းသည် ဦးကျော်ဝင်း၏ အာဘော်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရေးမကြီးပါ၊ စာတမ်းပါ အကြောင်း အရာများကိုသာ သုံးသပ်တင်ပြခြင်းဖြစ်ပါသည်။ စာတမ်းမှာ…………………
က။ လက်ရှိအခြေအနေ
(1) ဒီချုပ်သည် နိုင်ငံရေးသေနေသည်။ ရေရှည်မှာ တရားဝင်ရပ်တည်ဖို့ ဆိုရင် စစ်အစိုးရရဲ့  ရွေးကောက်ပွဲ ဝင်ရုံမှတပါး အခြားမရှိပါဟုဆိုသည်။ ဒီစကားသည် နိုင်ငံရေးပါတီကြီးတခုအဖို့  တိမ်ရာကျပါသည်။ ဒီချုပ်အဖို့ နိုင်ငံရေးအားဖြင့် မလှုပ်နှိုင်ဖြစ်တာကြာပါပြီ။ သို့သော် စစ်အစိုးရ၏ ဆုံးဖြတ်ချက်အရ တရားဝင်ပါတီတခုအဖြစ် ဆက်လက်တည်ရှိနေရေး ဆိုသည်ကို အဓိကထားပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို ဆုံးဖြတ်ကြမည်မထင်ပါ၊ ဒီချုပ်သည် လက်ရှိနိုင်ငံရေး အခင်းအကျင်းကိုကြည့်ပြီး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကိုသာ ဆုံးဖြတ်ကြမည်ဖြစ်ပါသည်။ ဖြစ်လာသမျှကို ရင်ဆိုင်ရန်လည်း ပြင်ဆင်ပြီးသား ဖြစ်ပါလိမ့်မည်။ ဒီချုပ်သည် လူထု၏ မျက်နှာကို ကြည့်ပြီးဆုံးဖြတ်မှု မှန်သမျှကို ကြိုဆိုရမည်သာဖြစ်ပါသည်။
(2) ၂၀၁၀ ရွေးကောက်ပွဲ တရားဝင်မှုသည် ဒီချုပ်က ဝင်ခြင်း၊ မဝင်ခြင်း ပေါ်မှာမူတည်နေလို့  စစ်အုပ်စုအတွက် အကျပ်အတည်းနဲ့  ရင်ဆိုင်နေရတယ်။ သို့ သော် အကောင်အထည်ဖေါ်သွားမယ်။ ဘာကြောင့်လဲဆိုရင် ကျင့်ဝတ်သိက္ခါပိုင်းထက် မဟာဗျူဟာက ပိုပြီးအခရာကျလို့ ပါဟု ဆိုပါတယ်။၂၀၁၀ ရွေးကောက်ပွဲ တရားဝင်မှုသည် ဒီချုပ်က ဝင်၊ မဝင် ပေါ်မှာမူတည်နေလို့  စစ်အုပ်စုသည် အကျပ်အတည်း ရှိနေတယ်ဆိုတာ မဟုတ်နှိုင်ပါ။ စစ်အုပ်စုကို လျှော့တွက်စရာမလိုပါ၊ ဘယ်သူတွေဝင်ဝင်၊ မဝင်ဝင် သူ့ ခြေလှမ်း(၇)လှမ်းကို ဆုံးအောင်လျှောက်ဖို့ ပြင်ဆင်ပြီးသားပါ။ ဖြစ်ရိုးဖြစ်စဉ် အခက်အခဲဆိုတာ နှစ်ဘက်စလုံး ရှိတတ်ပါတယ်၊ အသေးအဖွဲကို ပုံကြီးချဲ့ ပြီးတွေးစရာရေးစရာမလိုပါ။ စစ်အုပ်စုကို လျှော့တွက်သည့် ဝါဒဖြန့်  စကားလုံးများသည် ပြက်လုံးများ ဖြစ်ခဲ့ကြသည်ဆိုတာ သမိုင်းကသက်သေပြနေပါတယ်။
(3) အနောက်က အားပေးနေတဲ့ မြန်မာ့ဒီမိုကရေစီရေး ဆိုတာကလည်း လျှော့ကြိုးကုန်နေပြီ။ ဒါကြောင့် စစ်ရေးအရဝင်ရောက်ဖို့  ပဲရှိတော့တယ်၊ ဒါလည်း အီရတ်မှာ မအောင်မြင်တဲ့ပေါ်လစီ ဖြစ်ခဲ့တယ်လို့  စာတမ်းကဆိုပြန်ပါတယ်။
ဒီမိုကရေစီဆိုတာကို အနောက်က အားပေးပါတယ်။ အရှေ့ က ဒီမိုကရေစီဆိုတာကို အားပေးတဲ့ ထုံးစံလည်းမရှိပါဘူး။ အနောက်က မြန်မာ့ဒီမိုကရေစီရေးကို အားပေးတာမှန်ပေမယ့် ထိရောက်တဲ့ ကူညီပံ့ပိုးမှု ပေးသင့်၊ မပေးသင့်သေးဆိုတာကိုတော့ စဉ်းစားမှာအမှန်ပါ။ အားပေးမှု့  လျှော့ကြိုးကုန်နေပြီဆိုတဲ့ တွေးခေါ်မှု ကတော့.ခပ်ညံ့ညံ့ထဲက ဖြစ်သလို လှည့်ဖျားတဲ့(ရှန်တိန်) စကားတွေပါပဲ။ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကို တင်ပို့  တဲ့နေရာမှာ ဘယ်နိုင်ငံကမှ နှစ်ဦးနှစ်ဘက် အကျိုးကိုလျှစ်လျူရှုပြီး စဉ်းစားမှာမဟုတ်ကြဘူး ဆိုတာ မြဲမြဲကြီးသတိချပ်ဖို့ လိုပါတယ်။
အနောက်က စစ်ရေးအရဝင်ဖို့ နည်းပဲရှိတော့တယ်၊ ဒါလည်း အီရတ်မှာ မအောင်မြင်တဲ့ ပေါ်လစီလို့  ဆိုတာကတော့ ̋ဂဠုန်ဆားချက်̏ တဲ့အတွေးအခေါ်က ပေါ်ထွက်လာတာပါ၊ အီရတ်အပေါ်မှာ ကျင့်သုံးတဲ အမေရိကန်ရဲ့  စစ်ရေးဗျူဟာကို အောင်မြင်တယ်၊ မအောင်မြင်ဘူးလို့  အပေါ်ယံအမြင်လောက်နဲ့  ဆုံးဖြတ်လို့ မရပါ။ တချိန်က မြန်မာပြည်ကနေ အင်္ဂလိပ်က ဆုတ်ခွါသွားတဲ့အခါ အောင်မြင်စွာ ဆုတ်ခွါခြင်းလို့  ပြောခဲ့တာသည် အဓိပ္ပါယ်ရှိပြီး လေးနက်ကြောင်း သဘောပေါက်အောင် စဉ်းစားရပါမယ်။ ယ္ခုလည်း အမေရိကန်သည် အာဖဂန်နစ္စတန်ကို စစ်ရေးအရ ဝင်ရောက် စွက်ဖက်နေပြန်ပါတယ်၊ သဘောမတွေ့ သူ၊ ကန့် ကွက်သူတွေ ကမ္ဘာပေါ်မှာ အများအပြားပါ။ သို့သော် ရည်ရွယ်ချက် အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာ ကတော့ ကာယကံရှင်တွေ ကိုယ်တိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ ̋ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကြယ်̏ မဟုတ်ပါလား။
အမေရိကန်က မြန်မာကို တရုတ်၏ မဟာမိတ် ဒါမှမဟုတ် တရုတ်၏ တပည့် ဖြစ်မသွား စေချင်ပါ၊ အိဒ္ဒိယသမုဒ္ဒရာကို မြန်မာကြောင့် တရုတ်တို့ အလွယ်တကူလွှမ်းမိုး လာမည်ကို မလိုလားပါ။ ဒါကြောင့် မြန်မာပြည်မှာ သူနဲ့  ပလဲနံပတ်သင့်မယ့် အစိုးရတခု ဖြစ်စေချင်ပါတယ်။ စစ်အာဏာရှင်အစိုးရနဲ့  ပလဲနံပတ် သင့်အောင်ပေါင်းမယ်ဆိုရင်လည်း ဒီမိုကရေစီ မိခင်နိုင်ငံကြီးတစ်ခုအနေနဲ့ နိုင်ငံရေးမှာ အရှုံးထွက်နိုင်တာမို့  စစ်အစိုးရထက် သာမယ့် အရပ်သားအစိုးရတခုကို သူလိုလားမှာပါ။ မြန်မာ့အတိုက်အခံတွေကို အားပေးပြနေတာလည်း ဒီအတွက်ပါ။ အမေရိကန်အနေနဲ့ အနုနည်းရောအကြမ်းနည်းပါ သူလုပ်မယ်ဆိုရင် လုပ်လို့  ရတာချည်းပါပဲ။ ဘယ်နည်းနဲ့ ပဲဖြစ်ဖြစ် ထိထိရောက်ရောက် ကူညီပံ့ပိုးဖို့ သာ အဓိကကျပါတယ်။ ဒီလို ထိထိရောက်ရောက် ပံ့ပိုးမှု့  ဆိုတာ အကူအညီ ခံမည့် အဖွဲ့ အစည်းတွေပေါ်မှာပဲ တည်နေပါတယ်။ အမေရိကန်ပဲဖြစ်ဖြစ်၊ ရုရှားပဲဖြစ်ဖြစ် နိုင်ငံရေးအရ လျှော့ကြိုးကုန်တယ်ဆိုတာ မရှိပါ။ သူတို့  အကျိုးစီးပွါးအပေါ်မှာ ကြည့်ပြီး ဆက်လုပ်သင့် မလုပ်သင့်ကိုသာ စဉ်းစားဆုံးဖြတ်ကြပါတယ်။ သူတို့  နိုင်ငံအကျိုးစီးပွါးကို သူတို့ ဦးတည်လုပ်ကိုင်နေကြသလို မြန်မာ့နိုင်ငံရေးသမားတွေကလည်း ကိုယ့်နိုင်ငံနဲ့ ပြည်သူလူထုရဲ့  အကျိုးစီးပွါးကို ဦးတည်ဆောင်ရွက် ကြရပါလိမ့်မယ်။ စစ်အာဏာရှင်တစုကြောင့် တမျိုးသားလုံး ဆင်းရဲတွင်းနက်နေတဲ့အချိန်မှာ စစ်အာဏာရှင်ကို ဘယ်လိုတိုက်ခိုက်ကြမလဲ။ မည်သူ့ အကူအညီမျှမယူဘဲ တိုက်မလား။ မရဘူးဆိုရင် ဘယ်သူ့  အကူအညီကို ယူကြမလဲ။ အမေရိကန်ရဲ့  အကူအညီကို ယူသင့်သလား။ တရုပ်၊ ရုရှားတို့ရဲ့ အကူအညီကို ယူသင့်သလား။ အကောင်းဆုံး အသင့်တော်ဆုံးကို ရွေးချယ်ရပါလိမ့်မယ်။ နဂိုလ်ကတည်းက အမေရိကန် ကူအညီဆိုရင် လုံးဝမယူဘူး ဆိုတာမျိုး၊ တရုပ်ဆိုလျှင် ”နိုး” ပဲ စတဲ့ သံချေးတက် တယူသန် ခေါင်းမာအယူအဆတွေ ကင်းရှင်းဖို့ လိုပါတယ်။ ပြည်သူကောင်းစားမယ်ဆိုရင် ဘာမဆို ရင်ဆိုင်သွားမယ် ဆောင်ရွက်နှိုင်တယ်ဆိုတဲ့ အတွေးအခေါ်ရှိဖို့ ပါပဲ။
စာတမ်းပါအချက်ကြီး(၃)ချက်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ရှိအခြေအနေအရ အမှန်တရားတွေပါလို့ ဆိုထားပါတယ်။ ဒါကတော့ စာတမ်းပြုစုသူက သူ့ ငုတ်ကို သူခိုင်အောင်လို့ ထပ်ပြီး တူနဲ့ ထုနေတဲ့ သဘောပါ။
(ခ) အနေအထားများ
၁။ စစ်တပ်ရဲ့ အခန်းကဏ္ဍ
