Saturday, August 7, 2010
Thursday, August 5, 2010
အိုင်ဒီအိုလိုဂျီလွန်ခေတ် အနာဂတ်ဟောကိန်း ဟောနိုင် မနိုင် - မောင်စူးစမ်း
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပေါ်ပေါက်မည့် လွှတ်တော်နိုင်ငံရေးတို့တွင် တိုင်နှစ်တိုင်ကိုဖြုတ်၍ စဉ်းစားချင်သည်။ ပထမတိုင်သည် အိုင်ဒီအိုလိုဂျီ (သဘောတရား)တိုင် ဖြစ်၍ ဒုတိယတိုင်သည် ခေတ်ပြိုင်မြန်မာ့သမိုင်း ဖြစ်သည်။ နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီနှင့် သမိုင်းတို့ကို နန်းချပစ်ရသည်မှာ အခြေအနေနှင့် ဆီလျော်အပ်စပ်မှု မရှိတော့ပြီဟု ယူဆမိ၍ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်းကောင်း၊ ရွေးကောက်ပွဲလွန် ကာလတွင်လည်းကောင်း၊ အိုင်ဒီအိုလိုဂျီနှင့် ခေတ်ပြိုင်သမိုင်းဝန်းကျင် မဆီလျော်တော့ပြီ။
ဤသို့ မဆီလျော်သည့် တိုင်နှစ်တိုင်ကို ဖြုတ်ပစ်လျှင် ဘာကျန်မည်နည်းဟု မေးစရာရှိသည်။ ရှေးဦးပထမ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းတို့ကို အဘယ်ကြောင့် နန်းချပစ်သင့်သနည်းဟု ဆိုသောအကြောင်းကို ရှင်းပြရန်လိုသည်။ မြန်မာ့နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီမျိုးစုံကို ဖြတ်သန်းစမ်းသပ်ကြည့်ပြီး ဖြစ်သည်။ အထူးသဖြင့် လက်ဝဲအိုင်ဒီအိုလိုဂျီတို့ကို မီးပြင်းတိုက်ပြီး စမ်းသပ်ခဲ့ကြသည်။ ရလဒ်ကား ဒုက္ခပင်လယ်ဝေခဲ့ခြင်းသာ ဖြစ်သည်။ အိုင်ဒီအိုလိုဂျီတို့က အတော်နှိပ်စက်ခဲ့ပြီးဖြစ်၍ တော်လောက်ပြီဟု ထင်သည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် အိုင်ဒီအိုလိုဂျီမော မောနေသည်။ Ideology Fatique ခံစားနေရသည်။
အရိပ်သုံးပါးနားမလည်၊ အိုင်ဒီအိုလိုဂျီကို ရှေ့တန်းတင်လျှင် ရူးလို့သာဖြစ်မည်။ တကယ်စင်စစ်၌လည်း ခေတ်ကြီးသည် အိုင်ဒီအိုလိုဂျီလွန်ခေတ် (Post ideology Era) ထဲ ရောက်ရှိနေသည်။ အိုင်ဒီအိုလိုဂျီဆို မကြားချင်ကြပေ။ အိုင်ဒီအိုလိုဂျီကို မုန်းနေသည်။ ထို့ကြောင့် အနာဂတ်၏ နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီတိုင်ကိုဖြုတ်၍ အစည်းအဝေးတွေ ခေါ်ရမည်ဟု ထင်သည်။
ခေတ်ပြိုင်သမိုင်းတိုင်ကိုလည်း ဖြုတ်သင့်သည်။ မြန်မာ့ခေတ်ပြိုင်သမိုင်းသည် အလွန်တရာမှ ကြမ်းတမ်းသည်။ ရှုပ်ထွေးသည်။ တစ်ခုတည်းသော အနက်အဓိပ္ပါယ် ဖွင့်ဆိုလို့မရ။ အမြင်တစ်ယောက်တစ်မျိုး ဖြစ်နိုင်သည်။ ရှုပ်ထွေးရုံမျှမက မြန်မာ့ခေတ်ပြိုင်သမိုင်းသည် အပြတ်အတောက်တွေ သိပ်များသည်။ စီးရီးဆွဲလို့မရသော အပြတ်အတောက်တို့နှင့် ခုန်ပေါက်နေသည်။ ကြမ်းလည်း ကြမ်းတမ်းသည်။ ထို့ကြောင့် မြန်မာ့ခေတ်ပြိုင်သမိုင်းသည် မြန်မာ့ပကတိအခြေအနေနှင့် ဆီလျော်အပ်စပ်လိမ့်မည် မဟုတ်ပေ။ Irrelevance ဟု ပြောရမည်။
ထို့ကြောင့် အိုင်ဒီအိုလိုဂျီနှင့် ခေတ်ပြိုင်မြန်မာ့သမိုင်းတို့သည် အခြေအနေနှင့် မအပ်စပ်သဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ဖြစ်စေ၊ ရွေးကောက်ပွဲအပြီး ကာလအတွက်ဖြစ်စေ အညွှန်းအဖြစ် အရေးပါခြင်းမရှိဟု တင်ပြအပ်သည်။ မည်သည့်အရာတို့သည် အညွှန်းဖြစ်မလဲဟု ကြိုတင်လျာထား ကြည့်ပြန်လျှင်လည်း စိတ္တဇမဆန်မိဖို့ကို ဂရုစိုက်ရဦးမည်။
လာမည့်ရွေးကောက်ပွဲသည် ပါတီစုံရွေးကောက်ပွဲဖြစ်လေရာ လက်ရှိတည်ဆဲ သတ်မှတ်ထားချက်အတိုင်းဆိုလျှင် တရားဝင် မှတ်ပုံတင်ထားကြသော နိုင်ငံရေးပါတီတို့ကိုသာ ရည်ညွှန်းသည်။ သို့ရာတွင် ရွေးကောက်ပွဲဥပဒေနှင့် ပါတီများဥပဒေ ပေါ်ထွက်လာသောအခါ ပါတီသစ်များ ထပ်မံပေါ်နိုင်မည်။ ထိုပါတီသစ်များထဲတွင် စိတ်ဝင်စားစရာကောင်းမည့် မူဝါဒတစ်ခုကို စိတ်ထဲမြင်ယောင်မိသည်။
ရွေးကောက်ပွဲ နိုင်ငံရေး
စာမျက်နှာ - ၁၂၉ မှ ၁၃၃
http://www.myanmarthway.co.cc
၂၀၁၀ နှင့် နိုင်ငံရေးဦးနှောက် ယနေ့မြန်မာ -
ယနေ့မြန်မာနိုင်ငံ၊ မြန်မာ့နိုင်ငံရေး အခြေအနေတွင် ဦးနှောက်အရေးကြီးကြောင်း၊ ခံစားမှု အီမိုးရှင်းသက်သက်သမားထက် ဦးနှောက်သမားက ပိုလိုအပ်ကြောင်း သုံးပွင့်ဆိုင် ပလေယာပုံသဏ္ဌာန်ကိုကြည့်ပြီး ပြောလို့ရသည်။ သုံးပွင့်ဆိုင်ဟူသည် (၁) စပွန်ဆာ၊ (၂) နိုင်ငံရေးခေါင်းဆောင်များ၊ (၃) မဲဆန္ဒရှင်များ။ ဒီသုံးပွင့်ဆိုင်က ယနေ့နိုင်ငံရေးကို ပုံဖော်သွန်းလုပ်ကြမည်။ နိုင်ငံရေးဦးနှောက်က ဒီမှာ အရေးကြီးလာပြီ။ Political Brains သုံးဖက်လုံးမှာ ရှိကြသည်။
နိုင်ငံရေးသိပ္ပံပညာရှင်တို့ကတော့ ဤနိုင်ငံရေးဦးနှောက်ထဲတွင် အကြောင်းအကျိုးသုံးသပ်သော ဆင်ခြင်တုံတရား Reason နှင့် စိတ်ခံစားမှု (ဖီလင်အီမိုးရှင်း) Emotion အားပြိုင်ကြပုံကို စစ်တမ်းထုတ်ကြသည်။
မြန်မာ့နိုင်ငံရေး ဝေါဟာရနယ်ပယ်တွင် ၀ါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ ဆိုသော စကားလုံးတွေ အတော်သုံးကြသည်။ ဤနေရာတွင် ပုစ္ဆာတစ်ပုဒ် တွက်ချက်ဆင်ခြင်ကြည့်ဖို့ ပေါ်လာ၏။ ဆိုခဲ့ပါ ပလေယာတို့၏ နိုင်ငံရေးဦးနှောက်ထဲတွင် ဆင်ခြင်တုံတရားက နေရာယူလွှမ်းမိုးခဲ့သလား၊ အီမိုရှင်းကပဲ တွန်းဆော်ခဲ့သလား မေးခွန်းပုစ္ဆာ။
ပေါ်လစီရေးရာ၌ပင် ၀ါဒကိုအခြေခံ၊ စည်းမျဉ်းစည်းကမ်းကိုအခြေခံ လုပ်ဆောင်ကြလျှင် ယင်းကို ဆင်ခြင်တုံတရားဟု ယေဘုယျ သုံးသပ်နိုင်သည်။ ထိုအချက်ကို ဦးနှောက်မုန်တိုင်းဆင် Brain Storming ကြည့်ကြဦးစို့။ စိန်ခေါ်စဉ်းစားကြဦးစို့။ ထိုသို့ နိုင်ငံရေးသမားတို့ ၀ါဒပေါ်လစီရွေးချယ်ချမှတ် ကျင့်သုံးကြရာတွင် ကျိုးကြောင်းဆင်ခြင်ကြရာတွင် "အိမ်နီးချင်း"က အတော်သြဇာ လွှမ်းခဲ့ကြသလား သို့မဟုတ် အင်အားကြီး အင်ပါယာတို့က သြဇာညောင်းခဲ့ကြသလား။
ဥပမာ တစ်ခေတ်က လီနင်စတာလင် ဆိုဗီယက်ယူနီယံအင်ပါယာ Logic စဉ်းစားနည်းမျိုး အတုခိုးခဲ့ကြသလား။ တရုတ်မော်စီတုံးတို့၏ မဟာပစ္စည်းမဲ့ ယဉ်ကျေးမှုတော်လှန်ရေး လုပ်တာမျိုး၊ ဖြုတ်ထုတ်သတ်လမ်းစဉ် ချမှတ်ကျင့်သုံးခဲ့တာမျိုး။ ယင်းကို ဆင်ခြင်တုံတရားဟု ခေါ်မည်လား၊ ခံစားမှုအီမိုးရှင်းအကြိုက်ဟု ခေါ်မည်လား၊ ဘာ "စံ" လဲ၊ ဘာ "နှုန်း" လဲ၊ သဲကွဲစွာ ဝေဖန်နိုင်ဖို့ လို၏။
နိုင်ငံရေးသည် လူတို့၏ အီမိုးရှင်းလွှမ်းသော အလုပ်ဖြစ်သည်မှာ ထင်ရှား၏။ သမိုင်းရာဇ၀င်များကို ကြည့်။ နိုင်ငံရေးသည် မေတ္တာဇာတ်လမ်းထက် အမုန်းဇာတ်လမ်းဟု နိုင်ငံရေးပညာရှင်တချို့က ခပ်ပြတ်ပြတ် ခပ်ရဲရဲ ဖွင့်ဟကြသည်။ ထောက်ပြကြသည်။ လူတို့၏ နိုင်ငံရေးဦးနှောက်ထဲတွင် ထိုအီမိုးရှင်းက သဘာဝအလျောက် နေရာယူထားပြီးဟု ဆိုနိုင်သည်။ လူတို့သည် အီမိုးရှင်းသတ္တ၀ါများ ဖြစ်ကြပေသည်တကား။