စစ်တပ်ကို နိုင်ငံရေးအင်အားစုတခု အဖြစ်မှ စစ်တပ်သက်သက် အင်အားစုဖြစ်ရေးသည် ဒီမိုကရေစီရေး လှုပ်ရှားမှု တခုလုံးရဲ့ အဓိကရည်ရွယ်ချက်ဖြစ်သင့်တယ်.. လို့ စာတမ်းက ဆိုပါတယ်၊ ဒါကတော့ နိုင်ငံရေးနားမလည်ဘဲ ဆရာကြီးလေသံနဲ့ နှပ်ကြောင်းပေးလိုက်တာပါ။ ဒီမိုကရေစီလှုပ်ရှားမှုရဲ့  အဓိကရည်ရွယ်ချက် ဆိုတာ လူထုက သဘောတူ ကြည်ဖြူစွာတင်မြှောက်မယ့် အစိုးရတရပ် ပေါ်ထွန်းရေးပါပဲ။ စစ်တပ်က စစ်တပ်ရေရာမှာ နေဖို့ ဆိုတာက အလိုလိုပါပြီးသားပါ။ ပြောနေဖို့ တောင်မလိုပါ။ စစ်တပ်သည် စစ်တပ်နေရာမှာပဲ ပြန်နေဖို့  ဆိုတာ မလွယ်ပါဘူးတို့၊ ရေတိုနဲ့ မရနိုင်ပါဘူးတို့၊ စိတ်ရှည်ဖို့ လိုတယ်၊ မရှောင်မလွှဲသာဘဲ စစ်တပ်နဲ့  လက်တွဲပြီး လုပ်ဆောင်သွားရအုံးမယ်တို့  ပြောတာတွေကတော့ တိုင်းပြည်ကို စစ်တပ်၏ လက်ထဲ ဝကွက်အပ်ချင်သူရဲ့  နိုင်ငံရေး လှိမ့်လုံးလေးတခုထက် မပိုပါဘူး။ စစ်တပ်ကို စစ်တပ်ရဲ့ နေရာမှာထားပြီး ဒီမိုကရေစီ အရပ်သားအစိုးရတရပ်ကို ဘယ်လိုဖေါ်ဆောင်နိုင်တယ် ဆိုသော အတွေးအခေါ်ရှိတဲ့ နိုင်ငံရေးသမားတွေ အင်အားစုတွေက မြန်မာ့နိုင်ငံရေးမှာ အင်အားများလာလျှင်၊ အသာစီးဖြစ်လာလျှင် စာတမ်းပါ အယူအဆတွေလည်း ရေ ဖြစ်သွားမှာပါပဲ။
၂။ လူလတ်တန်းစားတို့ ၏အခန်းကဏ္ဍ
မြန်မာပြည်သည် အနောက်တိုင်းက စက်မှု့ တော်လှန်ရေး ဥာဏ်အလင်းသစ်လှုပ်ရှားမှု့ မျိုး မဖြစ်ခဲ့ပါ၊ ခေတ်မီတိုးတက်တဲ့ လူနေမှု့ ပုံစံဟာ အနောက်ကိုလိုနီကနေ ပေါ်ပေါက်လာခဲ့လို့  မြန်မာလူလတ်တန်းစားတွေသည် အနောက်မှာလို လွတ်လပ်တဲ့ လူမှုအင်လားစုတရပ် ဖြစ်မလာခဲ့ဘူး။ အုပ်ချုပ်သူလူတန်းစားကိုသာ မှီခိုခဲ့ရပါတယ်လို့  စာတမ်းကသုံးသပ်ပါတယ်။
ဒီလိုဆိုရင် ခေတ်မှီတိုးတက်ဖွံ့ ဖြိုးအောင် စက်မှုတော်လှန်ရေးတရပ်ကို နိုင်ငံတိုင်းက ဖြတ်သန်းကြရတော့ မှာလား။ သူ့နိုင်ငံရဲ့ အခြေအနေအရ စက်မှုတော်လှန်ရေးဆိုတာ ဖြစ်ချင်မှဖြစ်မှာပေါ့၊ ခေတ်မှီတိုးတက် ဖွံ့ ဖြိုး ရေးအတွက် စက်မှုတော်လှန်ရေးသည် နိုင်ငံတိုင်းအတွက် အခရာမကျနိုင်ပါ။
မြန်မာပြည်မှာ ခေတ်မှီတိုးတက်တဲ့ လူမှု ပုံစံဟာ အနောက် ကိုလိုနီဝါဒက တဆင့်ပေါ်ပေါက် လာတာမျိုးဆိုရင်လည်း ဒါဟာ ငြင်းပယ်စရာမျိုး မဟုတ်ပါဘူး။ မြန်မာပြည် ခေတ်မှီတိုးတက်မယ် ဆိုရင် ကြိုဆိုလက်ခံကြရပါမယ်။ မြန်မာပြည်က စီးပွါးရေးသမား လူလတ်တန်းစားတွေသည် အနောက်မှာလို လွတ်လပ်တဲ့ လူမှုအင်အားစုတရပ် ဖြစ်မလာခဲ့ပါ ဆိုတာကတော့ စာတမ်းရှင်၏ ကောက်ချက်ပါ။ လွတ်လပ်ပြီးစ မြန်မာလူလတ်တန်း စား စီးပွါးရေးသမားများဟာ အရှေ့ တောင်အာရှမှာ အမြင့်ဆုံး လွတ်လပ်စွာ စီးပွါးရေးကုန်သွယ်သူများ ဖြစ်ခဲ့ကြပါတယ်။ မြန်မာ့စီးပွါးရေး တိုးတက်မှုကို ပြန်ကြည့်နှိုင်ကြပါတယ်။ အုပ်ချုပ်သူလူတန်းစားကို မှီခိုခဲ့ရသည် ဆိုတာလည်း မဟုတ်ပါဘူး။ အပြန်အလှန် ဥပဒေတွင်းက ဆက်ဆံရေးနဲ့ သာ လုပ်ဆောင်ခဲ့ကြပါတယ်၊ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာတော့ စစ်အာဏာရှင်ကြောင့် လူတန်းစားအားလုံး ပြားပြားဝတ်ခဲ့ပြီး၊ စစ်အာဏာရှင်နဲ့  ပေါင်းမှ စီးပွါးလုပ်ခွင့်ရ ကြပါတယ်။ ဒီမိုကရေစီရရှိရေးမှာ လူလတ်တန်းစားတွေကို ပြစ်ပါယ်လျှင်မှားပါလိမ့်မယ်၊ နိုင်ငံရေးမှာ ပညာတက်တွေက တက်ကြွတဲ့အလွှာတခု ဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် လူလတ်တန်းစား များသည်လည်း ဒီမိုကရေစီရေးမှာ များစွာအခရာကျနေပါတယ်။
၃။ ဒီမိုကရက်တစ်အင်အားစုများ၏ရင့်ကျက်မှု
နှစ်ပေါင်းငါးဆယ်လောက် စစ်အစိုးရရဲ့ အောက်မှာနေခဲ့ကြရလို့ ပညာတတ်တွေနဲ့  ဒီမိုကရက်တစ်အင်အားစုများဟာ နိုင်ငံရေးအရမျှော်လင့်ချက် ကင်းမဲ့ခဲ့ကြတယ်။ ရင့်ကျက်မှုလည်း မကောင်းခဲ့ဘူးလို့  စာတမ်းကဆိုပါတယ်။ ဒါလည်းမမှန်ပါဘူး၊ လက်ဝဲယိမ်းပညာတတ်တွေရဲ့ အဆက်မပြတ်တဲ့ နိုင်ငံရေးလှုပ်ရှားမှု များ ရှိခဲ့သလို ဒီမိုကရက်တစ်အင်အားစုတွေနဲ့ လူထုကြီးတရပ်လုံးရဲ့  အားပေးထောက်ခံမှု ရှိခဲ့တာဟာ အထင်အရှားပါ။ နောက်ဆုံး ရှစ်လေးလုံးတိုက်ပွဲကြီး ဖြစ်ခဲ့တာ အထင်ရှားဆုံး သာဓကပါပဲ။ ဒီမိုကရေစီရေး ဗဟုသုတ အားမနည်းခဲ့ကြပါဘူး။ လူတိုင်းရဲ့ ရင်ထဲမှာ တရားသောအခွင့်အရေးနဲ့  ဒီမိုကရေစီကို လိုလားကြတာ သံသယဖြစ်စရာ မလိုတဲ့အမှန်တရားပါ။
မာ့က်စ်ဝါဒလို အစွန်းရောက် အတွေးအခေါ်များသည် စာပေအသိုင်းအဝိုင်းမှာ ကြီးမားတာကြောင့် လူထုလှုပ်ရှားမှုတိုင်းဟာ အစွန်းရောက်သွားတယ်ဆိုတာလည်း လုံးဝမဟုတ်ခဲ့ပါဘူး။ မြန်မာပြည်မှာ အလုပ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာတွေရဲ့ လှုပ်ရှားအုံကြွမှု့ များသည် အစွန်းရောက် အကြမ်းဖက် လုံးဝ ဖြစ်မသွားကြပါ။ စစ်အာဏာရှင်က နှိပ်ကွက်ချင်လို့ လုပ်ကြံဖန်တီး တာပါ။ ဝါဒဖြန့် ကြတာသာ ရှိခဲ့ပါတယ်။ ဒီကိစ္စသည် ယနေ့  လူကြီးနှင့် လူလတ်ပိုင်းတွေ လက်တွေ့ သိရှိခဲ့ကြပါတယ်။ လူငယ်တွေလည်း နားလည်ကြပြီးသား ဖြစ်ပါတယ်။
လူထုက အုံကြွပြီး အကြမ်းဖက်တော်လှန်မှု ဗမာပြည်မှာ မရှိခဲ့ပါ။ ပြည်တွင်းစစ်ဖြစ်နေတာက အခြားအခြေအနေတွေကြောင့်ပါ၊ ဒါကို စာတမ်းရေးသူက ရောသမမွှေပြီး စစ်အာဏာရှင်၏ အခန်းကဏ္ဍသည် မြင့်မားလာရတယ်လို့ လွဲမားတဲ့ သမိုင်းကောက်ချက်တခု ဆွဲပြီး လိမ်ဖို့ ကြံစည်ထားတာ တွေ့နေရပါတယ်။
၎။ အဖွဲ့ အစည်းများ၏အားနည်းချက်
၁၉၆၂ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ဒီမိုကရက်တစ်အဖွဲ့  အစည်းတွေ မထွန်းကားနိုင်တော့ဘူးဆိုတာ မှန်ပါတယ်။ ၁၉၈၈ခုနှစ် နောက်ပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ NLD သည် အင်အားတောင့်တင်းတဲ့ နိုင်ငံရေးအင်အားကြီးတရပ် ဖြစ်လာခဲ့ပါတယ်။ ဒါအမှန်ပါ၊ သို့ သော် စစ်အစိုးရရဲ့  ညစ်ပါတ်စုတ်ပဲ့မှု၊ ဂတိမတည်မှု၊ ယုတ်မာရက်စက်မှုတွေနဲ့ မတရားဖိနှိပ်နေတာကြောင့် NLD ဟာ အားနည်းတဲ့ အပြင် လှုပ်တောင် မလှုပ်နိုင်တာ အများက သိပါတယ်။
၅။ လူထုအခြေပြုအဖွဲ့ အစည်းများ၏ အားနည်းချက်များ
မြန်မာပြည်မှာ ရိုးရာအစဉ်အလာအားဖြင့် လူထုအခြေပြု အဖွဲ့ အစည်းများရှိခဲ့ဘူးတယ်၊ ဒါတွေဟာ ဘာသာရေးကို အခြေခံတဲ့အတွက် ခေတ်မှီတဲ့ ဒီမိုကရေစီသဘောတရားတွေနဲ့ မနီးစပ်ခဲ့ဘူးလို့  စာတမ်းမှာ ဆိုထားပါတယ်။ တကယ်တော့ ဘာသာရေးဆိုတာ ဒီမိုကရေစီကို ဟန့်တားတဲ့သဘော လုံးဝမရှိပါ။ အထူးသဖြင့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအတွက် ဒီမိုကရေစီကို မထိခိုက်တဲ့အပြင် အထောက်အပံ့ကြီးစွာဖြစ်တယ် ဆိုတာ စာတမ်းရှင် သတိမထားမိလို့ပါ။
ကမ္ဘာမှာ ၂၁ ရာစု အစောပိုင်း အစိုးရမဟုတ်တဲ့ လူထုအခြေပြု အဖွဲ့ အစည်းတွေ ပေါ်ပေါက်ခဲ့ကြတယ်။ ဒါပေမယ့် စံနစ်ကျတဲ့ စုစည်းမှုမရှိဘဲ သိက္ခါပိုင်းနဲ့ နိုင်ငံရေးပုံသဏ္ဍာန် အားနည်းတာကြောင့် စီးပွါးရေးတပိုင်း အဖွဲ့  အစည်းတွေအဖြစ် လျှော့ကျသွားတယ်ဆိုတဲ့ အချက်ဟာလည်း တစိတ်တပိုင်းလောက် ဟုတ်နှိုင်ပေမယ့်၊ အားလုံး အတွက်မမှန်ပါ။ NGO တွေသည် ရည်ရွယ်ချက်အမျိုးမျိုးနဲ့  ဖွဲ့ စည်းထားတာပါ။ နိုင်ငံရေး၊ စီးပွါးရေး၊ ဘာသာရေး၊ လူမှု ရေး စသည်ဖြင့် စုံလင်လှပါတယ်။ ဘယ်အဆင့်က ဘယ်အဆင့်ကို လျှော့ကျသွားတာမျိုး မဟုတ်ပါ၊ အဖွဲ့ အစည်းဆိုတာကတော့ သူ့ ရည်ရွယ်ချက် လျှော့ကျသွားတာမျိုး မဟုတ်ပါ၊ အဖွဲ့ အစည်းဆိုတာ သူ့ရည်ရွယ်ချက်တွေ အကောင်အထည်ပေါ်ရေးအတွက် ငွေရှာကြရတာ ထုံးစံပါပဲ။ ငွေရရေးကြောင့် ရည်ရွယ်ချက် ပျက်ရတဲ့ အဖွဲ့ အစည်း ကတော့ ရှိပေမယ့် အနည်းစုပါ။ မြန်မာ့ လူအဖွဲ့ အစည်းတွေမှာလည်း ဒီ အတိုင်းပါပဲ။ တိုင်းပြည် ဆင်းရဲ လာလေလေ လူထုအခြေပြု လူ့ အဖွဲ့ အစည်းတွေ အားနည်းပျောက်ကွယ်လာတာကတော့ ဓမ္မတာပါပဲ၊ အဆန်းမဟုတ်ပါ။
(ဂ) နိုင်ငံရေးပုံသဏ္ဍာန်ကားချပ်
အထက်ပါအခြေအနေတွေရဲ့ အောက်မှာဘာလုပ်နိုင်မလဲလို့  စာတမ်းရှင်က မေးခွန်းထုတ်ပြီး၊ စစ်တပ်နဲ့ ဒီမိုကရေစီအင်အားစုတို့ရဲ့ အခန်းကဏ္ဍနဲ့ ရပ်တည်ချက်ကို လေ့လာဖို့  လိုပါတယ်လို့ ဆိုပြန်ပါတယ်။
စစ်တပ်ဖက်
နအဖသည် သူတို့ကိုယ် သူတို့ အာဏာသိမ်း အစိုးရဖြစ်တယ်လို့ ကြွေးကြော်တာဟာ ဗိုလ်နေဝင်းတို့ အာဏာသိမ်းခဲ့တဲ့ အနေအထားနဲ့ ကွာခြားချက်ပါလို့  စာတမ်းရှင်က ခွဲခြားပြနေပြန်ပါတယ်။ တကယ်တော့ အနစ်သာရအားဖြင့် ဘာမှမကွာခြားပါဘူး။ အာဏာသိမ်းနိုင်တဲ့ အနေအထားရှိလို့  စစ်တပ်က အာဏာသိမ်းခဲ့ကြတာ ချည်းပါပဲ။ ဗိုလ်စောမောင်တို့၊ ဗိုလ်သန်းရွှေတို့ဟာ ဗိုလ်နေဝင်းရဲ့ ခြံပေါက်ကလေးတွေပါ၊ ဗိုလ်နေဝင်းရဲ့  မိုက်လုံးကို မမှီဘူးဆိုတာ နိုင်ငံရေးသမားတွေ သိလောက်တဲ့ အချက်ပါ။
ယနေ့ စစ်ဗိုလ်ချုပ်တွေသည် အပြောင်းအလဲကြားကာလမှာပဲ ရှိနေပါသေးတယ်လို့ ဆိုတဲ့အချက်ဟာ စာတမ်းရှင်သည် စစ်ဗိုလ်ချုပ်တွေ လေလည်ပြမှာကို အားရဝမ်းသာ စောင့်နေတဲ့ ဟိုအကောင်မျိုး ဖြစ်နေပါတယ်။ စစ်ဗိုလ်ချုပ်တွေသည် ဒီမိုကရေစီကို မပေးချင်ဘူး၊ မကျင့်သုံးချင်ဘူးဆိုတာ ကလေးကအစ သိကြပါတယ်။ ဒါကြောင့် သူ့လမ်းသူ လျှောက်နေတာပါ။ လျှောက်နိုင်တဲ့ အခြေအနေ ရှိနေသရွေ့ လျှောက်နေအုံးမှာပါပဲ။ ၂၀၀၈ ဖွဲ့ စည်းပုံနဲ့  ၂၀၁၀ ရွေးကောက်ပွဲသည်လည်း အဆင့်ဆင့်သော သူ့ချေလှမ်းတွေပါ။ အခြေအနေအရ အနှေးလျှောက် အမြန်လျှောက် ဆိုတာ ရှိပေမယ့် ရပ်မသွားပါဘူး။
ပြည်တွင်းပြည်ပ ဖိအားတွေကြောင့် ဒီမိုကရေစီအပြောင်းအလဲ တခုကို ရှောင်လွှဲလို့  မရဘူးဆိုတာ စစ်ဗိုလ်ချုပ်တွေ သိပါတယ်…ဆိုတာလည်း သိပ်ဟုတ်တာပေါ့။ ဒါကြောင့် ဘယ်လို ဒီမိုကရေစီ အပြောင်းအလဲပဲဖြစ်ဖြစ် စစ်ဗိုလ်ချုပ်တွေက ထိပ်ကနေရာယူပြီးသား ဒီမိုကရေစီမျိုးဖြစ်အောင် စံနစ်တကျ ပုံစံချပြီး ဖြစ်နေတယ်လို့မှတ်ပါ။
မူလက စစ်ဗိုလ်ချုပ်တွေက အချိန်ဆွဲဖို့ဖြစ်တယ်၊ ရွှေဝါရောင်တော်လှန်ရေးကြောင့် လမ်းပြမြေပုံကို တက်သုတ်ရိုက် အကောင်အထည်ဖေါ်နေရပြီလို့လည်း မထင်လိုက်ပါနဲ့။ စစ်တပ်ဆိုတာ ဂမူးရှုးထိုးနဲ့  မီးစင်ကြည့်ကတဲ့ အလုပ်မျိုးကို ဘယ်တော့မှမလုပ်ပါဘူး၊ စနစ်တကျ သုံးသပ်ချက်တွေအပေါ် အခြေခံပြီး အကောင်အထည် ဖေါ်နေတာပါ။ စစ်တပ်ကို တသက်လုံး လျှော့ထွက်ခဲ့သူများဟာ တသက်လုံးပဲ စစ်တပ်အောက်က မလွတ်ပဲနေခဲ့ကြရတာ သတိချပ်သင့်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲသည် စက်တင်ဘာလှုပ်ရှားမှုရဲ့ ရလဒ်တခုဖြစ်လို့ အတိုက်အခံတွေအနေနဲ့ ဒါကို လျစ်လျှူရှုလို့ မဖြစ်ပါဘူး၊ ဒါကို လက်လွတ်မခံပဲ အသုံးချကြဖို့  ၊အခွင့်အရေးသည် ဘယ်လောက်ပဲ ကျဉ်းမြောင်းပါစေ ဒါကို အသုံးချကြဖို့၊ ဒါမှ လွဲ၍ တခြားရွေးချယ်စရာ လမ်းမရှိတော့လို့ ပါလို့  စာတမ်းမှာ လမ်းညွှန်ချက်တွေ ပေးထားတာ တွေ့ ရပါတယ်။ နောက်ဆုံးကြတော့ စာတမ်းရှင်သည် အတိုက်အခံတွေအားလုံးကို န.အ.ဖ ရဲ့ ထောင်ချောက်ထဲကို တွန်းချထားတာပါပဲ။
စက်တင်ဘာလှုပ်ရှားမှု မဖြစ်လည်း ရွေးကောက်ပွဲက လုပ်မှာပါပဲ၊ ပိုလို့ တောင် စောနိုင်ပါသေးတယ်။ သူ့  ကိုဆန့် ကျင်သူတွေ မရှိတဲ့အခြေနေမျိုးမှာ သူ့ ခြေလှမ်းက ပိုသွက်ပါလိမ့်မယ်။ ဒါတွေကို လူတိုင်းသိပါတယ်၊ ဒါပေမယ့် စာတမ်းရေးသူက ရွှေဝါရောင်ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို စောပြီး လုပ်ပေးရ သလိုလို၊ စစ်တပ်က အကြပ်အတည်းဆိုက်နေလို့ စောစောလုပ်ပေးရတဲ့ ရွေးကောက်ပွဲကို ဝင်ပါပြီး ရသလောက် ဒီမိုကရေစီလေးကို ယူထားကြပါ၊ ဒါမှတပါး အခြားလမ်းမရှိတော့ သလိုလို သူ့ရဲ့ ကျဉ်းမြောင်းလှတဲ့ အသိဥာဏ်လေးနဲ့ နိုင်ငံရေး အင်အားစုတွေကို လှည်ဖြားဖို့ ကြိုးစားတာပါပဲ။ သို့သော် နိုင်ငံရေးသမား စစ်စစ်တွေက ဒါကို နားလည်ပြီးသားပါ။ သူပြောသလို ထွက်ပေါက်ပိတ်နေလို့ ရသလောက် ယူမယ်ဆိုတဲ့ နိုင်ငံရေးသမား မစစ်သူများကတော့ စာတမ်းရှင်ပြောတာကို ယုံချင်ယုံနှိုင်ပါတယ်။ နိုင်ငံရေးသမားစစ်စစ်တွေကတော့ ကိုယ့်ဘက်ကပိုင်ရင် ရွေးကောက်ပွဲကို ဝင်ချင်ဝင်မယ် မဝင်ချင်မဝင်ဘူး။ အခြား နည်းလမ်းမရှိဘူးဆိုတဲ့ အယူအဆကို ဘယ်တော့မှ လက်ခံကြမှာမဟုတ်ပါဘူး။
ဒီမိုကရေစီအင်အားစုများဘက်
အုပ်စုလေးစုအဖြစ် စာတမ်းကခွဲခြားပါတယ်။
၁။ ပထမအုပ်စု
ခေါင်းမာပြီး ၂၀၁၀ ကိုငြင်းဆန်တယ်။ ပြည်ပရောက်အင်အားစုတွေဖြစ်ပြီး ကိုယ်ကျိုးစီးပွါးရှာကြတယ်။ NLD ခေါင်းဆောင်တချို့လည်း ပါဝင်တယ်လို့ဆိုတယ်။ ဒီနေရာမှာ ခေါင်းမာမာ ခေါင်းပျော့ပျော့ ပြည်ပရောက် ကိုယ်ကျိုးစီးပွါး ရှာသူတွေပဲဖြစ်ဖြစ်၊ ဘယ်သူတွေပဲဖြစ်ဖြစ် မှန်ဖို့လိုတယ်။ အတွေးအခေါ်မှန်ကန်ဖို့  သာအဓိကကျပါတယ် (အခုဆွေးနွေး တင်ပြချက်များထဲတွင် နိုင်ငံရေးသမားစစ်စစ်များကိုသာ ရည်ရွယ်ပါတယ်။ နိုင်ငံရေးကွင်းထဲကို အခြေအနေအရ ရောက်လာပြီး မထင်မှတ်ဘဲ ဒေါ်လာနဲ့တွေ့ကာ ပွပေါက်တိုးနေတဲ့ ဒီမိုကရေစီရရှိရေးဆိုတာကို ဟန်ပြသဘောလောက်လုပ်ပြပြီး ပြည်သူလူထုကို သစ္စာဖေါက်နေတဲ့ နိုင်ငံရေးကလိန်ခြုံ ခွေးချေးတုံးများကို လုံးဝထည့်သွင်း မဆွေးနွေးပါ)။ ၂၀၁၀ ရွေးကောက်ပွဲ ကို လက္ခံပြီး စစ်ဗိုလ်လက်ဝါးကြီးအုပ် ပါလီမံထဲက လူထုအတွက် ဒီမိုကရေစီကို တစတစ ရရေးအတွက် လုပ်ဆောင်မှုဆိုတာ စိတ်ကူးယဉ်ပဲဖြစ်နိုင်တယ်၊ လက်တွေ့မကျနိုင်၊ ၂၀၀၈ အခြေခံဥပဒေသည် ပြင်ရန် အလွန်ခက်ခဲသော ဥပဒေဖြစ်နေတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မဝင်ဘဲ တခြားလမ်းတခုနဲ့  ဒီမိုကရေစီကို ရအောင်လုပ်မယ်လို့  တွေးခေါ်တဲ့အုပ်စု ဖြစ်နိုင်ပါတယ်။ ဒီအတွေးအခေါ်သည် မှားတယ် မှန်တယ်ဆိုတာ အချိန်ကသာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
၂။ ဒုတိယအုပ်စု
စာတမ်းအဆိုအရ သူတို့သည်လည်း ခေါင်းမာသမားတွေဖြစ်ပေမယ့် လာမယ့် ရွေးကောက်ပွဲကို စစ်တပ်နဲ့  ထိပ်တိုက်တွေ့ မယ့် အဆင့်တရပ်အနေနဲ့ သဘောထားပုံ ရပါတယ်။ သူတို့အမြင်အရ လာမယ့်ရွေးကောက်ပွဲသည် ပဋိပက္ခပိုမိုကြီးထွားလာစေမယ့် နည်းဗျူဟာဆိုင်ရာ ကစားကွင်းတရပ်သာ ဖြစ်ပါတယ်။ NLD ခေါင်းဆောင်တချို့ နဲ့  ဗ.က.ပ တို့ ဟာ ဒီအမျိုးအစားထဲမှာ ရှိပါတယ်။ ကျနော့် အထင်အရ ဒီအုပ်စုနှစ်စုရဲ့  ရလဒ်ဟာ တမျိုးတည်းဖြစ်ပြီး ပြည်တွင်းစစ်ကို ဦးတည်သွားစေမယ့် အကြမ်းဖက်တော်လှန်ရေး နည်းလမ်းသာ ဖြစ်ပါတယ်လို့ ဆိုပြန်ပါတယ်။
ဒီနေရာမှာ ၎င်းဒုတိယအုပ်စုသည် ရွေးကောက်ပွဲကို ဝင်မယ် မဝင်ဘူးလို့  စာတမ်းရှင်က တိတိကျကျပြောမထားတဲ့အတွက် ရေရေရာရာမရှိပါဘူး၊ သူဆိုလိုတာက ရွေးကောက်ပွဲကို အကြောင်းပြုပြီး စစ်တပ်နဲ့  ထိပ်တိုက်တွေ့မယ်၊ ပြီးတော့ ရွေးကောက်ပွဲသည် ပဋိပက္ခကို ပိုမိုးကြီးထွားအောင် လုပ်ရမယ့် ကစားကွင်းအဖြစ် ဖန်တီးမယ်ဆိုတာကတော့ ဗ.က.ပ တို့ ရဲ့ လုပ်ရိုးလုပ်စဉ် သီဝရီတခုပါ။ အခုမှအသစ်ဖန်တီးတာ မဟုတ်ပါဘူး။ ဗ.က.ပ ကတော့ မည်သည့်အခြေအနေမျိုးမှာမဆို ပဋိပက္ခအဖြစ် ဖန်တီးနိုင်ရင် ဖန်တီးမှာပါပဲ။ ဒါ အဆန်းမဟုတ်ပါ၊ ဆန်းနေတာက စာတမ်းရေးသူသည် ဗ.က.ပ နဲ့ NLD ခေါင်းဆောင်တချို့ကို အတင်းဆွဲစပ်ပြီး အတူတူပါလို့  ပြောလိုက်တာပါ။ ရွေးကောက်ပွဲကို ပဋိပက္ခဖြစ်အောင်လုပ်မယ်၊ ဒီ့နောက်မှာ အကြမ်းဖက်တော်လှန်ရေးကို ဦးတည်ဆောင်ရွက်လိမ့်မယ်လို့  NLD ခေါင်းဆောင်တချို့ကို စွတ်စွဲခြင်းကတော့ န.အ.ဖ က နှိပ်ကွတ်လို့  ကောင်းအောင် နှပ်ကြောင်းပေးလိုက်တာပါပဲ။ အကယ်၍ NLD လူကြီးတချို့ သည် စာတမ်းပါ အချက်အတိုင်း လုပ်ကြမယ်ဆိုရင်လည်း ၎င်းနည်းဗျူဟာသည် မှားတယ်လို့ ပြောရန်မလွယ်ပါ။ နက်ရှိုင်းသည့် အတွင်းပိုင်း အခြေအနေတွေ အများကြီးရှိနိုင်ပါသေးသည်။