ယခု (ဒီယခုက အရေးကြီး ယခု) နိုင်ငံရေးမှာ လူမျိုးရေး ဘာသာရေးများ အခြေခံခြင်းကို ကမ္ဘာအ၀ှမ်း လျှော့ချဖို့ ကြိုးစားနေကြပြီ။ အရှေ့-အရှေ့အလျောက်၊ အနောက်-အနောက်အလျောက်၊ ယင်းစား လူတန်းစားထိပ်လွှာ (အီလစ်)နှင့် အောက်ခြေ (ပေါ်ပြူလစ်) တို့ဆိုပြီး ခွဲခြားကြည့်လာသည်။ လူ့အဖွဲ့အစည်းသည် ထိပ်လွှာနှင့် အောက်ခြေ ပေါင်းစပ်ထားခြင်းဟု အကြမ်းဖျဉ်း နားလည်နိုင်သည်။ ယင်းအခြေခံဖြင့် နိုင်ငံရေးကို ကြည့်ကြသည်။
ထို့ကြောင့် ပေါ်လစီဝါဒ တံဆိပ်ခတ်ကြလျှင် (၁) Elitism (၂) Populism ဆိုပြီး မျက်နှာစာနှစ်ဖက်ကို ကြည့်သောနည်း ပေါ်လာသည်။
ထို့ပြင် (၁) ကွန်ဆာဗေးတစ်၊ (၂) လစ်ဘရယ်၊ (၃) ဆိုရှယ်လစ်ဟု ဂိုဏ်းခွဲပြောနည်းလည်း ရှိသည်။
၂၀၁၀ ယနေ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီးကာလတို့တွင် နိုင်ငံရေးတံဆိပ် ဘယ်လို ကပ်ကြမည်လဲ၊ စဉ်းစားတွေးမြင်ကြည့်ချင်စရာ ကောင်းနေသည်။
(၁) ဘာသာရေးအခြေစိုက်
(၂) လူမျိုးရေးနှင့် ယဉ်ကျေးမှုအခြေစိုက်
(၃) လူတန်းစားအခြေစိုက်
(၄) နိုင်ငံရေးဝါဒ ပေါ်လစီအခြေစိုက်
(၅) အီလစ်၊ ပေါ်ပြူလစ်အခြေစိုက်
(၆) နိုင်ငံလုံးဆိုင်ရာအခြေစိုက်
(၇) ဒေသအခြေစိုက်
(၈) အမျိုးသမီးအခြေစိုက်
စသည်ဖြင့် ပါတီစုံပေါ်လာနိုင်သည်။
မည်သို့ရှိစေ နိုင်ငံရေးဦးနှောက်တော့ ရှိကြပြီးသားဟု မှတ်ယူရသည်။ သန်ရာသန်ရာ အမျိုးမျိုးအစားစား အဖုံဖုံ။
နိုင်ငံရေးကို သုံးသပ်သည်ထက် နိုင်ငံရေးဦးနှောက်သုံးသပ်သည့် အကြောင်းအရာ ရှုထောင့်သစ်တစ်မျိုး ရေပန်းစားလာမည်ဟု The Political Brain by Drew Westen ကို ကိုးကားညွှန်းပြု၍ ဆရာမောင်စူးစမ်းက ရန်ကုန်တိုင်းမ် အတွဲ ၆၊ အမှတ် ၆၊ ဖေဖော်ဝါရီ ၁၁/၁၇-၂၀၁၀ မှာ ရေးလာပြန်ပါသည်။
ထင်ဆင့်ညွှန်းသူ၏ ကိုယ်ပိုင်အမြင်
နိုင်ငံရေးတွင် ခံစားမှု (ဆိုကြပါစို့ အမုန်းဒေါသ၊ အာဃာတစွဲ၊ ဂိုဏ်းအုပ်စုပုဂ္ဂိုလ်စွဲ) ထက် ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစား သုံးသပ်ပြီး Reality ပကတိအစစ်တရားက ဘာလဲ (ခါးသီးချင်ခါးသီး၊ စပ်ဖျင်းဖျင်း ဖြစ်ချင်လည်းဖြစ်) သေချာမြင်အောင်ကြည့်ပြီး ထိုခါးသီးမှုကိုပင် တဖြည်းဖြည်း ချိုအီဆိမ့်သပ်လေး ဖြစ်သွားအောင် ခပ်မှန်မှန် ၀ါးစားကြည့်ဖို့ လိုမည်။ အဲဒီနည်းကသာ ငြိမ်းချမ်းသော၊ စိမ်းလန်းသော၊ ဖွံ့ဖြိုးတိုးတက်သော၊ တည်ငြိမ်သာယာသော တိုင်းသစ်ပြည်သစ်၊ မြို့သစ်ရွာသစ်ကို ဦးတည်စေမည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတော်သစ်သို့ ရောက်မည်ယုံကြည်ကြောင်း....
မည်သူတွေ ဘာထင်ထင်၊ ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း ယုံကြည်မိပါကြောင်း ခပ်ပြတ်ပြတ် ရေးလိုက်စမ်းပါရစေ။ ကျေးဇူးတရားဖြင့်....
အမှတ် (၆၀)၊ April 1, 2010
စာမျက်နှာ - ၁၉
Wednesday, August 4, 2010
တ၀က်တပျက် အိုင်ဒီယာများ
A Half-Stocked Marketplace of Ideas
တ၀က်တပျက် အိုင်ဒီယာများ
ဒေးဗစ် စကော့ မက်သီဆင် ဇူလိုင် ၁၉၊ ၂၀၀၇
ဤစာအုပ်က မြန်မာနိုင်ငံ၏လက်ငင်းအခြေအနေကို ဖော်ပြရုံထက်တော့ ကျော်လွန်သည်။ ခေတ်သစ်ပညာရပ်ပိုင်းဆိုင်ရာ အတွက် မှတ်တိုင်တခုတော့ ဖြစ်လိမ့်မည်ဟု ယူဆရသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပညာရပ်ပိုင်းဆိုင်ရာ ဝေဖန် ပိုင်းခြား သုံးသပ် ထုတ်ဝေမှုများသည် အပြည့်အစုံမဖြစ်နိုင်လျှင်သော်မှ အလွန်ငတ်မွတ်ရှားပါးနေသောအချိန်တွင် ထမင်းရေ တခွက်ကဲ့သို့ အရေးပါတန်ဖိုးရှိသည်ဟု ဆိုရပေလိမ့်မည်။ တကယ်တော့ ဤနိုင်ငံမှ များစွာကြွယ်ဝလှသော အသိသုတများ ပို၍ ထုတ်ဝေသင့်သော အချိန်လည်း ဖြစ်သည်။
အန် ဂဲနက်ဆန် (N. Ganesan) နှင့် ကျော်ရင်လှိုင်တို့ ပူးတွဲတည်းဖြတ်ထုတ်ဝေသော “မြန်မာနိုင်ငံ၊ နိုင်ငံတော်၊ လူမှုအဖွဲ့အစည်းနှင့် တိုင်းရင်းသားလူမျိုးရေးရာ (Myanmar: State, Society and Ethnicity)” ဟူသော စာတမ်းများ စုစည်း ထုတ်ဝေမှုစာအုပ်က ဤပညာရပ်ဆိုင်ရာစာပေများ စာရင်း၏လိုအပ်ချက်ကို ထပ်မံ ဖြည့်ဆီးပေးခဲ့သည်။ သို့သော်လည်း ၀မ်းနည်းစိတ်မကောင်းဖွယ်ရာပင်။ အခြေခံ လိုအပ် သောအဟာရဓာတ်ကိုတော့ ပေးနိုင်ပါသည်။ သို့သော်လည်း ပညာရပ်ပိုင်း ဆိုင်ရာငတ်မွတ် တောင့်တနေမှုအတွက် အာသာမပြေစေပါဟု ဆိုရပါလိမ့်မည်။
ဤစာတမ်းများက ၂၀၀၅ ခုနှစ်တွင် ကျင်းပသော ဟီရိုရှီးမား ငြိမ်းချမ်းရေးသိပ္ပံ (Hiroshima Peace Institute) ၏ ဆွေးနွေးပွဲတွင် တင်ပြချက်များကို စုစည်းထား ခြင်းဖြစ်ပြီး မှတ်သားဖွယ် ထူးခြားသည့် ထပ်မံညွှန်းဆိုအကြံပြုဖွယ် အချက်အချို့ကို ထပ်မံဖြည့်စွက်ထားပါသည်။ ဤသို့ဖြင့် ဤစာအုပ်က အတွင်းသား အနှစ်သာရကို ပေးမည်ဟု ကတိက၀တ်ပြုဖော်ပြသော်လည်း နောက်ဆုံး ထူးမခြားနား ဖန်တရာ တေနေသော ငြီးငွေ့ဖွယ်တင်ပြချက်များနှင့်သာ ပြည့်နေပြီး ချေးငှားထားသော သုတေသနပြုချက်များနှင့် ပေါင်းစည်း၍ ခြုံငုံကောက်ချက်ဆွဲမှုများကိုသာပေးနိုင်သည့် စာအုပ်တွဲများအပုံထဲသို့ နောက်ထပ် တအုပ်အဖြစ် ထပ်မံတိုးလာစေပါတော့သည်။
အန် ဂဲနက်ဆန်ရေးသော “အရှေ့တောင်အာရှဒေသရှိ နိုင်ငံတော်နှင့် လူမှုအသိုင်းအ၀န်း ဆက်ဆံရေးများ(State- Society Relations in Southeast Asia) ” စာတမ်းနှင့် ရေချယ် ဆပ်ဖ်မင်း (Rachel Safman) ရေးသားသော “ပင်မအရှေ့တောင် အာရှဒေသမှ လူနည်းစုများနှင့် နိုင်ငံတော်တည်ဆောက်ရေး (Minorities and State-building in Mainland Southeast Asia)” စာတမ်းတို့က မြန်မာနိုင်ငံကို ပို၍ကျယ်ပြန့်သော ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးငြင်းခုန်မှုများဖြစ်သည့် ဗဟိုချက်မ နှင့် အစွန်အဖျား ဆက်ဆံရေးကိစ္စများနှင့် ချိတ်ဆက်၍တင်ပြနိုင်ရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ကြုံတွေ့ရမည့် စိန်ခေါ်ချက်ပြဿနာများအား တင်ပြနိုင်ရန် ကြိုးပမ်းထားသည့် စာတမ်းများ ဖြစ်ပါသည်။
သို့သော် ကံမကောင်း အကြောင်းမလှစွာပင် ဤစာတမ်းများတွင် အသစ်တင်ပြချက်များမပါရှိဘဲ ၁၉၉၂ ခု ၀န်းကျင်က ဘွဲ့လွန်ကျောင်းသား တဦး၏ စာပေဝေဖန်ချက်ကို ပြန်လည်ဖတ်ရှုရသကဲ့သို့ ဖြစ်နေသည်။ ခေတ်သစ်ပညာရပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအနံ့အသက်မျိုးပင် မပါဝင်ကြပါ။
ဒေးဗစ် စတိန်းဘာ့ဂ် (David Steinberg) ရေးသည့် “မြန်မာနိုင်ငံ၏ တရားဝင်ဖြစ်မှုပြဿနာ (Legitimacy of Burma-Myanmar)” အခန်းသည်လည်း ဤအကြောင်းအရာကိုပင် အကျယ်ရေးသားထားသည့် မကြာသေးခင်ကမှ ထုတ်ဝေခဲ့ သော သူ၏စာအုပ်ကို ပြန်၍အချုပ်ရေး ဖော်ပြထားသည့်နှယ် ရှိနေသည်။ ဖတ်ရသည်မှာလည်း မသွက်မလက်နှင့် လေးလေး လံလံ ရှိလွန်းလှသည်။