၃။ တတိယအုပ်စု
အလယ်အလတ်ကျတဲ့ နိုင်ငံရေးအင်အားစုတွေပါဝင်ပြီးတော့ တတိယအင်အားစုလို့ လူသိများပါတယ်လို့  စာတမ်းက ဆိုပါတယ်။ တတိယအင်အားစုလို့ ကင်ပွန်းတပ်ပြီး လူသိများတယ်လို့ ဆိုတာကတော့ ဒီအုပ်စုကို ဘလိုင်းကြီး လိုင်းတင် လိုက်တယ်လို့ ထင်ပါတယ်။
တတိယအုပ်စုသည် လာမယ့်ရွေးကောက်ပွဲကို မဟာဗျူဟာအရ ရှု့ မြင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကတဆင့် လက်ရှိ သေနေတဲ့ နိုင်ငံရေးအနေအထားကို ထိုးဖေါက်နိုင်ဖို့  အခွင့်အလမ်းတွေ ပေါ်ပေါက်လိမ့်မယ်လို့  မျှော်လင့်ကြပါတယ်ဟု စာတမ်းက ပြောပြန်ပါတယ်။
စာတမ်းက ပြောသလို ရွေးကောက်ပွဲကို မဟာဗျူဟာအဖြစ် ရှု့မြင်တယ်ဆိုရင်တော့ အလွန်မှ ရယ်ဖွယ်ကောင်းတဲ့ အမြင်လို့ ပြောရပါလိမ့်မယ်။ စစ်ဝါဒီတွေ ထာဝရကြီးစိုးရေးအတွက် ရေးဆွဲပြဌာန်းထားတဲ့ န.အ.ဖ ရဲ့  အခြေခံဥပဒေအတိုင်း ပြုလုပ်မယ့်ရွေးကောက်ပွဲကို ဝင်ပြီး အခိုင်အမာဖြစ်သွားပြီဖြစ်တဲ့ စစ်ဝါဒီတွေ အကြိုက် အခြေခံဥပဒေကို တဖြည်းဖြည်း ပြင်ယူမယ်ဆိုတဲ့ အယူအဆသည် မြင့်မိုရ်တောင်ကို ဆီးစေ့နဲ့  ပေါက်သလို ဖြစ်နေပါတယ်။ ထိုအယူအဆရှိသူများသည် မြန်မာနိုင်ငံတွင် စစ်ဝါဒီအုပ်ချုပ်ရေးဟာ နောင်နှစ်ပေါင်းများစွာ တည်ရှိနေဖို့  လိုအပ်နေသေးတယ်လို့ ယူဆသူများပင်ဖြစ်ပါတယ်။
လက်ရှိနိုင်ငံရေးအနေအထားသည် အတိုက်အခံအဖွဲ့အစည်းတိုင်းအတွက် သေနေတဲ့နိုင်ငံရေး အနေအထားမျိုး မဟုတ်ပါ၊ နှေးကွေးနေသည်ဟု ဆိုနိုင်ပါသည်။ ဒါကြောင့် ရွေးကောက်ပွဲကို အခွင့်အလမ်းတရပ်အဖြစ် ယူရမယ်ဆိုတဲ့စကားဟာ တရားသေ ကျလွန်းနေပါတယ်၊ မျှော်လင့်ချက်မဲ့ ဇွဲလုံ့ လမရှိသူတို့ ရဲ့  “ရတာယူထားချေးမများနဲ့ ” ဆိုတဲ့စကားမျိုးပါ။
အဲဒီ တတိယအုပ်စုသည် စစ်တပ်နဲ့ ဘုံရပ်တည်ချက် ရှာလိုသူတွေဖြစ်တယ်၊ ဘုံရပ်တည်ချက်ကလည်း စီးပွါးရေးဖွံ့ ဖြိုးတိုးတက်ဖို့ ဖြစ်ကောင်းဖြစ်မယ်လို့  စာတမ်းက ဆိုပြန်ပါတယ်။ ဒါဟာ စီးပွါးရေးဖွံဖြိုးရေးသည် ပထမ၊ နိုင်ငံရေးသည် ဒုတိယဖြစ်တယ်ဆိုတဲ့ အယူအဆပါ၊ ဒီအယူအဆသည် မြန်မာပြည်အတွက်တော့ လုံးဝမှားတယ်လို့  ဆိုချင်ပါတယ်။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး ဖြစ်ခဲ့ဘူးတဲ့ မြန်မာနိုင်ငံဟာ စစ်ဝါဒီတွေ ကြီးစိုးမှုနဲ့  ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်ဖြစ်ခဲ့တာတောင်မမှတ်ကြသေးဘဲ၊ အခုစစ်ဝါဒီတွေနဲ့ အတူစီးပွါးရေးဖွံ့  ဖြိုးတိုးတက်အောင် တူညီတဲ့ ဘုံရပ်တည်ချက်ကို ရှာဖို့ ကြိုးစား နေကြတယ်ဆိုရင် ”ဆိတ်ထီးကိုနို့ ညှစ်သလို” ဖြစ်နေမှာပါ။ စစ်ဝါဒီတွေနဲ့ သူ့ကိုအသနားခံ အောက်ကြို့  သူတစုလောက်သာ စီးပွါးဖြစ်မယ် တိုင်းပြည်ကတော့ ဖွက်ကျောပြာစု ပါပဲ။
အဲဒီလို ဘုံရပ်တည်ချက်ကတဆင့် စစ်ဝါဒီတွေနဲ့ နားလည်မှု့ ရအောင်လုပ်မယ်၊ နောက်တဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖေါ်ဆောင်မယ်တဲ့၊ ဒီအယူအဆသည် အနာဂတ်မြန်မာနိုင်ငံဒီမိုကရေစီအတွက် အသင့်တော်ဆုံးလို့ စာတမ်းကရေးပါတယ်။
အနာဂတ်ဒီမိုကရေစီအတွက် သင့်တော်တယ် မသင့်တော်ဘူးဆိုတာ ထားပါအုံး၊ သူတို့  ဘုံရပ်တည်ချက်ဖြစ်တဲ့ စီးပွါးဖွံဖြိုးတိုးတက်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာ တတိယအုပ်စုဆိုသူတွေ လူသားဦးနှောက်နဲ့ စဉ်းစားကြဖို့ လိုပါတယ်။
တတိယအုပ်စုသည် ယ္ခု့ အခါ နိုင်ငံရေးအင်အားစုတရပ်အဖြစ် မဖွဲ့ စည်းနိုင်သေးပေမယ့် မကြာခင်မှာ နိုင်ငံရေးစင်မြင့်တခုကို တည်ဆောက်နိုင်လိမ့်မယ်လို့ စာတမ်းက ဟောကိန်းထုတ်ထားပါတယ်။ ဒါကိုကြည့်ရင် န.အ.ဖ နဲ့ ပြန်ပေါင်းထုတ် ခေါင်းလျှိုဝင်မယ့် ပြည်တွင်းပြည်ပက အင်အားစုအချို့  ရှိနေတယ်ဆိုတာ သေချာပါတယ်။
ဒီစာတမ်းသည် တတိယအုပ်စုကို ဥပမာပြ တင်စားကာ စစ်ဝါဒီနဲ့  ပေါင်းရန်မှတပါး အခြားမရှိဟူသော အယူအဆကို ဆိတ်လစိ အတွေးအခေါ်နဲ့ ဆရာကြီးလေသံပစ်လိုက်တာပါပဲ။ ဒါဟာ တော်လှန်ရေးအတွေးအခေါ် ချွတ်ခြုံကျသူတွေရဲ့  ဖြစ်မြဲဓမ္မတာပါ။ စစ်ဝါဒီတွေဟာ နောက်ဆုံးခြေလှမ်းဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြီးစီးအောင် လုပ်နိုင်ကောင်း လုပ်နိုင်မယ်။ သို့ သော် ဒါဟာ ပြည်သူ့ အောင်ပွဲမဟုတ်၊ ဒီမိုကရေစီတိုက်ပွဲရဲ့  ဇာတ်သိမ်းခန်းလည်းမဟုတ်ဘူးဆိုတာ တတိယအုပ်စုဆိုသူတွေ နားလည်ဖို့ လိုပါတယ်။
၎။ စတုတ္ထအုပ်စု
အပစ်ရပ်ငြိမ်းအဖွဲ့ တွေဖြစ်ပြီး တတိယအုပ်စုအတွက် အရေးပါတဲ့မဟာမိတ်တွေ ဖြစ်လာမယ်လို့  စာတမ်းမှာပါတယ်။
ငြိမ်းအဖွဲ့ တွေကိုတော့ ပြောစရာမလိုပါ။ သူတို့ ရဲ့ လက်တွေ့ အခြေအနေနဲ့  ကိုက်ညီတဲ့လမ်းကိုပဲ လျှောက်လှမ်းကြမှာပါ။ တတိယအင်အားစုနဲ့  မဟာမိတ်ဖြစ်လည်း ဘာမှတိုးတက်လာမှာ မဟုတ်ပါဘူး။
တတိယအုပ်စုဆိုတာကတော့ န.အ.ဖ ရဲ့ နိုင်ငံရေးအယူအဆကို ရှေ့ တန်းကနေပြီး ဝါဒဖြန့် လိမ်ညာပေးရမယ့် နိုင်ငံရေးဗီလိန်အုပ်စုတစုသာ ဖြစ်သွားမှာပါ။
စာတန်း၏ နိဂုံးပိုင်းသည် တိကျရှင်းလင်းလှပါတယ်။ န.အ.ဖ ၏ လမ်းပြမြေပုံသည် ရှောင်လွှဲလို့  မရတဲ့ကိစ္စပါတဲ့။ ဒါ သူပြောမှ မဟုတ်ပါဘူး၊ စစ်အာဏာရှင်ကို နိုင်အောင်မတွန်းလှန်နှိုင်တုန်းမှာ သူပြုသမျှ နုရအုံးမယ်ဆိုတာ လူတိုင်းသိပါတယ်။ သို့ သော် ထာဝရမပြောင်းမလဲ တည်ရှိသွားမည်လို့  ယူဆရင်တော့ မှားပါလိမ့်မည်။ စစ်တပ်ကလမ်းပြမြေပုံကို ပစ်ချပြီး အတိုက်အခံနဲ့ ပြေလည်ဖို့  တခြားနည်းလမ်းကို မစဉ်းစားဘူးဆိုတာ စစ်ဝါဒီတွေရဲ့  အားရှိတုန်း ပြောနိုင်တဲ့စကားမျိုးပါ။ အကြပ်အတည်းဆိုက်ရောက်လာတဲ့ တနေ့ မှာ သူ့  မူတွေဝါဒတွေကို ပြင်ဖို့ ဖျက်ဖို့  ဝန်လေးမယ့် လူစားမျိုးလည်း မဟုတ်ပါ၊ အာဏာရှင်လူမိုက်တွေရဲ့ စရိုက်ဟာ နိုင်တုန်းမှာ ဖြဲခြောက်မယ်၊ မတရားလုပ်ကြမယ်၊ သူတို့ နိမ့်ပြီ ရှုံးပြီ ဆိုရင်တော့ ဒူးထောက်ဖို့ ဝန်မလေးကြဘူးဆိုတာ ဆက်ဒမ်ဟူစိန်ကို ကြည့်ရင် သိနိုင်ပါတယ်၊ ဒါကြောင့် စစ်အာဏာရှင်ကို ထာဝရယုံကြည်ချက် ဆွဲကိုင်သူများလို့  ကောက်ချက်ချရင် အမှားကြီး မှားပါလိမ့်မယ်။
စာတမ်းရဲ့  နိဂုံးပိုင်းမှာပါတဲ့ မည်သည့်နိုင်ငံရေး ရလဒ်မဆို စစ်တပ်က ဦးဆောင်တဲ့ အပြောင်းအလဲ ကြားကာလဖြစ်စဉ်အတိုင်း သွားမှာပါ။ ဒီဖြစ်စဉ်ကို ဆန့် ကျင်တာဟာ နိုင်ငံရေးအရှိတရားကို ဆန့်ကျင်တာပါပဲ ဆိုတဲ့ စာပိုဒ်ကတော့ စာတမ်းပြုစုသူရဲ့  ဆရာကြီး လေသံနဲ့ ကောက်ချက်ချသံပါ၊ စစ်တပ်က ဦးဆောင်တဲ့ အပြောင်းအလဲ ကြားကာလဖြစ်စဉ်အတိုင်း သွားနေတာကတော့ သူပြောမှမဟုတ်ပါဘူး လူတိုင်းသိနေကြပါတယ်၊ စစ်တပ်ရဲ့ ခြေလှမ်း (၇) လှမ်းအတိုင်းသွားနေတာကို ဘယ်ခြေလှမ်းကိုမှ အတိုက်အခံတွေက မရိုက်ချိုးနိုင်ဘူးဆိုတာလည်း လက်တွေ့  ပဲဟာ၊ ဒါသည် ကာလအပိုင်းအခြားအားဖြင့် နိုင်ငံရေး အရှိတရားတခုဖြစ်နေတယ်ဆိုတာ ငြင်းစရာမလိုပါဘူး၊ သို့ သော် တဒင်္ဂအရှိတရားကို ထာဝရအရှိတရားလို့  တွက်ရင်ဖြင့် မှားပါလိမ့်မယ်၊ ဒါကြောင့် မတရားတဲ့ တဒင်္ဂအရှိတရားကို ဆန့်ကျင်နေမှသာ နိုင်ငံရေးလုပ်တယ်လို့  ခေါ်ပါတယ်၊ နိုင်ငံရေးမှာ မည်သည့်အရှိတရားမဆို ဆန့်ကျင်သင့်လျှင် ဆန့်ကျင်နေရမယ်ဆိုတဲ့ သဘောတရားကို စာတမ်းပြုစုရေးသားသူဟာ မမှီမကန်းဖြစ်နေတယ်ဆိုတာ ထင်ရှားပါတယ်။
မြန်မာနိုင်ငံရဲ့  လက်ရှိနိုင်ငံရေးအခြေအနေကို အကဲဖြတ်ကြရာမှာ မြန်မာပြည်ရဲ့  ပထဝီအနေအထား၊ စစ်အေးတိုက်ပွဲကာလတုံးက ကြားညှပ်ခံခဲ့ရလို့ စစ်အာဏာရှင်စံနစ်တခုကို အမွေဆိုးအဖြစ်ရရှိလိုက်ရခြင်း၊ အဲ့ဒီ အမွေဆိုးရဲ့ သက်ရောက်မှု့ တွေကို ယနေ့ အထိ ခံနေကြရခြင်းစတဲ့ အဖြစ်သနစ်တွေကို ထည့်သွင်း တွက်ချက်ရပါလိမ့်မယ်၊ အဲ့ဒါတွေကို သေသေချာချာထည့်သွင်း တွက်ချက်တတ်ရင် မြန်မာပြည်ရဲ့  ဒီမိုကရေစီရေးရာကံကြမ္မာသည် စစ်တပ်ရဲ့ လက်ထဲမှာသာ တည်သည်ဆိုတဲ့ အယူအဆဟာ လုံးဝမှားယွင်းနေကြောင်း သိနိုင်ပါလိမ့်မယ်။
စာတမ်းရဲ့ နိဂုံးချုပ်ချက်ကတော့ အရှိတရားနဲ့ ပေါင်းစပ်ပြီး ဖြစ်နိုင်ချေကို ဓမ္မဓိဋ္ဌာန်ကျကျစဉ်းစားရွေးချယ်ဖို့  ပါပဲလို့ ဆိုတယ်။ ဒီစာပိုဒ်ကို သေသေချာချာ စစ်တမ်းထုတ်ကြည့်လိုက်ရင်၊ အရှိတရားဆိုတာဘာလဲ၊ အရှိတရားကို စာတမ်းရှင်က ဘယ်လို သဘောပေါက်နေလို့ လဲ။ မြန်မာပြည်မှာ စစ်အာဏာရှင်တွေ အုပ်ချုပ်လွှမ်းမိုးခဲ့တာ လေးဆယ့်ရှစ်နှစ်ရှိပြီ။ စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်ခဲ့ကြတဲ့ အဖွဲ့ အစည်းတွေသာ လုံးပါး ပါးခဲ့ကြတယ်၊ တချို့  ချုပ်ငြိမ်းကုန်ကြတယ်၊ တချို့ လည်းအသက်ကလေး ငွေ့ ငွေ့ ပဲကျန်ကြတယ်။
ဒါကြောင့် စစ်အာဏာရှင်အုပ်ချုပ်ရေးသည်သာ အစဉ်အမြဲခိုင်မာနေမည်လို့  မြင်တဲ့အမြင်ကို အရှိတရားလို့  ဆိုချင်တာလား။
နောက်တစ်ချက် ရှစ်ဆယ့်ရှစ်အရေးတော်ပုံ၏ နောက်ပိုင်း ပေါ်ထွန်းလာခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်သည်လည်း စစ်အစိုးရရဲ့  ဖိနှိပ်မှု့ အောက်မှာ ဆိုင်းပုဒ်မပြုတ်ရုံလေး ကျန်တော့ပါလား၊ ပြည်တွင်း ပြည်ပမှ လက်နက်ကိုင်ရော လက်နက်မဲ့ တော်လှန်နေကြသော အတိုက်အခံအုပ်စုဆိုသူများသည်လည်း အနှစ် နှစ်ဆယ်အတွင်းမှာ ဘာမှ မယ်မယ်ရရ အောင်မြင်တိုးတက်မှုဆိုတာ မရှိကြဘဲ စစ်အစိုးရကသာ သူ့  ခြေလှမ်း(၇)လှမ်း အတိုင်း သွားနေတာ ပန်းတိုင်ကို ရောက်လာတော့မှာပါလားဆိုတဲ့ အမြင်ကိုလည်း အရှိတရားလို့  ဆိုချင်ပါသလား။
စစ်အာဏာရှင် စံနစ်ကို ဟိုတုန်းကလည်း တော်လှန်လို့ မရခဲ့ဘူး၊ အခုလည်း မရဘူး ဒါကြောင့် နောင်မှာလည်း မရနိုင်ဘူးဆိုတဲ့ အမြင်သည်လည်း အရှိတရားအား ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားပြီးမှ ရရှိတဲ့အမြင်မျိုးလား။
အရှိတရားဆိုတာကို ဒီလောက်ပဲမြင်တတ်တယ် ဆိုရင်တော့ သိပ်ပြီးတိမ်လွန်းရာကျပါလိမ့်မယ်။ မျက်စိ မမြင်တဲ့ ပုဏ္ဏားခြောက်ယောက်ရဲ့  ဆင်စမ်းတဲ့ အမြင်မျိုးပဲဖြစ်ပါလိမ့်မယ်၊ အာဏာရှင်စံနစ်ဟူသည် ပြည်သူနှင့်ထာဝရ ပဋိပက္ခရှိနေသည် ဆိုသည်ကို မပြောင်းလဲသည့် အရှိတရားလို့ နားလည်ရပါလိမ့်မည်။ ၎င်းအရှိတရားအတွင်းမှ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးပေါ်ပေါက်လာသလို အတိုက်အခံအဖွဲ့  အစည်းတွေလည်း ပေါ်ပေါက်လာကြပါတယ်။ အာဏာရှင်စံနစ်ရှိနေသ၍၊ ဟန်ပြ ကလိန်ခြုံရွေးကောက်ပွဲနဲ့  အာဏာရှင်စံနစ်ကို အခြေခံသော အခြေခံဥပဒေ ရှိနေသ၍ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတို့ ရဲ့  ပဋိပက္ခသည်လည်း ကြီးထွားနေဆဲ ဖြစ်နေမည်သာဖြစ်ပါသည်၊ ဤသည်သာ တကယ့်အရှိတရားဖြစ်ပါသည်။ သီအိုရီနှင့် ဖေါ်မြူလာတွေကို ရွတ်ဆိုကြနေသည် မဟုတ်ပါ။ အရှိတရားကို ထင်ရှားအောင်ပြနေခြင်း ဖြစ်ပါသည်။ ပဋိပက္ခ၏ ဘက်နှစ်ဘက်ကိုကြည့်လျှင် စစ်အစိုးရ၏ ဘက်၌ သူ၏စစ်တပ်နှင့် သူ့ကိုအကာအကွယ်ပေး ကူညီနေသည့် ကွန်မြူနစ်နိုင်ငံကြီး နှစ်နိုင်ငံရှိသည်၊ ယာယီ အကျိုးစီးပွါးအတွက် အဆင်ပြေအောင် ကြည့်ပေါင်းနေတဲ့ အာစီယံလို ဆိတ်လစီ့ နိုင်ငံလေးတွေလည်းရှိသည်၊ အတိုက်အခံ အမည်ခံပြီး ကိုယ်ကောင်းစားမယ်ဆိုရင် အချိန်မရွေး စစ်အုပ်စုနဲ့  ပေါင်းမည့်သူများ၊ ပေါင်းခဲ့သူများလည်း ရှိသည်။ အတိုက်အခံအဖွဲ့ များထဲတွင် စစ်အုပ်စု၏ သူလျှိုများ ရှိနေမည်မှာလည်း မလွဲနိုင်ပါ၊ စစ်အုပ်စု၏ အရင်းအနှီးများနှင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီများ၊ စစ်အုပ်စု၏ အကျိုးစီးပွါးများကို လက္ခံထိမ်းသိမ်းပေးနေသော ဘဏ်ကြီးများ ရှိနေသည်၊ ၎င်းတို့  အားလုံးသည် မြန်မာပြည်သူလူထု၏ မျက်နှာကိုမကြည့်ကြဘဲ၊ အတ္တအကျိုးစီးပွါးအပေါ်မှာသာ အတူတူရပ်နေကြသူများဖြစ်သည်။ ဒါက စစ်အစိုးရ၏ ဘက်ပါ။ သူတို့ အားလုံးသည် မြန်မာပြည်ဒီမိုကရေစီရရှိရေးကို မလိုလားသူများနှင့် စိတ်မဝင်စားသူများပင်ဖြစ်ပါသည်။
စစ်အာဏာရှင်စံနစ်ကို မလိုလားသည့် ဘက်မှာ ပြည်သူလူထုကြီးရှိသည်၊ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကြီးရှိသည်၊ ဒီမိုကရေစီကို အမှန်တကယ်လိုလားသည့် အတိုက်အခံအဖွဲ့  များ ရှိသည်၊ မြန်မာနိုင်ငံကို ဒီမိုကရေစီစံနစ် အမှန်တကယ် ဖြစ်ထွန်းစေလိုသည့် အင်အားကြီးနိုင်ငံများ၊ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံများရှိသည်၊ လူသားချင်းစာနာထောက်ထားသည့် နိုင်ငံများရှိသည်။
၎င်း ဘက်နှစ်ဘက်ကို နှိုင်းယှဉ်ကြည့်လျှင် စစ်အစိုးရကိုဆန့် ကျင်သည့်ဘက်မှ အင်အားသည် အလွန်တရာကြီးမားနေသည်မှာ မြင်သာပါသည်။ သို့ သော် ယနေ့ တိုင် စစ်အစိုးရသည် အသာစီးက အဘယ်ကြောင့် ရှိမြဲ ရှိနေရသနည်းဆိုသော် အတိုက်အခံဘက်သည် စစ်အစိုးရကို အနိုင်တိုက်နိုင်မည့် တနည်းအားဖြင့် စစ်အစိုးရကို လူမှန်နေရာမှန် လမ်းကြောင်းပေါ်ကို တင်ထားပေးနိုင်မည့် နည်းလမ်းများ(သို့မဟုတ်) မဟာဗျူဟာနှင့် နည်းဗျူဟာများအပြင် နိုင်ငံရေးဦးတည်ချက်ပြတ်သားမှု့ တို့ ၌ မညီညွတ်ကြသေးခြင်းနှင့် အားနည်းမှု့  များရှိနေကြခြင်းတို့ ကြောင့်ဖြစ်ပါသည်။
အတိုက်အခံတို့ ဘက်မှ အားနည်းချက်သည် ပြုပြင်ရန်မလွယ်ကူသည့် အနေအထားမျိုး မဟုတ်ပါ၊ ကမ္ဘာ့ဒီမိုကရေစီ ရေစီးကြောင်းနှင့် ဂလိုဘယ်လိုင်ဇေးရှင်းတို့ ၏ တွန်းအားကြောင့် အတိုက်အခံတို့  ဘက်မှာ ဘုံဦးတည်ချက်သည် တူညီလာရမည်သာ ဖြစ်ပါသည်။
စစ်အာဏာရှင်ဘက်ကတော့ တိုင်းပြည်ရဲ့ စီးပွါးတွေကို သူ့ အား အကာအကွယ်ပေးနေသည့် နိုင်ငံတွေကို အသားကုန် လာဘ်ထိုးရင်း လူထုနဲ့ ကမ္ဘာကို လိမ်ညာမှု အမျိုးမျိုး လုပ်ရင်း ဂိတ်ကုန်နေသော အနေအထားကို ရောက်နေပါပြီ။
ဤသည်သာ အရှိတရားအပေါ် ဓမ္မဓိဋ္ဌာန်ကျကျစဉ်းစားချက် ဖြစ်ပါသည်။
တော်လှန်ရေး အကြောင်း
Design - လူထုအသံ