မူတီယာ အလာဂါပါ (Muttiah Allagapa) ၏ တရားဝင်ဖြစ်မှုဆိုင်ရာ စံထားသတ်မှတ်ချက် အဆင့် (၄) ဆင့်ကို အသုံးပြု ထားပြီး အဆင့် (၃) ဖြစ်သော လူထုများသို့ ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများ ထောက်ပံ့ပေးရာတွင် လျော်ကန်သော အဆင့်များရှိမှု အပိုင်း၌မူ စတိန်းဘာ့ဂ်က မြန်မာစစ်အစိုးရသည် အနောက်တိုင်းစံနှုန်းနှင့် ယှဉ်လျှင် အရည်အချင်း မပြည့်မီ သော်လည်း အခြေခံအဆောက်အဦများ (လမ်း၊ တံတား၊ ရေကာတာများ) တည်ဆောက်ရေး လုပ်ငန်းများတွင် ဆောင်ရွက် နိုင်ခဲ့သော အောင်မြင်မှုများမှာ “ဖြစ်အပ်သည့် အတိုင်းအတာ မရောက်လျှင်သော်မှ အသိအမှတ်ပြုဖွယ်ရှိသည်”ဟု စောဒက တက်ထားပါသည်။
စတိန်းဘာ့ဂ်က အခကြေးငွေမရသော ဆင့်ဆိုလုပ်အားကိစ္စ (corvee labour) နှင့် ပတ်သက်သောသတင်းများကို ကိုးကား ညွှန်းဆိုခဲ့သေးသည်။ ဤနေရာ၌ သူဆိုလိုသည်ကို မိမိယူဆသည်မှာ ပြည်သူများကို သေနတ်နှင့်ထောက် စုစည်းမောင်း နှင်၍ အကြမ်းဖက်မည်ဟူသော ခြိမ်းခြောက်မှုများနှင့် လမ်းများဖောက်စေခြင်း၊ စစ်တပ်အတွက် မြေမြုပ် မိုင်းရှင်းပေးရခြင်း ကိစ္စများကို ဆိုလိုခြင်း ဖြစ်ပါလိမ့်မည်။ ဤကိစ္စများကို အခြားသောသူများက “အဓမ္မလုပ်အား ခိုင်းစေမှု”ဟု ခေါ်ဆို ကြောင်းလည်း သူသဘောပေါက်ထားရန် လိုအပ်လိမ့်မည် ဖြစ်ပါသည်။ သူက သတိကြီးကြီးဖြင့် လွန်စွာဂရုစိုက် ရွေးချယ် သုံးထားသော အနှောင့်အသွားလွတ်မည့် ဝေါဟာရမျိုးသည် တိုင်းပြည်အတွင်း စစ်ခင်းနေကြသည့် တိုင်းရင်းသားလူမျိုးစု များ၏ တရားဝင်ဖြစ်မှုဆိုင်ရာကိစ္စများကို ရှင်းလင်းဖော်ပြနိုင်ခြင်း မရှိခဲ့ပါ။
ရောဘတ် အိပ်ခ်ျ တေလာ (Robert H Taylor) ရေးသားသော မြန်မာ-ဗြိတိသျှဆက်ဆံရေးအကြောင်းမှာ စိတ်ပျက်ဖွယ် ထပ်ကျော့သုတေသန အစုအပုံမျိုးဖြစ်သည်။ ဤလိုစာတမ်းမျိုးကို သက်သက်ညှာညှာခေါ်ဆို နာမည်ပေးရမည်ဆိုလျှင်ဖြင့် မိုက်ကရိုဝေ့ဖ်စက်ဖြင့် ဟင်းအလွယ်ချက်တတ်သည့် မြန်မာပြည်အကြောင်း ထမင်းချက်ပညာရှိဟုသာ ခေါ်ရန်သင့်ပါလိမ့် မည်။ အလားတူပင် ကေ နီမိုတို (Kei Nemoto) ၏ မြန်မာ-ဂျပန်ဆက်ဆံရေးသည်လည်း အလွန်ယေဘုယျကျလွန်းပြီး အတွင်းသားမပါလှပါ။ ထို့အပြင် ပြီးစလွယ် ကောက်နုတ်ချက်အနည်းအကျဉ်းမျှဖြင့် ကိုးကားရေးသားထားပါသေးသည်။
ဤသို့အတွင်းသား မပါလှသော အတိတ်ကိုပြန်ပြောသော စာအုပ်၏အားသာချက်အဖြစ် ဖော်ပြရန်အချို့လည်း ရှိပါသေး သည်။ ဖော်ပြရမည်ဆိုလျှင် ကျော်ရင်လှိုင်၏ “မြန်မာနိုင်ငံတွင် အဖွဲ့အစည်း၊ အသင်းအပင်းနှင့် လုပ်ကိုင်နေထိုင်မှုဘ၀ (Associational Life in Burma/ Myanmar) ”ကျမှသာ ကောင်းကွက်ကို စတွေ့ရပါသည်။ နိုင်ငံတော်အပိုင်းမဟုတ်သည့် လူမှုအရပ်ဘက်အသင်းအဖွဲ့များ၏ အသုံးဝင်လှသော သမိုင်းကို တွေ့ရပြီး ၎င်းတို့က နိုင်ငံတော်အပိုင်းကို စိန်ခေါ်ကာ မြန်မာ လူမှုအဖွဲ့အစည်း၏ စရိုက်လက္ခဏာအမှန်ကို ထိန်းသိမ်းထားကြပုံ၊ ထွေပြားစွာ တည်ရှိဖြစ်ပေါ်နေပုံကို တွေ့ကြရပါသည်။ ကျော်ရင်လှိုင်က အသေးစိတ်သမိုင်းအချက်အလက်များမှ ဆွဲထုတ်ဖော်ပြခဲ့ပြီး သူ၏တင်ပြချက်များကို ခိုင်လုံစေရန် အင်တာဗျူးများဖြင့်လည်း ဖြည့်စွက်ထားပါသည်။ ဤအခန်းတွင် ဆွေးနွေးချက်များသည် မြန်မာများမှဖြစ်စေ၊ နိုင်ငံခြားသား များမှဖြစ်စေ ပို၍သုတေသနပြုဖြည့်ဆည်းသင့်သည့် ခေါင်းစဉ်အကြောင်းအရာလည်း ဖြစ်ပါသည်။
တင်မောင်မောင်သန်းရေးသားသော လူသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်ပြဿနာများ စာတမ်းမှာလည်း ပြည့်စုံ၍ အထူး အသေးစိတ်ဖော်ပြထားပါသည်။ အစိုးရ၏ အမြင်၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်၊ ပြည်ပရောက် အတိုက်အခံ အင်အားစုများ၏အမြင် စသဖြင့် ချိန်ညှိမျှတစွာ ဖော်ပြထားသည်ကို ရှားရှားပါးပါး တွေ့ရပါသည်။ ထို့အပြင် ဤရေးသားဖော် ပြချက်သည် မြန်မာပြည်သူများခံစားနေကြရသော လူမှုဒုက္ခအပေါင်းကို ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများအတွင်းသို့ ဆွဲသွင်း ရန် ကြိုးပမ်းလာသော ဆောင်ရွက်ချက်တခုလည်း အနည်းဆုံး ဖြစ်နိုင်ပါလိမ့်မည်။ ဤအခန်း ၂ ခန်းသည်သာ စာအုပ်၏ အဓိကကျသော တင်ပြချက်များဖြစ်ပြီး ၎င်းစာတမ်းများပါနေသောကြောင့်သာ ၀ယ်သိမ်းထားသင့်သောစာတအုပ်ဖြစ်လာ စေပါသည်။
နောက်ပိုင်းအခန်းများတွင် ကာလကြာရှည်ဖိနှိပ်ချိုးနှိမ်ထားခံရသော တိုင်းရင်းသားလူမျိုးစုများ၏အသံကို နိုင်ငံတော်၊ လူမှု အဖွဲ့အစည်း အယူအဆနှင့်ယှဉ်၍ တင်ပြခဲ့ပါသည်။ ရပ်ရွာအတွင်း စီမံခန့်ခွဲမှုလုပ်ငန်းများ၏ အကျိုးဖြစ်ပုံကိုလည်း ဖော်ပြ နိုင်ခဲ့ပါသည်။ အလန်စောဦးက ရန်ကုန်နေကရင်လူထုများ၏ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် ချက်များကို အသေးစိတ်ဖော်ပြထားပါသည်။ အလားတူ ဂျနန် လာထော်ကလည်း ကချင်လူမျိုးများဖွဲ့စည်းထားသော “ရှာလုံ ဖောင်ဒေးရှင်း”အကြောင်းနှင့် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ၎င်း၏ အခန်းကဏ္ဍကို ဖော်ပြခဲ့ပါသည်။
ဤဖော်ပြချက်များသည် အလျင်စလိုထုတ်လာသော ဖော်ပြသုံးသပ်ချက်များဖြစ်ပြီး စာတမ်း ၂ စောင်လုံးက လက်ခံနိုင်ဖွယ် တင်ပြချက်များကို ပြုခဲ့ကြပါသည်။ ဤအမြင်များသည် နယ်စပ်နှင့် ပြည်ပရှိ အတိုက်အခံများ၏ အမြင်များနှင့် တူညီမှု ရှိနေပြီး မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုကြီးထွားနေသောအခြေအနေနှင့် လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုကင်းမဲ့နေ ကြသော အခြေအနေပပျောက်စေရန် အဖြေအဖြစ် အနာဂတ်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စုပေါင်းညှိနှိုင်းနည်းကို သုံးရန် လိုမည်ဟုလည်း ဖော်ပြခဲ့ ကြပါသည်။
စိုင်းခမ်းမုန်းက ရှမ်းပြည်နယ်နှင့်ပတ်သက်၍ တင်ပြလာသည်။ ဆယ်စုနှစ်ပေါင်းများစွာကြာ ရှုပ်ထွေး မသဲမကွဲမြင်နေရသော အခြေအနေများအပြီးမှ ပေါ်ထွက်လာခြင်းဖြစ်၍ များစွာကြိုဆိုဖွယ်ဖြစ်သော်လည်း ကံမကောင်းအကြောင်းမလှစွာပင် ထင်သည့်အတိုင်း မဖြစ်ခဲ့။ ၀နှင့် ကိုးကန့်ဒေသများ အပစ်အခတ်ရပ်စဲရေးပြီးနောက်ပိုင်း အခြေအနေကိုသာ ပို၍ အလေးပေး ဖော်ပြထားခဲ့ပြီး ရှမ်းပြည်နယ်၏ ရှုပ်ထွေးများပြားလှသော တိုင်းရင်းသားလူမျိုးများ အခြေအနေနှင့် မပြီးမစီးနိုင် ပဋိပက္ခများ အကြောင်းကိုမူ မျှတအောင် သုံးသပ်ဖော်ပြမှုအနည်းငယ်သာ တွေ့ခဲ့ရပါသည်။
စာတည်းဖြတ်သူ ပညာရှင် ၂ ဦးကလည်း ဤရွေးချယ်ဖော်ပြထားသော စာစုပေါင်းကို ဦးတည်ချက်ဆုံရပ်တခုသို့ရောက်စေ ရန် ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ပျက်ကွက်ခဲ့ပါသည်။ ထို့အပြင် မကြာခဏဆိုသလို သဒ္ဒါအထားအသိုနှင့် အခြားအမှား များကိုလည်း တွေ့ကြရပါသေးသည်။ ဥပမာအားဖြင့်- ဒေါ်အောင်ဆန်းစုကြည်ကို “ပြစ်မှုကျူးလွန်သော ဒီမိုကရေစီ ဘက်တော်သား” ဟု ဖော်ပြခြင်းမျိုး ဖြစ်ပါသည်။ (မြန်မာနိုင်ငံတွင် ဤသို့သောဥပဒေပြဌာန်းချက်ရှိသည်ဟု မိမိ မထင်ပါ) ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုရသောခုနှစ်ကိုလည်း ၁၉၉၅ ခုနှစ်ဟု ဖော်ပြထားပါသည်။ အမှန်မှာ ၁၉၉၁ ခုနှစ် ဖြစ်ပါသည်။