“တော်လှန်ရေးကြီး ဘာကြောင့် မအောင်မြင်ရသေးသလဲ” ဆိုတဲ့ စကားမှာပဲ တော်လှန်ရေး မပြီးဆုံးသေးဘူးလို့ အဓိပ္ပာယ် ပါဝင်နေပြီး ဖြစ်ပါတယ်။ ဒါကြောင့် မပြီးသေးတဲ့ တော်လှန်ရေးမှာ အဆုံးသပ် ပွဲပြီးတဲ့ အရှုံးအနိုင်ကို ကြိုပြောလို့ မရနိုင်သေးပါဘူး။ ဒါပေမယ့် “မအောင်မြင်သေး” ဆိုတဲ့ စကားအရ တော်လှန်ရေးရဲ့ ဖြစ်စဉ်တခုခုကို စမ်းကြည့်ခဲ့ဖူးတယ် ဆိုတာကတော့ ထင်ရှားနေပါတယ်။
တော်လှန်ရေး ဖြစ်လာအောင် လူတွေက ရည်ရွယ်ချက်နဲ့ လုပ်ပုံလုပ်နည်းကို ပေါင်းစပ်ယူလိုက်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြုပြင်ပြောင်းလဲမှုတခုခုကို ရယူချင်လို့ ဖြစ်ပြီး လုပ်ပုံလုပ်နည်းမှာတော့ အဆင့်ဆင့် အကြိမ်ကြိမ် လုပ်ယူရတာမျိုး ဖြစ်ပါတယ်။
လက်နက်ကိုင် တိုက်ခိုက်ပြီး ပြောင်းလဲယူမှ တော်လှန်ရေးလို့ ခေါ်တာ မဟုတ်ပါဘူး။ စီးပွားရေးမှာလည်း တော်လှန်ရေး ဆိုတာ ရှိပါတယ်။ သေနတ်တချက်မှ ပစ်ဖောက်တာ မရှိပါဘူး။ မိသားစုထဲမှာ တော်လှန်တာကအစ နိုင်ငံတခုအတွင်းမှာ တော်လှန်တာထိ တော်လှန်ရေးပေါင်းစုံ ရှိပါတယ်။ ဒီ့ထက်တောင်ရှိတာက ကမ္ဘာ့နိုင်ငံရေး စနစ်ကြီးတွေမှာ ဖြစ်ပါတယ်။
ကွန်မြူနစ်စနစ်ကို ကမ္ဘာပေါ်မှာ ပြန့်နှံ့သွားအောင် တချိန်ကကြိုးပမ်းတာတွေဟာ တော်လှန်ရေးတရပ်ပါ။ ကမ္ဘာ့အင်အားကြီး ဆိုဗီယက်က ဦးဆောင်ပြီး လုပ်တာတောင် မအောင်မြင်နိုင်ခဲ့တဲ့ သက်သေတွေ အများကြီး ရှိနေပါတယ်။
ကနေ့ခေတ်မှာလည်း ဒီမိုကရေစီစနစ်ကို ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးလာရအောင် ဝိုင်းဝန်းကြိုးပမ်း နေကြပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲဖို့ လုပ်ကြတာဟာလည်း တော်လှန်ရေး တရပ်ပါပဲ။ ခုအချိန်မှာတော့ အဆုံးသပ်အောင်ပွဲကို မရသေးပါဘူး။ ကမ္ဘာ့နိုင်ငံများအားလုံးက စစ်မှန်တဲ့ ဒီမိုကရေစီကို အပြည့်အဝ ခံစားရတဲ့နေ့ဟာ ဒီမိုကရေစီတော်လှန်ရေး ပြီးဆုံးတဲ့နေ့ ပါပဲ။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမှတ်မရတော့တဲ့ မှတ်တမ်းတခုမှာ ကမ္ဘာ့နိုင်ငံအားလုံးအနက် (၃)နိုင်ငံက လွဲပြီး မိမိတို့နိုင်ငံဟာ “ဒီမိုကရေစီပါ။ ဒီမိုကရေစီ ကျင့်ဝတ်တွေနဲ့အညီ ဖြစ်ပါတယ်” လို့ ကြေညာထားကြတာကို အင်္ဂလိပ်လို ဖတ်မိပါတယ်။ ဗဟုသုတအနေနဲ့ပြောရရင် အဲဒီ (၃)နိုင်ငံကတော့ ဆော်ဒီအာရေဗျ၊ အီရန်နဲ့ ကျနော်တို့ရဲ့ရွှေမြန်မာ နိုင်ငံတို့ပဲ ဖြစ်ကြပါတယ်။
ဒီအတိုင်းဆိုရင် ကမ္ဘာပေါ်မှာ ဒီမိုကရေစီ တော်လှန်ရေးကြီးက မပြီးဆုံးသေးပါဘူး။ ရွှေမြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ တော်လှန်ရေး မပြီးဆုံးသေးပါဘူး။
ကိစ္စတခုဟာ အများအကျိုးအတွက် တကယ်တမ်း ထိုက်တန်တဲ့ တန်ဖိုးတခုကို ပေးဆောင်နိုင်တယ်ဆိုရင် ဘယ်ကိစ္စမဆို မပြီးသေးရင် ပြီးအောင် လုပ်ရမှာက တာဝန်တရပ်ပါပဲ။
l ဘယ်သူတွေ တာဝန်ယူမလဲ။
l တာဝန်ယူသူတွေ များလာအောင် ဘယ်လိုလုပ်ကြမလဲ။
l ဘာတာဝန်တွေ ယူကြမှာလဲ။
l တာဝန်တွေကို ဘယ်လို ခွဲဝေထားကြမလဲ။
l ဒီတာဝန်တွေလုပ်ဖို့ အရည်အချင်းတွေ ဘယ်လို မြှင့်တင်ပေးမလဲ။
l အရည်အချင်းရှိသူတွေ ရလာပြီဆိုရင် ဘယ်နေရာတွေမှာ တာဝန်ထမ်းဆောင်စေမလဲ။
ဒီမှာတင်ပဲ မေးခွန်းတွေက များလာပြီ။ လေးလေးနက်နက်တွေးလေ၊ ပိုပြီး နက်ရှိုင်းလေ၊ လုပ်စရာတွေ များလေ ဖြစ်နေပါပြီ။
ကြီးကြီးကျယ်ကျယ် ဆိုပေမယ့် စနစ်ကျအောင် လုပ်နိုင်ရင် ကောင်းတာမို့ “မဟာဗျူဟာ” ဆိုတာ ရှိရပါ တော့မယ်။ ဒါဆိုရင် မဟာဗျူဟာ ရေးမယ့်သူတွေ၊ အကောင်အထည်ဖော်မယ့်သူတွေ လိုအပ်လာပါပြီ။ တဆက်တည်းမှာပဲ “နည်းဗျူဟာ”တွေ ပါလာတော့မယ်။ လေ့ကျင့်ရတော့မယ်။ လေ့ကျင့်ဖို့ လိုအပ်ချက် တွေကလည်း အများကြီး ရှိနေဦးမှာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကို မှန်းရလွယ်သလောက်၊ ထားရလွယ်သလောက် လက်တွေ့မှာ လုပ်ရတဲ့ နည်းလမ်းနဲ့ အားထုတ်ပုံတွေက အများကြီး ပိုခက်ရုံမက ပိုပြီးကြန့်ကြာတတ်ပါတယ်။
အားမလို အားမရ ဖြစ်လွန်းလို့ အချိန်မတန်ပဲ ထလုပ်လိုက်ရင် ဟိုအရင် မြန်မာဘုရင်ခေတ်တွေက အစည်းပြေနေတဲ့ ဝါးတချောင်းချင်းနဲ့ အင်္ဂလိပ်နယ်ချဲ့ကို လိုက်ရိုက်နေသလို ဖြစ်နေမှာပါပဲ။
တော်လှန်ရေးမှာ ပေးဆပ်လိုက်ရတယ် ဆိုတာ အင်မတန် ဂုဏ်ယူစရာပါ။ အင်မတန်ကောင်းတဲ့ သမိုင်း အမွေအနှစ်လည်း ဖြစ်ပါတယ်။ ဒါကို မငြင်းနိုင်အောင် ရှိပေမယ့် တော်လှန်ရေးနဲ့ဆိုင်တဲ့ တန်ဖိုးတခုခု အမြတ်မထွက်ပဲ ပေးဆပ်လိုက်ရတာ တော်လှန်ရေးအတွက် နစ်နာဆုံးရှုံးမှုတခုလည်း ဖြစ်နေပြန်ပါတယ်။
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး ဆိုတာက ကမ္ဘာ့ဒီမိုကရေစီ တော်လှန်ရေးနဲ့ တဆက်တည်း တစပ်တည်း ဖြစ်လို့ ကမ္ဘာ့ရေစီးကြောင်းနဲ့အတူ လိုက်သွားဖို့လည်း ရှိပါတယ်။ စံနမူနာတောင် ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။
တော်လှန်ရေးတရပ် ဖြစ်ပေါ်လာနိုင်ဖို့ မခံမရပ်နိုင်တဲ့ အကြောင်းရင်းတခု ရှိနေရပါမယ်။ ပြီးရင် အဆင့် (၄)ခုနဲ့ ဖြတ်သန်းရပါတယ်။ အဓိကအကျဆုံး အချက်ကတော့ လူထုက ပါဝင် ထောက်ခံ အားပေးတာ ရှိနေရပါတယ်။
လူထု ဆိုတာ အာဏာနဲ့ နောက်ထပ် အမိန့်ပေးတာ မခံရတော့တဲ့ ခေါင်းဆောင်နဲ့ သူ့အလိုကိုလိုက်ပြီး လုပ်ပေးနေကြတဲ့ လူတစုကလွဲ၍ ကျန်နေသူအားလုံးကို ခေါ်ပါတယ်။ ဒါကြောင့် အစိုးရဝန်ထမ်းတွေနဲ့တကွ တပ်မတော်သားတွေ၊ ရဲတွေလည်း လူထု ဖြစ်ပါတယ်။
အကြောင်းရင်းတွေမှာ အဓိကအချက်က မတရားတာကို သီးမခံနိုင်တာ ဖြစ်ချင်ဖြစ်မယ်။ အမျိုး-ဘာသာ- သာသနာကို ထိခိုက်စော်ကားတာကို လက်မခံနိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ အစိုးရကို မကြိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။
ဘယ်လိုပဲ အကြောင်းရင်းပဲဖြစ်ဖြစ် ပထမဦးဆုံးအဆင့်မှာ သဘောမကျ ဆန့်ကျင်သူတွေ တဦးချင်းကနေ၊ တဖြည်းဖြည်းနဲ့ လူစုလူဝေး ပုံစံမျိုးအထိ ထွက်ပေါ်လာကြပါတယ်။ သူတို့ဟာ တက်ကြွလှုပ်ရှားသူတွေပါပဲ။
လူစုလူဝေးက တညီတညာတည်း ကန့်ကွက်တောင်းဆိုတာတွေ ဖြစ်လာရင် ပုံမှန် လှုပ်ရှားနေတာတွေဟာ ထူးခြားတဲ့ အရှိန်တခုနဲ့ အလျင်အမြန် ပြောင်းလဲသွားရုံမက ငြိမ်နေတာတွေလည်း နိုးကြားလာပါတယ်။ လူထုထောက်ခံမှုကို တဖြည်းဖြည်း စရလာပါတယ်။ အစိုးရဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေလည်း ပါဝင်လာကြပါတယ်။
အဲဒီလိုဖြစ်တာတွေ များလာရင် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ အားပေးထောက်ခံတဲ့ လူထုဟာ သူတို့ရဲ့ နေ့စဉ်ပုံမှန်ကိစ္စတွေကို အဖျက်ခံပြီး အရှိန်ကောင်းသထက်ကောင်းအောင် ကြိုးပမ်းလာတာကြောင့် အစိုးရယန္တယားဟာ ထိန်းမနိုင် သိမ်းမရနဲ့ စပျက်လာပါတော့တယ်။
အစိုးရလို့ခေါ်တဲ့ လူတွေကလည်း ဒါကို မဖြစ်ဖြစ်အောင် ဖြိုခွဲနှိပ်ကွပ်တတ်ကြပါတယ်။
အဲဒီလို ဖြိုခွဲနှိပ်ကွပ်နေတာတောင် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ လူထုဘက်မှာ အင်အား၊ စိတ်ဓါတ်၊ နည်းပညာအပြင် အခြားပံ့ပိုးမှုတွေ အလုံအလောက် ရှိနေသေးတယ် ဆိုရင် တော်လှန်ရေး တရပ်ကို ဘယ်လိုမှ မတားဆီးနိုင်တော့ပဲ လူထုကြားထဲကနေ မွေးဖွားပေးလိုက်နိုင်ပါတော့တယ်။
ဒါက လူထုနဲ့ လူထုမကြိုက်တဲ့ အစိုးရအကြား တော်လှန်ရေးတရပ် ပေါ်ပေါက်လာပုံပါ။
.