အမှန်ပြောရလျှင် ဤစာတမ်းပေါင်းချုပ်သည် နောက်ဆုံးအခန်းများ၌ ၎င်း၏အနှစ်သာရ ပျောက်သွားသည်ဟု ဆိုရပါလိမ့် မည်။
ခင်ဇော်ဝင်း၏ စိတ်အလိုလိုက်၍ ရှေ့နောက်မညီသော၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဆန့်ကျင်ဖော်ပြထားသော ထိုးဇာတ်သဖွယ် စာတမ်းမှာ စီးပွားရေးပညာသဘောအရ မေးခွန်းများစွာ ကျန်ရှိပါသည်။ ယဉ်ကျေးမှုကို အဓိကထားသည့် အမျိုးသားရေးဝါဒဘက် ကဲလွန်းနေပြီး (နိုင်ငံခြားသားမုန်းတီးရေးဘက်သို့ပင် ယိမ်းနေသည့်သဘော ရှိနေပါသည်။) စွန့်စား ရေးကဲသော ပညာရှိပဏ္ဍိတ်၏ဟောချက်သဖွယ် ဖြစ်နေသည်။ ငါ့စကားနွားရ ပြောရေးဆိုခွင့်ရထားသယောင် ဟန်ဆောင် နေသည်ဟုထင်မြင်မိပါသည်။
ဤသို့ကြမ်းတမ်းပြင်းထန်သည့် စကားလုံးများက ညနေစာစားပွဲတွင် ရှည်လျားစွာ စကားကောင်းပြောဆိုပြေလည်လာကြပြီး မှ အဆုံးတွင် ငြင်းခုန်မှုတချို့ကြောင့် ရုန်းရင်းဆန်ခတ် အဆုံးသတ်ရလိုက်ပုံမျိုး၊ နောက်တနေ့မှ နောင်တပြန်ရနေရမည့် အဖြစ်မျိုးနှင့် ဆင်တူနေပါသည်။ မည်သို့ပင်ဖြစ်စေ ဤအခန်း၏ ချို့ယွင်းအားနည်းချက်တခုတည်းကြောင့် မဟုတ်ပါ။ အခြား အားနည်းချက်များကြောင့်လည်း ဤစာအုပ်သည် နောက်ဆုံး အပြည့်အစုံမတင်ပြနိုင်သည့် တ၀က် တပျက် စုဆောင်းထား ရသည့် အိုင်ဒီယာများကို ပြီးစလွယ်လွှတ်လိုက်ရသည့် အခြေအနေမျိုး ဖြစ်သွားစေခဲ့ပါသည်။
၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ David Scott Mathieson ရေးသားသော A Half-Stocked Marketplace of Ideas ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ဒေးဗစ်စကော့ မက်သီဆင်သည် နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) တွင် မြန်မာနိုင်ငံရေးရာ အကြံပေးအဖြစ် တာဝန်ယူနေသူ ဖြစ်ပါသည်။
အစဉ်အလာနယ်ပယ်မှ ယဉ်ကျေးမှုအမြင်
မင်းခက်ရဲ
ယဉ်ကျေးမှုဖွင့်ဆိုချက်ကို အဓိကလေ့လာခဲ့ကြတာက စာပေအနုပညာနယ်ပယ်ဖြစ်ပေမယ့် ကိုယ်ကျင့် တရားဒသနအမြင်တွေမှာလည်း တွေ့ကြရတယ်လို့ မြင်ပါတယ်။ အရစတိုတယ်၊ ဂျွန်လော့ခ်၊ ဗီကို၊ တာဂေါ့(တ်)၊ ဘမ်သမ်စတဲ့ပုဂ္ဂိုလ်တွေရဲ့ ဒသနအမြင်တွေမှာ ယဉ်ကျေးမှုသဘောကို တွေ့ရပါတယ်။ ဒါပေမယ့် သူတို့က ယဉ် ကျေးမှုသဘောကို တိုက်ရိုက်ဖော်ထုတ်ထားတာမဟုတ်ပါဘူး။ ကြိုတင်ယူဆနိုင်စရာ (တစ်နည်းအားဖြင့်) ယဉ် ကျေးမှုအကြောင်းတွေကို အတိအလင်းလေ့လာ၊ ဖွင့်ဆို၊ ချဉ်းကပ်တာတွေ မလုပ်ကြခင်ကတည်းက ဒီလိုလုပ်တဲ့ အခါမှာ အထောက်အပံ့ပေးတဲ့ အရာတွေကိုသာ ဖော်ထုတ်ပေးခဲ့ကြပါတယ်။ ဒါကြောင့် သူတို့က ကိုယ်ကျင့် တရားစံကိုသာ အဓိကထားပြောခဲ့ကြတာပါ။ အရစတိုတယ်က ကောင်းခြင်း (Good) ဆိုတာ ကောင်းမြတ်သော အပြုအမူတွေကြောင့် ဖြစ်ပေါ်လာသော ပျော်ရွှင်ဝမ်းမြောက်မှုလို့ဆိုကြပါတယ်။ သူရဲ့ကောင်းခြင်းဟာ ယဉ်ကျေး သောအပြုအမူ။ အဲ့ဒီကနေ တစ်ဆင့်ဖြစ်ပေါ်လာမယ့် ယဉ်ကျေးမှုစတာတွေကို အရိပ်အယောင်းအဖြစ် ပြနေတဲ့ သဘောပါပဲ။
- John Locke
ဂျွန်လော့ခ်ဟာ ယဉ်ကျေးမှုနဲ့ တိုက်ရိုက်ပတ်သက်မှု မရှိပေမယ့် လူ့အဖွဲ့အစည်းအတွင်းရဲ့ သိပုံသိနည်း နဲ့ လူ့အဖွဲ့အစည်းထဲက သင်ယူပုံသင်ယူနည်းသဘောတွေကို လေ့လာတယ်။ သဘောက လူသားရဲ့ သိစိတ် သဘာဝကို လေ့လာတယ်။ သူသားရဲ့ သိစိတ်သဘာဝကို လေ့လာတဲ့ သူ့ရဲ့ An Essay Concerning, Human Under-standing (1690) ဟာ ထင်ရှားတယ်။ ဗြိတိန်ဒသနလောကအပေါ်မှာ လွှမ်းမိုးနိုင်ခဲ့တဲ့ စာအုပ်တစ်အုပ်ပါ ပဲ။ ဒီထဲမှာ သူအဓိကတင်ပြထားတာက လူသားရဲ့ သိစိတ်၊ သိမှုဟာ သူ့ပတ်ဝန်းကျင်က လူ့အ၀ိုင်းအ၀ိုင်းရဲ့ အသိပညာ (၀ါ) စုပေါင်း အသိပညာ (Collective Knowledge) ထဲကို ဘယ်လို ကိန်းအောင်းပျော်ဝင်သွားသလဲ ဆိုတာပြနေပါတယ်။ သိစိတ်ဆိုတာက ပကတိကြည့်လင်သန့်ရှင်းတဲ့အရာ၊ ပြင်ပက ၄င်းကို လာရိုက်ခတ်မှ ထင်ဟပ်လာတာမျိုးလို့ မြင်တယ်။ တစ်နည်းအားဖြင့် လော့ခ်ရဲ့ သိစိတ်ကို လေ့လာတင်ပြပုံဟာ ၄င်းသိစိတ်ဟာ နယ်ပယ်ဒေသသဘောဆန်ပြီး အသိပညာကိုလည်း သူနဲ့ သက်ဆိုင်ထိတွေ့ရတဲ့ ပတ်ဝန်းကျင် နယ်ပယ်ကလေး ကနေ ဘယ်လိုမျှဝေယူဆောင်သွားနိုင်သလဲဆိုတာကို ပြခဲ့တယ်။ ၁၈ ရာစုက ဒသနပညာရှင် ဗီကို (Vico) က တော့ လော့ခ်တို့ထက်စာရင် ယဉ်ကျေးမှုဆိုင်ရာ (Culture) သဘောတွေနဲ့ အများကြီး ရင်းနှီးလာပြီလို့ဆိုရပါမယ်။ သူရဲ့ ၁၇၄၄ ခုနှစ်ထုတ် (New Science) စာအုပ်ဟာ ထင်ရှား ပါတယ်။ ဥာဏ်အလင်းပွင့်လင်းခေတ်ရဲ့ သိမှု ဆိုင်ရာ နိုးကြားမှုတွေကလည်း ဒီလိုလူသားရေးရာတွေကို စိတ်ဝင်တစား ပြန်လည်ကိုင်တွယ်လာဖို့ အဓိကတွန်း အားပါပဲ။
ကမ္ဘာလောကကြီးက လူသားကိုချုပ်ကိုင်ပြီး
သူ့စိတ်ကြိုက်ဖန်တီးခွင့်မရဖို့အတွက် သူသားက
ပြန်လည်တုံ့ပြန်တဲ့နေရာမှာ
စိတ်ကွန့်မြူးမှုက အဓိကပါပဲလို့မြင်တယ်
- vico
ဗီကိုရဲ့ New Science စာအုပ်ဟာ လူမှုရေး သီအိုရီတွေအတွက် ရှေ့တော်ပြေးပါပဲ။ အထူးသဖြင့် ကလော်ဒီလေးဗီးစထရို (Cloude Levi Strauss) တို့ လေ့လာတဲ့ အဆောက်အအုံဝါဒဆိုင်ရာ မနုသဗေဒ၊ လူမှု ရေးဗေဒတို့ရဲ့ ရှေ့တော်ပြေးပါ။ ဗီကိုက လူသားသဘာဝကို လေ့လာစူးစမ်းရာမှာ ၄င်းတို့ရဲ့ သင်္ကေတဆိုင်ရာ ဖန်တီးမှုသဘာဝကို အထူပြုလေ့လာပါတယ်။ လူသားဟာ သူတို့ရဲ့ သမိုင်း၊ သူတို့ရဲ့ ဆက်သွယ်မှုပုံစံ၊ သူတို့ရဲ့ ယုံကြည်မှုစနစ်များ၊ သူတို့ရဲ့ဥပဒေ၊ အစဉ်အလာလုပ်ထုံးတွေကနေတဆင့် သင်္ကေတ (Symbols) တွေဖြစ်လာ တယ်။ လူသားဟာ ၄င်းသင်္ကေတတွေတဆင့် သင်္ကေတ (Symbols) တွေဖြစ်လာတယ်။ လူသားဟာ ၄င်း သင်္ကေတတွေနဲ့ ပြန်ညှိယူနေထိုင်ပြီး ကျင့်သုံးရပုံကိစကို လေ့လာတယ်။ ဗီကိုလေ့လာခဲ့တဲ့ ယုံကြည်မှုစနစ်၊ ဥပဒေ၊ ဆက်သွယ်မှုစတဲ့ အကြောင်းအရာအတော်များများဟာ ယနေ့ယဉ်ကျေးမှုကို အဓိပ္ပါယ်ဖွင့်ကြည်ကြရာမှာ အဓိကအခြေပြုထားတဲ့ အုတ်မြစ်တွေဖြစ်တယ်။ ဗီကိုက သင်္ကေတဆိုင်ရာ ပုံသဏ္ဍာန်ပြောင်းလဲမှု (Symbolic Transpormation) အကြောင်းကို ပြောတယ်။ ယခင်က သဘာဝတရားဆိုင်ရာကိစတွေ (Natural) ကနေ ယခု ယဉ်ကျေးမှုဆိုင်ရာ (Cultural) အဖြစ် ပြောင်းလဲသွားပုံပါပဲ။ ဥပမာ-ယခင် သဘာဝတရားက လူဟာ အ၀တ် အထည်နေရာမှာ တိရစ္ဆာန်အရေကိုခြုံစေပါတယ်။ ဒါဟာ သဘာဝနဲ့ ဆက်စပ်နေတဲ့ သင်္ကေတကိစတစ်ခုဖြစ်ပါ တယ်။ ယခုအခါမှ လူက ဖျင်အင်္ကျီကိုခြုံမယ်။ ဒါက ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတတစ်ခုဖြစ်တယ်။ နောက် ဂျင်း အင်္ကျီးကိုဝတ်မယ်၊ ဂျင်းဘောင်းဘီကိုဝတ်မယ် ဒါဟာ သင်္ကေတတွေပါ။ ဗီကိုက ၄င်းအရာလိုမျိုးသင်္ကေတဆိုင်ရာ ပုံသဏ္ဍာန်ပြောင်းလဲမှုကို အထူးပြုလေ့လာတာပါပဲ။ ဗီကိုက လူမှုရေးဗေဒပညာရှင်တွေထဲမှာ အဓိကထင်ရှားသူ ပါ။ သူကလည်း ယဉ်ကျေးမှုကို တိုက်ရိုက်ကိုင်တွယ်ပြောနေတာမျိုး မဟုတ်ပေမယ့် သူ့ရဲ့အမြင်တွေဟာ ယဉ်ကျေးမှုဖွင့်ဆိုချက်အတွက် အရေးပါတဲ့ အမြင်တွေပဲလို့ဆိုရပါမယ်။
ဗီကိုဟာ ဒဏ္ဍာရီဆန်မှု (Myth) တွေကိုလည်း လေ့လာစီစစ်တယ်။ ဒဏ္ဍာ ရီဆိုတာဟာ လူ့အဖွဲ့အစည်း ထဲမှာ ယုံကြည်လက်ခံထားတဲ့ သဘာဝလွန်ကိစတွေလို့ (၄င်းကာလလောက်က အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးလို့) ဆိုနိုင်ပါတယ်။ အဲ့ဒီစိစစ်မှုကတော့ လူမှုရေးဆိုင်ရာ ယဉ်ကျေးမှုသဘာဝဖြစ်ထွန်းလာမှုသဘောကို ဖော်ထုတ်ပြ တဲ့အကျိုးကျေးဇူးရလာစေတယ်။ လူ့အဖွဲ့အစည်းတိုင်းဟာ အဆင့်သုံးဆင့်ကို ဖြတ်သန်းရတယ်လို့ ဗီကိုကမြင် တယ်။ နတ်ဘုရားများခေတ်၊ သူရဲကောင်းများခေတ်၊ လူသားများရဲ့ခေတ်လို့ဆိုပါတယ်။ ၄င်းအဆင့်သုံးဆင့်ဟာ လူသားရဲ့ ယဉ်ကျေးမှု ဖြစ်ထွန်းလာပုံကို ဖော်ပြနေပါတယ်။ အဓိကအားဖြင့်တော့ လူသားရဲ့ အစဉ်အလာ ရိုးရိုးထုံးစံကို အမျိုးအစားသုံးမျိုးနဲ့ ဖော်ပြထားတာပါပဲ။ နောက် ဒုတိယနဲ့ တတိယက ဥပဒေနဲ့ ဓနဥစာပိုင်ဆိုင်မှု အဓိကသဘောတွေပါ။ လူသားရဲ့ပုဂ္ဂလိက ကိုယ်ရည်ကိုယ်သွေးဟာ ကြမ်းတမ်းရက်စက်မှုကနေ ဟီးရိုး (၀ါ) သူရဲ ကောင်းခေတ်မှာ မာနတရား၊ ၄င်းကနေတဆင့် လူသားခေတ်မှာ ဆင်ခြင်တုံတရားဆိုပြီးတော့လည်း ပြောင်းလဲခဲ့ တယ်လို့ ဗီကိုကမြင်ပါတယ်။ ဒါဟာ ယဉ်ကျေးမှုဆိုတာလူသားရဲ့ အဇျတ္တအတွင်းက ကောင်းခြင်း (Goodness) ပဲလို့မြင်တဲ့ အမြင်မျိုးရဲ့ အစလို့ဆိုရမှာဖြစ်ပါတယ်။
ဘမ်သမ်ရဲ့ ယဉ်ကျေးမှုဆိုင်ရာအမြင်တချို့ကို သူရဲ့ 1789 ခုနှစ်ထုတ် (An Introduction To The Principle Of Morals And Legistation) ဆိုတဲ့ စာအုပ်မှာတွေ့ရပါမယ်။ သဘာဝတရားဟာ လူကိုနာကျင်မှုနဲ့ သာယာမှုဆိုတဲ့သဘောနဲ့ ချုပ်ကိုင်ခဲ့တယ်။ လူဟာ ၄င်းစနစ်ထဲမှာ နေထိုင်လှည့်ပတ်ခဲ့ရတယ်လို့မြင်တယ်။ ဒီနေ ရာမှာ သူက ၄င်းသဘာဝတရားရဲ့ ချုပ်ကိုင်မှုနှစ်ခုထဲက သာယာမှုကိုသာရအောင် ကြိုးပမ်းရမယ်လို့မြင်တယ်။ ယဉ်ကျေးမှုဆိုတာ ဘမ်သမ်ရဲ့အမြင်နဲ့ ဆက်စပ်ပုံက လူဟာ ၄င်းသာယာမှုကိုရအောင် အသုံးတည့်အောင် ကြိုးပမ်းရင်းကနေ ယဉ်ကျေးမှုကိစဖြစ်လာတယ်ဆိုတဲ့ အမြင်မျိုးပါပဲ။ ဒါဟာ ကိုယ်ကျင့်တရားဆိုင်ရာ ဟောပြော ပို့ချချက်တွေကနေ ယဉ်ကျေးမှုနဲ့ ဆိုင်လောက်မယ်လို့ ထင်ရတဲ့ အမြင်ကို ဖော်ထုတ်ကြည့်တာပါ။ အခု စာပေ နယ်ထဲက အရေးအသားတွေကနေ ယဉ်ကျေးမှုဖွင့်ဆိုချက်နဲ့ သက်ဆိုင်မယ့် အဆိုပြုချက်တွေအကြောင်းကိသာ ဆက်ပြောပါ့မယ်။
ကောလားရစ်(ခ်ျ) ရဲ့ ရသခံစားမှုအမြင်တွေမှာ ယဉ်ကျေးမှုရဲ့ သဘောကိ ဖော်ပြထားပါတယ်။ သူက စိတ်ပိုင်းဆိုင်ရာ အရည်းအသွေးများ တိုးတက်လာအောင် ပြုစုပျိုးထောင်ခြင်းဟာ လူအဖွဲ့အစည်းရဲ့ ပန်းတိုင် ဖြစ်တယ်လို့မြင်ပါတယ်။ ပြုစုပျိုးထောင်ခြင်း (Cultivation) ဆိုတာ စိတ်ရဲ့ အခြေအနေတစ်ရပ်ကို ညွှန်းဆိုတဲ့ ဝေါဟာရအဖြစ် ကောလားရစ်(ခ်ျ)ဆီမှာ အထင်အရှား တွေ့ရပါတယ်။ ဘမ်၊ သမ်ဆိုခဲ့တဲ့ လောကကြိးအတွက် လက်တွေ့အသုံးကျမှုအမြင်ဟာ ပြင်ပကမ္ဘာလောကကြီးက လူသားကို ချုပ်ကိုင်လွန်းအားကြီးပါတယ်။ သာယာမှုကို လက်တွေ့အသုံးအချဖို့လှုပ်ရှားမှုနဲ့ ယဉ်ကျေးမှုနဲ့ ဆက်စပ်တဲ့နေရာမှာ သမ်ဘမ်ရဲ့အမြင်က ကမ္ဘာ လောကကို သြဇာအပြည့်ပေးထားပါတယ်။ ကောလားရစ်ခ်ျက လူသားရဲ့ စိတ်ပိုင်းဖွံ့ဖြိုးမှုကို သမ်ဘမ်ထက်ပိုပြီး ဦးတည်ပါတယ်။ တကယ်တော့ ဘမ်သမ်၊ ကောလားရ်ခ်ျ၊ လော့ခ်တို့ဟာ ယဉ်ကျေးမှုဆိုတာဟာ စိတ်ပိုင်းဖွံ့ဖြိုးမှု ဆိုတဲ့ ရှေးအယူအဆ၀ါဒီတွေပါပဲ။ ဒါပေမယ့် သူတို့ရဲ့စာအုပ်တွေထဲမှာ ပြောပုံဆိုပုံနဲ့ ချဉ်းကပ်ပုံတွေ ကွာသွားတာ ကတော့ ရှိပါတယ်။ ဥပမာ ကောလားရစ်ခ်ျဆိုရင် လူသားဟာ သူ့ရဲ့စိတ်ပိုင်းအခြေအနေနဲ့ ပြင်ပလောကကြီးရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတို့နှင့် ဆန်ကျင်ပဋိပကခဖြစ်ပုံကို အဓိကဖော်ပြထားပါတယ်။ ၄င်းဟာ သူ့ရဲ့ရသအမြင်လည်း ဖစ်ြပါတယ်။ အတွေးခေါ်ပညာရှင် ကန့်ဆီကနေ ဆက်ခံထားတာပါ။ ၄င်းအတွေးအခေါ်မှာ သူအဓိကသုံးတဲ့ ဝေါဟာရက တန်ပြန်သက်ရောက်မှု (Counteraction) လို့ သုံးပါတယ်။
လူသားရဲ့ အတွင်းအဇျတ္တနဲ့ ပြင်ပက တွန်းအားတွေကြားထဲက ပဋိပကခကို ဖြေရှင်းဖို့ အခရာပဲလို့မြင်ပါ တယ်။ ကမ္ဘာလောကကြီးက လူသားကို ချုပ်ကိုင်ပြီး သူ့စိတ်ကြိုက် ဖန်တီးခွင့်မရဖို့အတွက် သူသားက ပြန်လည် တုံ့ပြန်တဲ့နေရာမှာ စိတ်ကွန်မြူးမှုက အဓိကပါပဲလို့မြင်တယ်။ ယဉ်ကျေးမှုဆိုတာဟာ အတွေးအခေါ်တစ်ခုလည်း မဟုတ်သလို ထိတွေ့ကိုင်တွယ်ပြီး ပြောလို့ရတဲ့အရာမျိုးလည်း မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ယဉ်ကျေးမှုဆို တာဟာ စိတ်အတွင်းပိုင်းနဲ့ ပြင်ပလောကကြီးနှစ်ခုကြားထဲမှာ တည်နေတဲ့ သီးခြားအရည်အသွေးတစ်ခုလိုမျိုးပါပဲ လို့ ကောလားရစ်ခ်ျက ဖော်ညွှန်းပါတယ်။ ကောလားရစ်ခ်ျက ယဉ်ကျေးမှုဆိုတာ စိတ်အတွင်းပိုင်းဖွံ့ဖြိုးမှုကိစဆို တဲ့ ဖွင့်ဆိုချက်အမြင်ထဲမှာပဲ ရှိပေမယ့် သူဟာရသခံစားမှုဖြစ်တဲ့ စိတ်ကူးကွန့်မြူးမှုကို ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ အဓိကအရာတွေလို့ ညွှန်းဆိုလိုပုံရပါတယ်။ ကောလားရစ်ခ်ျက ယဉ်ကျေးမှုဆိုတာ လူမှုရေးဘ၀ထဲက စိတ်အခြေ အနေတစ်ရပ်ရပ်ကနေ ထွက်ပေါ်လာတဲ့ အရှိတရားတွေလို့ မှတ်ယူပါတယ်။ တစ်နည်းအားဖြင့် မြို့ပြယဉ်ကျေးမှု (Civilization) နဲ့ ယဉ်ကျေးမှုဟာ မတူပါဘူး။ ယဉ်ကျေးမှုဆိုတာ နေ့စဉ်ဘ၀ထဲက ကိစမဟုတ်ပါဘူး။ ၄င်းဟာ မြို့ပြယဉ်ကျေးမှုရဲ့ သမိုင်းကိစပဲလို့မြင်တယ်။ တစ်နည်းအားဖြင့် ကောလားရစ်ချရဲ့ ရသအမြင်ကနေ ဖော်ပြနေ တာက စက်မှုအရင်းရှင်စနစ်ဖွံ့ဖြိုးမှုကြောင့် ဖြစ်လာတဲ့ အပျက်သဘောတွန်းအားတွေဟာ မြို့ပြယဉ်ကျေးမှုထဲမှာ ရှိပြီး ၄င်းအပေါ် တန်ပြန်သက်ရောက်မှု လုပ်နေတဲ့ အတွင်းစိတ်ကွန့်မြူးမှုတွေရဲ့ တွန်းအားကတော့ ယဉ်ကျေးမှု သဘောမှာရှိတယ်လို့ဆိုရပါမယ်။ နောက်တစ်ခုက လူ့အဖွဲ့အစည်းထဲက သြဇာလွှမ်းမိုးနိုင်တဲ့ အီလစ်အုပ်စုတွေ က သူတို့ရဲ့ စံယဉ်ကျေးမှု( (Ideal Culture) ကို ဖန်တီးသေးတယ်လို့ မြင်တယ်။ ဥပမာ-ခရစ်ယာန်ဘုရားကျောင်း တော်လိုမျိုးပါပဲ။ ၄င်းတို့က အစဉ်အလာ ယဉ်ကျေးမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ရာမှာ အဓိကအရာတွေ ပါပဲလို့ ဆိုပါတယ်။ ဒီအမြင်က ယနေ့ခေတ်မှာ တွေ့ရတဲ့ အိုင်ဒီယိုလိုဂျီအပေါ်ကြည့်တဲ့ အမြင်တွေနဲ့ ဆင်ပါတယ်။
စကော့လူမျိုး သောမတ်စ်ကာလိုင်းဟာ ကောလားရစ်ခ်ျရဲ့ အမြင်တွေကို ဆက်လက်ချဲ့ထွင်သူဖြစ်ပါ တယ်။ ကားလိုင်းက ယဉ်ကျေးမှုရဲ့ ဖြစ်ပျက်စီးဆင်းနေတဲ့ လကခဏာတွေကို စိတ်ဝင်စားတယ်။ ၄င်းအရာတွေ က ထိတွေ့ဆုပ်ကိုင် ပြောလို့မရဘဲ စိတ်ပိုင်းအတွေ့အကြုံနဲ့ တဖြည်းဖြည်းပုံဖော်ပြောဆိုရတဲ့အရာ ဖြစ်တယ်လို့ မြင်တယ်။ ယခင်ကောလားရစ်ခ်ျတို့တုန်းက စိတ်ပိုင်းဖြစ်စဉ်သာလျှင် ယဉ်ကျေးမှုလို့မြင်တဲ့ အမြင်ကို ကာလိုင်းက ရုပ်ပိုင်းကိစနဲ့ပေါင်းစီးလိုက်တယ်။ ဒါက ဒါဟာသူ့ခေတ်မှာ ပိုပြီး အရှိန်အဟုန်နဲ့ပေါင်းဖက်လာတဲ့ စက်မှုအရင်းရှင် စနစ်ရဲ့ သက်ရောက်မှုလို့ မြင်နိုင်ပါတယ်။ ကားလိုင်းက ယဉ်ကျေးမှုကို လူထုနေ့စဉ်လှုပ်ရှားပြုမှုအဖြစ် ပေါင်းစည်း ပြီး မြင်လိုက်တာပါပဲ။ “ယဉ်ကျေးမှုဆိုတာဟာ လူတွေရဲ့ စုပေါင်းဘ၀ကို ကိုယ်စားပြုဖော်ပြထားတဲ့အရာဖြစ်သင့် တယ်” လို့ ကားလိုင်းက မြင်ပါတယ်။