လွင်အောင်စိုး (၂-၂-၂ဝဝ၉)
အတွေးအခေါ်တော်လှန်ရေး (၃) A Revolution of The Mind by Jonathan Israel
ဒေါက်တာအောင်ခင် / ၂၅ ဇွန် ၂၀၁၀
အနောက်ဥရောပ အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးသမား radical နဲ့ ပြုပြင်ရေးသမား moderate တွေ ပေါ်ထွက်လာလာပုံကို ဂျော်နသန်အစ္စရေးက ရှင်းပြထားတယ်။ ညီမျှရေး (equality) ဆိုင်ရာသဘောထားမှာ အခြေခံပြီး အယူအဆကွဲပြားသွားကြတာဖြစ်တယ်။ အင်္ဂလိပ်ပညာရှင် ဂျွန်လော့ခ် John Locke (၁၆၃၂-၁၇၀၄) က ပြုပြင်ရေးသမားတွေရဲ့ ရှေ့ပြေးခေါင်းဆောင်ဖြစ်လာပြီး ဒတ်ခ်ျပညာရှင် Spinoza စပင်နိုဇာ (၁၆၃၂-၁၆၇၇) က တော်လှန်ရေးသမားတွေရဲ့ ရှေးဦးဆရာဖြစ်လာတယ်။ ညီမျှရေးဝါဒမှာ အခြေခံတဲ့ လူမှုရေးအမြင်ကနေ ခေတ်သစ်ဒီမိုကရေစီ အယူအဆ ထွက်ပေါ်လာတာပါပဲ။ ဒီမိုကရေစီဟာ အကောင်းဆုံးအစိုးရစနစ်လို့ ပထမဆုံးပြောသူတွေထဲမှာ ‘စပင်နိုဇာ’ ပါဝင်တယ်။
ရာထူးအဆင့်အတန်းနဲ့ မြေယာပိုင်ဆိုင်မှုကို ရှေးရိုးအစဉ်အလာတိုင်း လက်ခံထားတာဟာ လူ့အဖွဲ့အစည်းကို ပျက်စီးစေတယ်လို့ တော်လှန်ရေးဝါဒီတွေက မြင်ကြတယ်။ အဖိနှိပ်ခံ၊ အနှိမ်ခံ သာမန်လူတန်းစားထဲကသာ ပညာထူးချွန်သူတွေ ပေါ်ထွက်လာတာဖြစ်လို့ ပညာတတ်သူကသာ ရာထူးရပိုင်ခွင့်ရှိတယ်လို့ တော်လှန်ရေးဝါဒီတွေက မြင်တယ်။ ဂျွန်လော့နဲ့ စပင်နိုဇာကွယ်လွန်ပြီး အနှစ် (၇၀) လောက်ကြာတော့ အခွင့်ထူးခံလူနည်းစုအုပ်ချုပ်မှု Aristocracy ကို ဆန့်ကျင်မှု အားကောင်းလာတယ်။ လွတ်လပ်မှုဆိုတာ အာဏာပိုင်တွေ ထင်သလိုလုပ်တာကို ဆိုလိုတာဖြစ်ကြောင်း မီးအားဘူ- Mirabeau (၁၇၄၉-၉၁)၊ ဒေါလ်ဘတ်ရှ- d’Holbach၊ ဒီဒါရိုး-Diderot၊ အလ်ဗိရှု-Helvetius (၁၇၁၅-၁၇၇၁) တို့က ယူဆတယ်။ ဒါပေမယ့် လူသားအားလုံး စီးပွားရေးညီမျှရမယ်ဆိုတာကို သူတို့က လက်မခံဘူး။ လူ့အဖွဲ့အစည်းကို အများဆုံးအသုံးပြုသူဟာ အများဆုံးဆုလာဘ်ခံစားခွင့်ရှိရမယ်လို့ သူတို့ ယုံကြည်တယ်။
လူတိုင်းဟာ အလုပ်ကြိုးစားကြတာမဟုတ်တဲ့အတွက် ကြိုးစားရင် ကြိုးစားသလို အကျိုးခံစားခွင့် ရှိတယ်လို့ဆိုတယ်။ တဦးနဲ့တဦး အရည်အချင်းမတူတာကြောင့် အရည်အချင်းကိုလိုက်ပြီး အကျိုးခံစားခွင့်ပေးရမယ်လို့ တော်လှန်ရေးဝါဒီတွေက ယုံကြည်တယ်။ တိုင်းပြည်ရဲ့ ဓနဥစ္စာခွဲဝေမှု အကြီးအကျယ် ကွာဟနေတာ လက်ခံနိုင်စရာမရှိလို့ နိုင်ငံသားရဲ့ပိုင်ဆိုင်မှုမှာ ချိန်ခွင့်လျှာလို မျှမျှတတ a just equilibrium ဖြစ်အောင် လုပ်ရမယ်လို့ ယူဆကြတယ်။ နိုင်ငံသားအားလုံးကို တတ်နိုင်သမျှ ကြည့်ရှုစောင့်ရှောက်ဖို့ အစိုးရတိုင်းမှာ တာဝန်ရှိတယ်လို့လည်း တော်လှန်ရေးဝါဒီတွေက ယူဆတယ်။ ဘာသာရေးကင်းရှင်းတဲ့ ကိုယ်ကျင့်တရားဟာ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး၊ အသားအရောင်မရွေး အတူတူသာဖြစ်ရမယ်လို့ ဆိုတယ်။ ဒေါလ်ဘတ်ရှ၊ မီးအားဘူ၊ ဘရီစိုနဲ့ တွမ်ပိန်းတို့က အကြမ်းမဖက်ဘဲ နှလုံးရည်တိုက်ပွဲဝင်ကြဖို့ ဆော်သြပေမယ့် ဒီဒါရိုးကတော့ ဖိနှိပ်တဲ့အာဏာပိုင်တွေကို ပုန်ကန်ဖို့ ဆင်းရဲသားတွေကို တိုက်တွန်းတဲ့အထိ ပြင်းထန်လာတယ်။ ပြင်သစ်တပြည်လုံးမှာ လျှို့ဝှက်ထုတ်ဝေတဲ့ တော်လှန်ရေးစာပေပျံ့နှံ့နေတာဟာ အတွေးအခေါ် တော်လှန်ရေးဖြစ်ပွားနေတာပါပဲ။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ပဲရစ်အာဏာပိုင်တွေဟာ တော်လှန်တဲ့အတွေးအခေါ် စာအုပ် (၇) အုပ်ကို ၁၇၇၀ မှာ မီးလျှို့ဖျက်ဆီးပြတယ်။
ဂန္ထ၀င်ဘောဂဗေဒ (classical economics) လို့ ဒီကနေ့ လူသိများတဲ့ စီးပွားရေးပညာဟာ ၁၇၆၅ နဲ့ ၁၇၇၅ အကြားမှာ ပေါ်ထွက်လာတယ်။ တူဂိုး-Turgot (၁၇၂၇-၁၇၈၁) ရဲ့ စီးပွားရေးစာတမ်း (၁၇၆၆) မှာ ထွက်လာပြီး ဘက်ကဲရီယာ-Beccaria (၁၇၃၈-၁၇၉၄) ရဲ့စာတမ်းဟာ (၁၇၇၁) မှာ ထွက်လာတယ်။ အဒမ်စမစ်- Adam Smith ရဲ့စာတမ်းကို (၁၇၇၆) မှာ ထုတ်ဝေတယ်။ ဒီပညာရှင် (၃) ဦးဟာ ထူးခြားတဲ့ပါရမီရှင် မိုးကျရွှေကိုယ်တွေမဟုတ်ဘူး။ သူတို့ခေတ်မှာ ရေပန်းစားတဲ့ ဒဿနအမြင်၊ ကိုယ်ကျင့်တရားနဲ့ လူမှုရေး အယူအဆက မွေးထုတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ ဂျော်နသန်အစ္စရေးက ရှင်းပြတယ်။
အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးသမားနဲ့ ပြုပြင်ရေးသမား ပြိုင်ဆိုင်ကြတဲ့ နောက်ခံသမိုင်းကြောင်းကို နားလည်မှ ဂန္ထ၀င်ဘောဂဗေဒပညာရဲ့ အခန်းကဏ္ဍကို နားလည်လိမ့်မယ်လို့ ဂျော်နသန်အစ္စရေးက ဆိုတယ်။ ဈေးကွက်ကို မချုပ်ချယ် မကန့်သတ်ဘဲ လွတ်လပ်ခွင့်ပေးလိုက်ရင် လူ့အဖွဲ့အစည်းဟာ တိုးတက်ဖွံ့ဖြိုးလာလိမ့်မယ်လို့ တူဂိုး၊ ဘက်ကဲရီယာနဲ့ အဒမ်စမစ်တို့က ဆိုတယ်။ ရှေးဓလေ့ထုံးစံ မှားယွင်းတဲ့လမ်းစဉ်၊ အခွင့်ထူးခံယူမှု၊ ချုပ်ချယ်မှု၊ လက်ဝါးကြီးအုပ်မှု၊ မတရားအခွန်စည်းကြပ်မှု စတာတွေဟာ စီးပွားရေးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေတယ်လို့ သူတို့က ယုံကြည်တယ်။ ဒါပေမယ့် ဒီချွတ်ယွင်းချက်တွေကို ပြုပြင်ပြောင်းလဲရာမှာ တည်ဆဲစနစ်နဲ့ ဘာသာရေးအကြီးအကဲတွေကို မထိခိုက်မနစ်နာစေဘဲ အကောင်အထည်ဖော်နိုင်တယ်လို့ သူတို့ကမြင်တယ်။ ပြည်သူတွေ ဆင်းရဲနွမ်းပါးနေတာကိုတော့ အဓိကမထားကြဘူး။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုတွေ ရုပ်သိမ်းလိုက်ရင် ဆင်းရဲမှုပြဿနာ ကွယ်ပျောက်သွားလိမ့်မယ်လို့သာ ဆိုပါတယ်။ စီးပွားရေးတိုးတက်မှုဆိတ်သုဉ်းနေလို့ တရုတ်ပြည်မှာ ဆင်းရဲသားများနေရတာကို တူဂိုးက ထောက်ပြတယ်။
ဒီစီးပွားရေးပညာရှင်တွေရဲ့ ပြုပြင်ရေးအယူအဆကို ဒီဒါရိုး၊ အလ်ဗီရှု၊ ဒေါလ်ဘတ်ရှနဲ့ ဘရီစိုတို့က ဆန့်ကျင်ကြတယ်။ ခေတ်ဟောင်းကို ပြုပြင်ပြီးတည်ဆောက်တဲ့ စီးပွားရေးစနစ်သစ်ကို သူတို့က အယုံအကြည်မရှိကြဘူး။ မကောင်းတဲ့ စနစ်ဟောင်းကို ပြုပြင်နိုင်ရင် လူ့အဖွဲ့အစည်းတခုလုံး ကောင်းမွန်လာမယ်လို့ ပြောနေပေမယ့် ဆင်းရဲနွမ်းပါးမှု ကျဆင်းမသွားတဲ့အတွက် ပြုပြင်ရေးသမားတွေ သြဇာအရှိန်အ၀ါ ကျဆင်းလာတယ်။ ဒါကြောင့် ၁၇၈၀ နောက်ပိုင်းမှာ အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုကို တော်လှန်ရေးသမားတွေက ဦးဆောင်လာတယ်။ ပြုပြင်ရေးသမားတွေ အရေးနိမ့်သွားတာဟာ ပြင်သစ်တော်လှန်ရေးနဲ့ အတွေးအခေါ်တော်လှန်ရေး အရှိန်အဟုန် ပြင်းထန်လာတဲ့ အကြောင်းအရင်းတခုပါပဲ။
(၁၈) ရာစု မြန်မာပြည်မှာ အိမ်နီးချင်းနိုင်ငံတွေ (အထူးသဖြင့် ယိုးဒယား) နဲ့ မကြာခဏစစ်ဖြစ်သလို ဥရောပမှာလည်း မကြာခဏစစ်ဖြစ်တယ်။ ထူးခြားတာကတော့ အတွေးအခေါ် တော်လှန်ရေးဖြစ်ပွားတဲ့ ဥရောပမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာပါပဲ။ တိုင်းသူပြည်သား သာယာဝပြောရေးကို ဂရုမစိုက်ဘဲ ဘုရင်နဲ့မင်းညီမင်းသားတွေ စစ်ဆင်တာကို ဒေါဘတ်ရှက ရှုတ်ချတယ်။ တရားတဲ့စစ်ပွဲဆိုတာဟာ အဖိနှိပ်ခံပြည်သူလူထုက ဖိနှိပ်သူတွေကို တော်လှန်တဲ့စစ်ပွဲသာဖြစ်တယ်လို့ ဒီဒါရိုးကဆိုတယ်။ ပြည်သူလူထုကို ခိုင်းစားသူတွေဟာ ဘုရင်၊ အထက်တန်းစား၊ ကုန်သည်ပွဲစားနဲ့ ရဟန်းတွေဖြစ်တယ်လို့ဆိုတယ်။ တကယ်တော့ အသိဉာဏ်ပွင့်လင်းရေး လှုပ်ရှားမှုတခုလုံးဟာ (၁၈) ရာစုစစ်ဝါဒနဲ့ စစ်ပွဲတွေကို ဝေဖန်ရှုတ်ချကြတယ်။ ဒါပေမယ့် ဒီနေရာမှာလည်း တော်လှန်ရေးဝါဒီနဲ့ ပြုပြင်ရေးဝါဒီဆိုပြီး နှစ်ခြမ်းကွဲသွားတယ်။ ဥပမာ ပြုပြင်ရေးသမားအဖြစ် နာမည်ကြီးနေတဲ့ ဘုရင်ဖရက်ဒနစ် Frederick the great ကို အပြောတမျိုး အလုပ်တမျိုးလုပ်တဲ့ ပုဂ္ဂိုလ်အဖြစ် ဝေဖန်ရေးသားကြတယ်။ စစ်ဘုရင် ဖရက်ဒရစ်ကိုယ်တိုင် မခံမရပ်ဖြစ်ပြီး ပြန်လည်ချေပတဲ့အထိ အငြင်းပွားခဲ့ကြတယ်။
ပြုပြင်ရေးဝါဒီတွေဖြစ်တဲ့ ဗော့တယ်-ရူးဆိုး (Rousseau) နဲ့ ကန့် (Immanual Kant) တို့ကတော့ စစ်ဝါဒကို ပြတ်ပြတ်သားသား ရှုတ်ချတာမျိုးမလုပ်ကြဘူး။ သည်းခံနိုင်ဖို့၊ တယူသန်မဖြစ်ဖို့၊ ဘာသာရေးအယူအသီးဖို့ ကြိုးစားရင်း ငြိမ်းချမ်းရနိုင်တယ်ဆိုတာလောက်ပဲ ဗော့တယ်ကရေးတယ်။ ကင်သရင်းဘုရင်မကြီးရဲ့ နယ်ချဲ့စစ်ပွဲကိုလည်း ဗော့တယ်က အပြစ်မမြင်ဘူး။ အမြဲတမ်းငြိမ်းချမ်းဖို့ဆိုတာဟာ မဖြစ်နိုင်တဲ့ အိပ်မက်ပဲလို့ ရူးဆိုးက မြင်တယ်။ ကန့်ကလည်း မင်းညီမင်းသားရဲ့ လုပ်ပိုင်ခွင့်ကိုသာ အဓိကထားနေပြီး ဒီမိုကရေစီသဘောတရားကို တမင်ရှောင်နေတယ်။ စစ်မဖြစ်အောင် လက်ရှိနိုင်ငံရေးစနစ်ကို ဘယ်လိုပြောင်းလဲမှာလည်းဆိုတာကို ပြုပြင်ရေးဝါဒီတွေ အဖြေမပေးနိုင်ဘဲ ဖြစ်နေတယ်။ စစ်ဖြစ်တာဟာ တည်ဆဲနိုင်ငံရေးအဆောက်အအုံရဲ့ အစိတ်အပိုင်းတခုဖြစ်နေတာမို့ တည်ဆဲနိုင်ငံရေးစနစ်ကို ပြောင်းလဲဖို့ စိတ်မကူးတဲ့ ပြုပြင်ရေးဝါဒီတွေမှာ စစ်ကိုဟန့်တားမယ့် အယူအဆ ကင်းမဲ့နေတယ်။
နှစ်နဲ့ချီပြီးတိုက်ခိုက်ရလို့ လူပေါင်းသိန်းသောင်းချီပြီး သေဆုံးခဲ့ရတဲ့ Austria ထီးနန်းဆက်ခံရေးစစ်ပွဲ (၁၇၄၀-၄၈) (၇) နှစ်စစ်ပွဲ (၁၇၅၆-၇၃) စတဲ့ စစ်ပွဲတွေဟာ တိုင်းသူပြည်သားတွေ၊ စစ်သားတွေနဲ့ လုံးဝမဆိုင်တဲ့ စစ်ပွဲတွေဖြစ်လို့ လက်မခံနိုင်ဘူးလို့ တော်လှန်ရေးဝါဒီတွေက ဆိုတယ်။ ဘုရင်၊ မှူးမတ်၊ အထက်တန်းလွှာနဲ့ ငွေရှင်ကြေးရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဆင်နွှဲတဲ့ စစ်ပွဲတွေဖြစ်လို့ ရှောင်လို့ရတဲ့ စစ်ပွဲတွေပဲလို့ တော်လှန်ရေးသမားတွေက ဆိုတယ်။ (၁၈) ရာစုစစ်ပွဲတွေဟာ အကျိုးမရှိတဲ့ ပျက်စီးဆုံးရှုံးမှုတွေပဲလို့ ဒေါလ်ဘတ်ရှက သုံးသပ်တယ်။
စစ်ဖြစ်တဲ့အခါမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို ကောင်းမွန်စွာဆက်ဆံဖို့နဲ့ မဆိုင်တဲ့အရပ်သားကို အန္တရာယ်မပေးဖို့ အတွေးအခေါ် တော်လှန်ရေးသမားတွေက တောင်းဆိုတယ်။ ဘုန်းတန်ခိုးကြီးချင်တဲ့ မင်းဟာ တိုင်းသူပြည်သားနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အန္တရာယ်ပေးတတ်ကြောင်း၊ အမြဲတမ်းစစ်တပ်ထားတာ လူ့အဖွဲ့အစည်းအတွက် အကျိုးမရှိကြောင်း ရေးသားကြတယ်။ လူ့အဖွဲ့အစည်းတခုလုံး အသိဉာဏ်ပွင့်လင်းလာရင် စစ်ဗိုလ်ကြီးစိုးပြီး အမြဲတမ်းစစ်တပ်ထားတာမျိုး ထင်သလို စစ်တိုက်နေတာမျိုး မလုပ်နိုင်တော့ဘူးလို့ တော်လှန်ရေးဝါဒီတွေက ယုံကြည်ကြတယ်။ ရာထူးအဆင့်အတန်း ရိုသေလေးစားတဲ့ အယူသီးမှု ကွယ်ပျောက်သွားရင် စစ်ဗိုလ်ကြီးစိုးမှုလည်း နိဂုံးချုပ်သွားမယ့် သဘောပါပဲ။
ကိုယ်ကျင့်တရားနဲ့ တရားတဲ့ဥပဒေကို နိုင်ငံတွင်းမှာသုံးနိုင်ရင် ညီမျှမှုကို ရရှိနိုင်သလို နိုင်ငံအချင်းချင်း ဆက်ဆံရာမှာလည်း အသုံးပြုနိုင်ရင် အကောင်းဆုံးပဲလို့ ယူဆကြတယ်။ အသိဉာဏ်ပွင့်လင်းမှုနဲ့ စစ်မှန်တဲ့ ကိုယ်ကျင့်တရားမရှိလို့ တဦးကိုတဦးက ဖိနှိပ်ညှဉ်းပန်းပြီး စစ်တိုက်နေကြတာကို အတွေးအခေါ် တော်လှန်ရေးသမားတွေက မြင်တယ်။ ဖိနှိပ်တဲ့အစိုးရနဲ့ စစ်ဝါဒီတွေ ပေါ်ပေါက်လာတာဟာ အာဏာရှင်ဘုရင်စနစ်ကြောင့်ပဲလို့ တွမ်ပိန်းကဆိုတယ်။ လူသားဟာ အချင်းချင်း ရန်လုပ်တတ်တဲ့ သတ္တ၀ါမဟုတ်တဲ့အတွက် အသိဉာဏ်ပွင့်လင်းလာရင် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ဆိုတယ်။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးရဖို့ အပြောင်းအလဲနှစ်ခုလိုတယ်။ ပထမအပြောင်းအလဲက နိုင်ငံတိုင်းမှာ ဒီမိုကရေစီအစိုးရစနစ် တည်ထောင်ဖို့ဖြစ်ပြီး ဒုတိယအပြောင်းအလဲက အပြည်ပြည်ဆိုင်ရာ အထွေထွေညီလာခံကြီးကျင်းပပြီး နိုင်ငံတကာဆက်ဆံရေး ဥပဒေတွေရေးဖို့နဲ့ အငြင်းပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဖြစ်တယ်။ ဒီလိုအဖြစ်ကို ရောက်ရှိလာဖို့အတွက် အမြဲတမ်းစစ်တပ်ထားရှိပြီး အခွန်တော်ကြီးလေးစွာ ကောက်ယူနေတဲ့ ဘုရင်စနစ်၊ လူတစုအုပ်ချုပ်ရေးစနစ်နဲ့ ဘာသာရေးအာဏာပိုင်ကို အရင်ဆုံးတော်လှန်ရလိမ့်မယ်လို့ တွမ်ပိန်းနဲ့ အခြားအတွေးအခေါ် တော်လှန်ရေးသမားတွေက ဆိုတယ်။ တော်လှန်တဲ့အတွေးအခေါ်ဟာ မှန်ကန်ကြောင်း ကမ္ဘာ့သမိုင်းက သက်သေပြနေတယ်။
(၁၆) ရာစု ဘုရင့်နောင်ရဲ့ စစ်အောင်ပွဲတွေဟာ မြန်မာ့ဇာတိမာန်ကို အမြဲတစေ နိုးဆွပေးနိုင်တဲ့ ဂုဏ်သတ္တိထူးရှိတာကြောင့် လက်ရှိစစ်အစိုးရရဲ့ ၀ါဒဖြန့်လုပ်ငန်းမှာ အရေးပါနေဆဲဖြစ်တယ်။ ဒါပေမယ့် ဘုရင့်နောင်သေပြီး မကြာမီ မြန်မာနိုင်ငံ ပြိုကွဲပျက်စီးရတာကြောင့် စစ်အင်အားအပေါ် အခြေခံတဲ့ နိုင်ငံရဲ့ အားနည်းချက်ကို သိနိုင်တယ်။ နှစ်ပေါင်း (၅၀) ကျော် စစ်တိုက်ခဲ့ပေမယ့် အရာမထင်တာ တွေ့နိုင်တယ်။ စစ်ပွဲကြောင့် လူဦးရေနည်းပါးလာတဲ့ တိုင်းပြည်ကို (၁၇) ရာစုမှာ ပြုပြင်သူဟာ သာလွန်မင်းပဲ။
ပြည်သူ့အကျိုးထမ်းဆောင်သူဟာ သာလွန်မင်းတဦးတည်း ရှိသလိုဖြစ်နေတယ်။ သာလွန်မင်းရဲ့ ပြုပြင်ရေးလုပ်ငန်းတွေမှာ အတင်းအကျပ်ခိုင်းတာမျိုး မရှိဘူး။ ၁၆၃၇ က တရုတ်စစ်တပ်တွေ နယ်စပ်မှာ လှုပ်ရှားနေတဲ့အတွက် နယ်ခြားဒေသကို ဗမာစစ်တပ်ချီရာမှာ လိုက်နာရမယ့် စည်းကမ်းကို သာလွန်မင်းက ပြဋ္ဌာန်းတယ်။ စစ်ချီနေတုန်း လမ်းမှာတွေ့တဲ့ ကြက်၊ ၀က်၊ ဆိတ်၊ နွားစတာတွေကို သတ်မစားဖို့၊ ပြည်သူ့သားသမီးကို မစော်ကားဖို့နဲ့ ပြည်သူ့ပစ္စည်းကိုမလုယက်ဖို့ အမိန့်ထုတ်ထားတယ်။ ပြည်သူ့အခွင့်အရေးကို စစ်သားကရိုသေလေးစားပြီး စစ်တပ်ဟာ ပြည်သူပိုင်တဲ့ အဖွဲ့ဖြစ်ကြောင်း ယုံကြည်လာအောင် ပြသရမယ်လို့ သာလွန်မင်းက ယူဆကြောင်း ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ သုတေသနစာတမ်းတွေမှာ ဖော်ပြတယ်။
အပိုင်း (၄) နိဂုံးကို ဆက်လက်ဖော်ပြပါမည်။