အစဉ်အလာ ယဉ်ကျေးမှုအမြင်နဲ့ ခေတ်သစ်အကြားမှာ ပေါ်ပေါက်ပြီး ယဉ်ကျေးမှုနဲ့ ပတ်သက်ရင် ဖယ်ချန်ထားလို့ မဖြစ်သူကတော့ မတ်သယူးအာနိုး (Arnold) ပါပဲ။ သူ့ရဲ့ 1869 ခုနှစ်ထုတ် (Culture And Anarchy) ဆိုတဲ့စာအုပ်မှာ ယဉ်ကျေးမှုအမြင်တွေကို တွေ့ရပါတယ်။ အာနိုးရဲ့ ခေတ်က စက်မှုအရင်းရှင်ခေတ် ယဉ်ကျေးမှုဖြစ်တဲ့အတွက် သူညွှန်းဆိုနေတဲ့ ယဉ်ကျေးမှုဆိုတာဟာ ၄င်းယဉ်ကျေးမှုဆိုတာကိုတော့ သတိထားရ ပါမယ်။ အခုပြောဆိုသွားတဲ့ ကောလားရစ်ခ်ျ၊ ကာလိုင်း၊ အာနိုးတို့ရဲ့ ယဉ်ကျေးမှုအမြင်တွေဟာ အဆင့်မြင့် ယဉ် ကျေးမှု (High Culture) အမြင်တွေပါပဲ။ တစ်နည်းအားဖြင့် ၄င်းအချိန်ကာလမှာကိုက သူတို့အနေနဲ့ “အဆင့်မြင့် ယဉ်ကျေးမှု” လက်အောက်ခံ ယဉ်ကျေးမှုစသဖြင့် မသိတတ်သေးတဲ့ သဘောရှိပါတယ်။ သူတို့ဟာ ယဉ်ကျေးမှု အကြောင်းတွေ့ရင် သူတို့ယဉ်ကျေးမှုသာ အဓိကထားပြီး ၄င်းအရာကိုသာ ရှင်းလင်းတာမျိုးလုပ်ပါတယ်။ အင်္ဂလန်ယဉ်ကျေးမှုထဲက တချို့သောကိစတွေသဘောက ယဉ်ကျေးမှုဆိုင်ရာ (Cultural) တချို့ကိစတွေကို အာနိုးက သဘောမကျပါဘူး။ ဒါပေမယ့် သူ့စိတ်ထဲမှာ ရှိနေတာက အင်္ဂလန်ယဉ်ကျေးမှုဖြစ်တယ်ဆိုတဲ့ ဗဟိုချက် ထားသိတဲ့ အသိကတော့ ရှိနေတာပါပဲ။ ဒါကြောင့် အာနိုးပြောဆိုဆွေးနွေးတဲ့ ယဉ်ကျေးမှုက အဆင့်မြင့် ယဉ်ကျေးမှု (High Culture) ပါပဲ။ ယနေ့ခေတ်မှာတော့ အဆင့်မြင့်ယဉ်ကျေးမှုလို့ဆိုရင် အကောင်းသဘောကို ညွှန်းတာမဟုတ်ဘူး။ သြဇာလွှမ်းမိုးနိုင်သူများက ချပေးထားတဲ့ ယဉ်ကျေးမှုလို့ ဆိုကြတယ်။
အာနိုးက သူရဲ့ CA စာအုပ်ကို ကြေညာချက် စာတမ်းလိုလို ပြုပြင်ရေးစာတမ်းလိုလို လုပ်ရေးတာ။ သူ ဖြစ်စေချင်တဲ့ ယဉ်ကျေးမှုသဘော နောက်လမ်းကြောင်းတစ်ခုခုကို သူ့ရဲ့သြဇာလွှမ်းမိုးနိုင်စွမ်း (Authority) ကို အသုံးချပြီး အမှန်တရားကို တည်ဆောက်ချင်တာပါပဲ။ ဒါကြောင့် သူ့ရဲ့စာအုပ်မှာ “ယဉ်ကျေးမှုဆိုတာ ပြီးပြည့်စုံမှုကို လေ့လာတာဖြစ်တယ်။ ၄င်းပြီးပြည့်စုံမှုဆီ တွန်းပို့ပေးမယ်။ ကျွန်ုပ်တို့ရဲ့ လူသားဆန်မှုကိုလည်း ပိုမို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ့်အပြင် ညှိယူနေထိုင်နိုင်စွမ်းရှိတဲ့ ပြီးပြည့်စုံခြင်းကို ပေးမှာဖြစ်တယ်” လို့ ဆိုပါတယ်။ နောက်ပြီး အာနိုးက “ယဉ်ကျေးမှုက ကျွန်ုပ်တို့ရဲ့ ယခု ပစပ္ပန်အခက်အခဲတွေကို ကြီးမားစွာ အကူအညီပေးလိမ့် မယ်ဆိုတာမျိုး၊ နောက် ယဉ်ကျေးမှုက ရတဲ့အသိပညာတွေကနေတဆင့် ကျွန်ုပ်တို့ရဲ့ အသိဥာဏ်နုံနဲမှုတွေကို ပွင့် ထွက်သွားစေတဲ့ ရေစီးကြောင်းမျိုးဖြစ်လာလိမ့်မယ်ဆိုတာမျိုးတွေပါ ရေးလားတယ်။ ဒါကြောင့် အာနိုးက ယဉ် ကျေးမှုရဲ့ သဘောသဘာဝကို သုံးသပ်ချင်တဲ့စိတ်ထက် သူ့ခေတ်မှာဖြစ်နေတဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစတွေကို တော်သင့်မှန်ကန်မယ့် လူ့အဖွဲ့အစည်းအတွက် အကျိုးမဲ့လမ်းကြောင်းတစ်စုံတစ်ရာထဲကို ချပေးဖို့ သူကအပြင်း အထန်အားထုတ်ထားတယ်ဆိုတာ ပေါ်လွင်လှပါတယ်။
အာနိုးကလည်း ယဉ်ကျေးမှုဆိုတာဖြစ်စဉ်တစ်ခုလို့ မြင်တာပါပဲ။ လူတွေရဲ့ ဘ၀နေထိုင်ပုံ၊ သူတို့ရဲ့ အလေ့အကျင့်အပြုအမူ၊ သူတို့ရဲ့ အသံနေအသံထားတွေ၊ နောက် သူတို့ဖတ်တဲ့ စာအုပ်တွေ၊ သတို့ပါးစပ်က ပြောတဲ့ စကားလုံးတွေ၊ စိတ်ထဲမှာ စိုးမိုးနေတဲ့ အတွေးပုံသဏ္ဍာန်တွေကို အဓိကထည့်ပြီးကြည့်ရင် ၄င်းလူသား တွေရဲ့ ယဉ်ကျေးမှုကို တွေ့နိုင်တယ်လို့ အာနိုးက ယုံကြည်တယ်။ောနက်ပြီး ဒီလိုအရာမျိုးတွေဖြစ်ပေါ်လာ အောင်လုပ်တာ ဘယ်အရာလဲ၊ တစ်နည်းအားဖြင့် ဒီလို ဘ၀နေထိုင်မှုတွေ၊ အပြုအမူနဲ့ ကြံဆတွေးခေါ်မှုတွေ ပေါ်လာအောင် ဖန်တီးထားတာက ဘာလဲလို့ဆိုရာမှာတော့ သူက ယဉ်ကျေးမှုဆိုတာ နိုင်ငံတော်ရဲ့ ပေါ်လစီး တွေကနေတဆင့် တဖြည်းဖြည်းပျံ့နှံ့ဝင်လာတဲ့အရာလို့ အထူးရှုမြင်ထားတာကိုပါ တွေ့ရပါတယ်။
မင်းခက်ရဲ
(မှတ်ချက် – ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ၊ စာစဉ်-၁၈၀ “အတွေးအမြင်” စာစောင်တွင် ဖော်ပြပါရှိခဲ့သော ဆရာမင်းခက်ရဲ၏ “အစဉ်အလာနယ်ပယ်မှ ယဉ်ကျေးမှုအမြင်” ဆောင်းပါးကို ပြန်လည်းကူးယူဖော်ပြထားခြင်းဖြစ် ပါသည်။)
အိုက်ဒီယော်လော်ဂျီခေတ် မကုန်ပါဘူး
“ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကွဲလို့၊ ဖဆပလကွဲလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးရင့်ကျက်မှုအားနည်းပြီး ငါစွဲတွေ လွန်ကဲလို့ဖြစ်ရတာလို့ ထင်ပါတယ်။ နိုင်ငံရေးရင့်ကျက်ဖို့အတွက် အိုက်ဒီယော်လော်ဂျီတွေကို ကောင်းကောင်း ကျေညက်ဖို့ လိုတယ် …”
ဒီလေးငါးလအတွင်း ဂျာနယ်တွေဖတ်ရတာ အရင်ကလို ငါးရှဉ့်နဲ့ ဂဏန်းအကြောင်းလောက် မဟုတ်တော့လို့ ပျင်းစရာမကောင်းတော့ဘူး။ လူတွေအကြောင်း နိုင်ငံရေးအကြောင်းတွေ သူ့ထက်ငါ အပြိုင်အဆိုင် ရေးလာကြလို့ လှုပ်ရှားသက်ဝင်ဖြစ်ပြီး ဖတ်ကောင်းလာတယ်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဆိုသလို ငယ်ဘဝကို ပြန်တမ်းတ လွမ်းဆွတ်မိတယ်။
မကောင်းလည်း ဖတ်ရတယ်
ဖတ်ကောင်းတာ ကိစ္စမရှိဘူး။ ပိုက်ဆံတော့ တော်တော်ကုန်တယ်။ ဘိန်းစွဲသလိုစွဲပြီး မဖတ်ရမနေနိုင်တော့ အသစ်မပါ သလောက်ဖြစ်ပြီး အဟောင်းတွေချည်း ပြန်ထည့်ထားတဲ့ ဂျာနယ်မျိုးလည်း ဝယ်ဖတ်ရတာကိုး။ သတင်းသမားဆိုတာ ကြိုက်လည်းဖတ်၊ မကြိုက်လည်း ဖတ်ရပါတယ်။ မကောင်းမှန်းသိပေမယ့်လည်း ဒီတပတ် ဘယ်လိုမကောင်းတာလည်း ဆိုတာ သိထားသင့်ပါတယ်။
ရန်/ငါ ပြတ်လို့သာ
ကလိမ်ကကျစ်လုပ်တဲ့ နိုင်ငံရေးသမားနဲ့ ပုတ်သင်ညို နိုင်ငံရေးသမား မရှိမဟုတ်ပါဘူး။ ရှေးက ရှိသလို အခုလည်း ရှိနေတာပါပဲ။ ဒါပေမယ့် နယ်ချဲ့တွေနဲ့ ဖက်ဆစ်တွေကို မစေ့စပ်တမ်း ရန်/ငါမျဉ်းပြတ်ပြတ်နဲ့ တိုက်ခိုက်ခဲ့ကြသူတွေလည်း သိန်းနဲ့သန်းနဲ့ချီ ရှိခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်အားလုံးဟာ နိုင်ငံရေးသမားတွေပါ။ ဖဆပလ ဆိုတဲ့အဖွဲ့ကြီး နှစ်ခြမ်းကွဲ သွားခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် ဖဆပလ ဆိုတဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်တဲ့ နယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေး တပ်ပေါင်းစုကြီးကြောင့် နယ်ချဲ့သမားတွေနဲ့ ဖက်ဆစ်တွေကို အောင်နိုင်ခဲ့ကြတယ်ဆိုတာ မေ့ဖျောက်မပစ်သင့်ပါဘူး။
ပူးပေါင်းလုပ်နည်း ၂ နည်း
နိုင်ငံရေးပါတီတခုထူထောင်တယ်ဆိုတာ လာရာအရပ်မတူကြတဲ့ အလွှာပေါင်းစုံကလူတွေ ပူးပေါင်းဖွဲ့စည်းထားရတာ ဖြစ်တယ်။ လူတွေဟာ မူလဗီဇနောက်ခံဘဝတွေ မတူကြတာနဲ့အမျှ အတွေးအခေါ် အယူအဆတွေ မတူနိုင်ကြပါဘူး။ အဲဒီလိုမတူတဲ့သူတွေအချင်းချင်း အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်း ၂ မျိုးသုံးကြပါတယ်။ ပထမ နည်းက တူညီတဲ့ ဘုံရပ်တည်ချက်တခုရှာပြီး ဘုံသဘောတူညီချက်တခုနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်တယ်။ အဲဒီအချိန်မှာ တဦးချင်းအယူအဆတွေကို ရှေ့တန်းမတင်ဘဲ ဘုံသဘောတူတာကို လုပ်ကြဖို့ဖြစ်တယ်။ နောက်တနည်းကတော့ အယူအဆတခု ‘အိုက်ဒီယော်လော်ဂျီ’ တခုကို သက်ဝင်ယုံကြည်ကြသူတွေအချင်းချင်း ပေါင်းစည်းလုပ်ကိုင်ခြင်းဖြစ်တယ်။ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ ဒီမိုကရေစီပါတီ စတာမျိုးတွေဖြစ်တယ်။
ပါတီမှန်ရင် ဝါဒရှိရမယ်
နိုင်ငံရေးပါတီဆိုတာ ‘အိုက်ဒီယော်လော်ဂျီ’ တခုတော့ ရှိကိုရှိရပါတယ်။ အရင်းရှင်စနစ် အိုင်ဒီယော်လော်ဂျီဖြစ်ဖြစ်၊ ဆိုရှယ်ဒီမိုကရက်ဖြစ်ဖြစ်၊ ဆိုရှယ်လစ် ကွန်မြူနစ်ဖြစ်ဖြစ်၊ အစိုးရအရင်းရှင်စနစ်ဖြစ်ဖြစ်၊ အစ္စလာမ်မစ်ဖြစ်ဖြစ်၊ ခရစ်ယာန် ဒီမိုကရက်ဖြစ်ဖြစ် အယူဝါဒတခုအပေါ်မှာ တည်ဆောက်ရပါတယ်။ အိုက်ဒီယော်လော်ဂျီပေါ်မှာ မတည်ဆောက်ဘဲနဲ့ နောက်ခံဘဝအမျိုးမျိုးက ယုံကြည်မှုအသီးသီးနဲ့လာတဲ့လူတွေဟာ ဘယ်လိုလုပ်ပြီး အတူတကွပူးပေါင်းလုပ်ကိုင်နိုင်ကြမှာ လဲ။ အိုက်ဒီယော်လော်ဂျီမရှိရင် မျက်မမြင် လှမ်းလျှောက်သလိုဖြစ်မှာပါ။ ဟိုတိုး ဒီတိုးနဲ့ လိုရာခရီး မရောက်နိုင်ပါဘူး။ နိုင်ငံရေးလုပ်မယ်ဆိုရင် အိုက်ဒီယော်လော်ဂျီ ရှိကိုရှိရပါတယ်။
တစ္ဆေအခြောက်ခံရသူတွေ
အိုက်ဒီယော်လော်ဂျီခေတ်ကုန်ဆုံးပြီလို့ ဟောနေကြသူတွေက ကွန်မြူနစ်တစ္ဆေအခြောက်ခံရတဲ့ ကွန်မြူနစ်ဟောင်းတချို့နဲ့ လစ်ဘရယ်ဒီမိုကရက်တချို့ဖြစ်ကြတယ်။ အိုင်ဒီယော်လော်ဂျီပဲခေါ်ခေါ်၊ ဝါဒပဲခေါ်ခေါ်၊ သဘောတရားပဲခေါ်ခေါ် ဘယ်လိုပဲ ခေါ်ခေါ် အိုက်ဒီယော်လော်ဂျီဆိုတာ ကွန်မြူနစ်၊ ဆိုရှယ်လစ်သဘောတရားတွေကိုသာ ပြောတာမဟုတ်ပါဘူး။ အဒမ်စမစ် တို့၊ ဂျွန်မေးနဒ်ကိန်းတို့ရဲ့ စီးပွားရေးအယူအဆတွေဟာလည်း အိုက်ဒီယော်လော်ဂျီပါပဲ။ သမ္မတ ရေဂန်တို့၊ ဗြိတိသျှဝန်ကြီး ချုပ် မာဂရက်သက်ချာတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး အယူအဆတွေလည်း အိုင်ဒီယော်လော်ဂျီတွေပါပဲ။ ဒါကြောင့် ရေဂန့် အိုက်ဒီယာတွေကို ‘ရေဂန်နောမစ်’ ( Reaganomic ) လို့တောင် ခေါ်ခဲ့ကြပါတယ်။ မာဂရက်သက်ချာရဲ့ အိုက်ဒီယာတွေကို လည်း ‘သက်ချာဝါဒ’ (Thatcherism) လို့ ခေါ်ခဲ့ကြပါတယ်။
အိုက်ဒီယာ ချွတ်ခြုံကျသူသာ ရှိတယ်
ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ် နိုင်ငံရေးနဲ့ နိုင်ငံရေးပါတီဆိုတာရှိနေသရွေ့ အိုက်ဒီယော်လော်ဂျီ ရှိနေမှာသာဖြစ်တယ်။ ခေတ်တွေပြောင်းရင် အိုက်ဒီယာတွေလည်း လိုက်ပြောင်းမှာပဲ။ ဒါ သဘာဝဖြစ်တယ်။ အိုက်ဒီယော်လော်ဂျီက တခုမဟုတ် တခုရှိနေမှာဖြစ်တယ်။ အိုက်ဒီယော်လော်ဂျီ မရှိတဲ့လူသာရှိတယ်။ အိုက်ဒီယော်လော်ဂျီ မရှိတဲ့ခေတ်ဆိုတာ လုံးဝ မရှိနိုင် ဘူး။ အိုက်ဒီယော်လော်ဂျီက ချွတ်ခြုံကျပြီး ပျောက်ကွယ်သွားတယ်ဆိုတာ လုံးဝမရှိဘူး။ ခေတ်တွေ ပြောင်းလဲတိုးတက် တာနဲ့အမျှ လူသားတွေရဲ့ အတွေးအခေါ် အယူအဆတွေလည်း ပြောင်းလဲတိုးတက်ပြီး အိုက်ဒီယော်လော်ဂျီ အသစ် အသစ်တွေ ပေါ်ထွက်လာမှာပဲဖြစ်တယ်။ ဒါဟာ သိပ္ပံနည်းကျ အယူအဆဖြစ်သလို သဘာဝတ္ထဗေဒအရလည်း သဘာဝကျတဲ့ အယူအဆဖြစ်တယ်။ ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ်၊ ဘယ်နိုင်ငံ ဘယ်လူမျိုးမှာဖြစ်ဖြစ်၊ နိုင်ငံရေးကို အိုက်ဒီယော်လော်ဂျီကသာ ဆက်ပြီးဦးဆောင်နေမှာ ဖြစ်ပါတယ်။
မကွဲမှ ထူးဆန်းတာ
နိုင်ငံရေးဆိုတာ အိုက်ဒီယာတွေကိုအခြေခံပြီး လုပ်ကြတာဖြစ်တော့ တယောက်နဲ့တယောက် အိုက်ဒီယာမတူလို့ သဘောကွဲကြတယ်ဆိုတာ အဆန်းမဟုတ်ဘူး။ မကွဲဘဲနဲ့ အားလုံး တသွေးတသံတည်းဖြစ်နေတာကမှ ထူးဆန်းတာ။ အလွှာပေါင်းစုံကရောက်လာတဲ့လူတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတာ၊ ဘယ်လိုနည်းနဲ့မှ အတွေးအခေါ်တွေ တထပ်တည်းကျ တာ မဖြစ်နိုင်ဘူး။ အတွေးချင်း၊ အမြင်ချင်း၊ သဘောပေါက်ပုံချင်း၊ အဓိပ္ပာယ်ကောက်ပုံချင်း အနည်းနဲ့အများတော့ ကွဲပြားခြားနားမှု ရှိကြမှာချည်းပဲ။ ဒါပေမယ့် သဘောထားချင်းမတူတာနဲ့ ရန်သူဖြစ်သွားကြတာမှ မဟုတ်တာ။ အခြေခံ သဘောတရားတွေ တူညီကြတယ်၊ ရည်မှန်းချက်ပန်းတိုင်းချင်းတူကြတယ်ဆိုရင် အတူတွဲပြီး ဆက်လုပ်လို့ရပါတယ်။ အတ္တအကျိုးစီးပွားကို အလွန်အမင်း ရှေ့တန်းမတင်ကြရင် သဘောမတူကြလည်း ဘယ်တော့မှ ရန်မဖြစ်ပါဘူး။ အတ္တလွန်ကဲလို့ ရန်ဖြစ်ကြတာပါ။
ဂိုဏ်းတွေစုထားတဲ့ ပါတီ
ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် ၆၀ လောက် အာဏာရယူထားနိုင်ခဲ့တဲ့ LDP ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေအများကြီးနဲ့ တည်ဆောက်ထားတာဖြစ်တယ်။ သူ့ဂိုဏ်းငါ့ဂိုဏ်း အသာစီးရဖို့ နေ့တိုင်းယှဉ်ပြိုင်နေကြရတယ်။ ဒါပေမယ့် ရှေးရိုးစွဲ အယူအဆတွေ ကိုင်စွဲတာချင်း၊ စီးပွားရေးလုပ်ငန်းကြီးတွေကို အကာအကွယ်ပေးတဲ့ အယူအဆချင်းတူနေကြတော့ လက်တွဲပူးပေါင်းနေနိုင်၊ လုပ်နိုင်ခဲ့ကြတယ်။ အရေးကြီးတာက ‘ငါနဲ့မတူ ငါ့ရန်သူ’ ဆိုတဲ့အစွဲကြီး ချွတ်နိုင်ဖို့ဖြစ်တယ်။ အယူအဆမတူတာတွေကို သည်းခံတတ်မှ သဘောထားကွဲတာတွေကို ကြည်ကြည်ဖြူဖြူ လက်ခံနိုင်မှ ရင့်ကျက်တဲ့ နိုင်ငံရေးသမားလို့ ခေါ်နိုင်ပါတယ်။
နိုင်ငံရေး ရင့်ကျက်ဖို့လို
နိုင်ငံရေးမှာ သဘောထားကွဲမူဆိုတာ ရှိမြဲပဲ။ ရှေးကရှိသလို အခုလည်းရှိတာပဲ။ ကမ္ဘာမှာရှိသလို မြန်မာမှာလည်း ရှိတာပဲ။ အဆန်းမဟုတ်ပါဘူး။ ဝံသာနုခေတ်က ကွဲခဲ့သလို ဂျီစီဘီအေလည်း ကွဲခဲ့တာပဲ။ ဒို့ဗမာအစည်းအရုံးလည်း ကွဲတာပဲ။ ရဲဘော်သုံးကျိပ်လည်း ကွဲတာပဲ။ ကွန်မြူနစ်တွေကွဲသလို ဆိုရှယ်လစ်တွေလည်း ကွဲတာပဲ။ ဖဆပလလည်း ကွဲတာပဲ။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကွဲလို့၊ ဖဆပလကွဲလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးရင့်ကျက်မှုအားနည်းပြီး ငါစွဲတွေ လွန်ကဲလို့ဖြစ်ရတာလို့ ထင်ပါတယ်။ နိုင်ငံရေးရင့်ကျက်ဖို့အတွက် အိုက်ဒီယော်လော်ဂျီတွေကို ကောင်းကောင်း ကျေညက်ဖို့ လိုတယ်။ ကျေညက်ဖို့ ကျမ်းရင်း ကျမ်းခိုင်တွေ ဖတ်ရပါမယ်။ အိုက်ဒီယော်လော်ဂျီခေတ် မကုန်ပါဘူး။ အိုက်ဒီယော်လော်ဂျီဆိုတာ ချွတ်ခြုံကျပြီး ကွယ်ပျောက်သွားရိုးမှ မရှိတာ၊ အိုက်ဒီယော်လော်ဂျီ ချွတ်ခြုံကျတဲ့သူမျိုးသာ ရှိပါတယ်။ ။
http://daungzarni.wordpress.com/
နိုင်ငံပြု ပညာ
..............................
ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်တည်ရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေးရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ် ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်း တစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤ စာစုတွင် နိုင်ငံရေး သိပံ္ပပညာရပ်များ၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အကောက်အယူ များကို တင်ပြသွားမည် ဖြစ်သည်။
လူတို့သည် ပုရွက်ဆိတ်များ၊ ပျားများကဲ့သို့ အစုအပေါင်း အသိုက်အမြုံနှင့် နေတတ်သော သတ္တ၀ါ ဖြစ်သည်။ မိမိတို့၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဦးပေါ် တစ်ဦး အပြန်အလှန် အမှီသဟဲ ပြုရင်း စနစ်ကျသည့် ဆက်ဆံရေး ပုံစံအောက်တွင် ပေါင်းစုနေထိုင်းခြင်း၊ အရည်အသွေးပေါ် မူတည်၍ တာဝန်အမျိုးမျိုး၊ တာဝန်ယူမှု အမျိုးမျိုးတို့ကို ခွဲဝေထမ်းဆောင်ကြခြင်းဖြင့် ကိုယ့် အစုအဝေး အသိုက်အမြုံအတွင်း ရှင်သန် လှုပ်ရှားနေကြသည်။ သို့ရာတွင် လူသားနှင့်ပျားများ၊ ပုရွက်ဆိတ်များကဲ့သို့ ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါများကြားတွင် ကြီးမားသော ကွာဟမှု ရှိသည်။ အခြား သတ္တ၀ါများသည် ဗီဇ၏ လွှမ်းမိုးမှု သက်သက်ဖြင့် သူတို့ အသိုက်အမြုံ၏ အစဉ်အလာ ဖွဲ့စည်းမှု စည်းကမ်းများအတိုင်း ရှင်သန်နေကြရခြင်း ဖြစ်သည်။ သူတို့၏ ပုဂ္ဂလိက ဘ၀သည် အရွှေ့အပြောင်းမရှိ၊ ရွေးချယ်ရန် အခွင့်အလမ်း မရှိကြချေ။ လူသားတို့မှာကား ထိုသို့မဟုတ်ပေ။ ရှေ့ မျိုးဆက်မှ အတွေ့အကြုံများ၊ အသိတရားများကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်း တတ်သည့် အသိဥာဏ်ပိုင်ရှင် ဖြစ်သည်။ အသိဥာဏ် မြင့်မားသည့် အတွေးအခေါ် ပညာရှင်ကြီးများသည် သူတို့ ဖြတ်သန်းခဲ့ရသော သမိုင်းခေတ်၏ နောက်ခံကားပေါ်တွင် အကောင်းဆုံး လူမှု ဖွဲ့စည်းပုံစံများ၊ လူမှု ဆက်ဆံရေးပုံစံများ၊ စံပြနိုင်ငံတော် ပုံစံအမျိုးမျိုးတို့ကို မတူညီသော ရှုထောင့်အသီးသီးမှ တွေးခေါ်ကြံဆ ဖော်ထုတ်ခဲ့ကြသည်။ ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်ခံရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေ့ ရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ်ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီး တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤဆောင်းပါးတွင် နိုင်ငံရေး သိပံ္ပပညာရပ်၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အယူအဆများကို တင်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေး သိပံ္ပပညာရပ်သည် နိုင်ငံရေးကို စနစ်တကျ လေ့လာခြင်း သို့မဟုတ် နိုင်ငံရေး၏ရောင်ပြန်ဟပ်မှုများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေးဟူသည် လူများ၊ အဖွဲ့အစည်းများ၏ ပါဝါ အသုံးပြုမှုနှင့် ပါဝါအတွက် ရုန်းကန်လှုပ်ရှားမှုများပင် ဖြစ်သည်။ နိုင်ငံရေး သိပံ္ပ ပညာရှင်များသည် အများအားဖြင့် နိုင်ငံရေး ပါဝါများကို အစိုးရများက မည်သို့မည်ပုံ အသုံးချသည်တို့ကို လေ့လာလေ့ရှိသည်။ အခြား တစ်ဖက်တွင်လည်း စီးပွားရေးအပေါ် နိုင်ငံရေး၏ အကျိုးသက်ရောက်ပုံများ၊ သာမန်အရပ်သူ အရပ်သားတို့၏ နိုင်ငံရေးအပေါ် သဘောထားအမြင်များ၊ အရပ်ဖက် အဖွဲ့အစည်းတို့အပေါ် နိုင်ငံရေး၏ သြဇာသက်ရောက်ပုံများ စသည်တို့ကို လေ့လာသည်။ အစိုးရများ၏ သဘောသဘာဝနှင့် ပါဝါကျင့်သုံးပုံများကို အလေးပေးလေ့လာခြင်းသည် အခြားသော လူမှုသိပံ္ပပညာရပ်များနှင့် နိုင်ငံရေးသိပံ္ပတို့ကို ခြားနားစေသော အချက်ဖြစ်သည်။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် အစိုးရများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဆက်စပ်ပုံကို လေ့လာနိုင်ရန် စီးပွားရေး ပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှု ရှိသည်။ ထို့အတူ လူမှု အဆောက်အအုံနှင့် နိုင်ငံရေး အဆောက်အအုံ တို့အကြား ဆက်နွယ်နေမှုကို သိရှိနားလည်စေရန် လူမှုပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှုများလည်း ရှိသည်။
နိုင်ငံရေး သိပံ္ပ၏ အရေးပါမှု
နိုင်ငံရေး သိပံ္ပသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။ ၂၀ ရာစုအတွင်း သန်းပေါင်းများစွာသော လူသားတို့သည် မတူညီသော နိုင်ငံရေးအယူအဆများကို ယုံကြည်စွဲကိုင်ကြသော အပြိုင်နိုင်ငံရေး အုပ်စုများ၊ အုပ်စိုးသူများ၊ အာဏာရှင်များ၏ ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။ လူသားတို့၏ ဘ၀သည် သူတို့နေထိုင်ရာ နိုင်ငံ အစိုးရများ၏ သဘောထား ရပ်တည်ချက်နှင့် လုပ်ရပ်များ၏ အကျိုးသက်ရောက်မှုတွေကို ခံနေကြရပြီး သူတို့ နေထိုင်ရာ လူ့အဖွဲ့အစည်း၏ လူမှု အဆောက်အအုံအပေါ် မူတည်၍ တာဝန်နှင့် ရပိုင်ခွင့်များ မတူညီကြပေ။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံသားများကို ပညာပေးခြင်း၊ နိုင်ငံ့ခေါင်းဆောင်များကို အကြံပေးခြင်း၊ ဦးဆောင်လမ်းပြခြင်း၊ နိုင်ငံရေး အတွေးအမြင် မျိုးစုံ ပေါ်ပေါက်ရှင်သန်လာစေရန် သုတေသန ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ နိုင်ငံရေး တည်ငြိမ်မှုနဲ့ တော်လှန်ရေး၊ ဖိနှိပ်ခြင်းနှင့် လွတ်လပ်ခြင်း၊ ညီမျှမှုနှင့် မညီမျှမှု၊ စစ်နှင့် ငြိမ်းချမ်းရေးစသည့် နိုင်ငံရေးဆိုင်ရာ အကြောင်းခြင်းရာတို့၏ ရင်းမြစ်များနှင့် အကျိုးဆက်များကို နားလည်နိုင်စေရန်၊ နိုင်ငံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေး သိပံ္ပပညာ အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။
နိုင်ငံရေး သိပံ္ပ၏ ပညာရပ်ဆိုင်ရာ နယ်ပယ်များ
(၁) နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု (Comparative Politics)
မတူညီသော နိုင်ငံများ၏ နိုင်ငံ့ရေးရာများကို နှိုင်းယှဉ်လေ့လာခြင်း ဖြစ်သည်။ အချို့ သော ပညာရှင်များသည် နိုင်ငံတစ်ခု၏ အခြေအနေများကို မတူညီသော အချိန်သတ်မှတ်ချက် နှစ်ခု ပိုင်းခြား၍ နှိုင်းယှဉ် လေ့လာကြသလို ယဉ်ကျေးမှုခြင်း ဆင်တူသည့် နိုင်ငံအုပ်စုများ (ဥပမာ - အရှေ့ တောင် အာရှ နိုင်ငံများ) ကို နှိုင်းယှဉ်လေ့လာကြသည်။ ထိုပညာရှင်တို့သည် လေ့လာနေသော နိုင်ငံ (သို့မဟုတ်) နိုင်ငံအုပ်စုများ၏ ဘာသာစကား၊ သမိုင်း နောက်ခံ အခြေအနေ၊ ယဉ်ကျေးမှုရေးရာတို့ကို ကျွမ်းကျင်ကြသူများ ဖြစ်သည်။ အချို့ပညာရှင်များသည် ယဉ်ကျေးမှုခြင်း မတူညီသော နိုင်ငံများကို လေ့လာကြပြီး ထိုနိုင်ငံတို့၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကြသည်။ ထိုသို့ လေ့လာခြင်းဖြင့် ရရှိလာသော တွေ့ရှိချက်များသည် သမိုင်း သင်ခန်းစာအဖြစ် ပေါ်ပေါက်လာခြင်းကြောင့် နိုင်ငံရေး စနစ် အပြောင်းအလဲ လုပ်လိုသော နိုင်ငံများအတွက် ရင်ဆိုင်ရနိုင်သော အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်နိုင်သလို၊ လိုအပ်ချက်များ ရှိနေပါကလည်း ကြိုတင်ဖြည့်ဆည်းနိုင်သည့်အတွက် များစွာအကျိုးရှိပေသည်။
(၂) နိုင်ငံတကာ ဆက်ဆံရေး (International Relation)
နိုင်ငံတကာ ဆက်ဆံရေးပညာသည် နိုင်ငံအချင်းချင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံစုံကျော် ကော်ပိုရေးရှင်းကြီးများ၏ အပြန်အလှန် ဆက်ဆံမှု ပုံစံများ၊ အကျိုးသက်ရောက်မှုများကို လေ့လာသည်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံရေး ပညာရှင်များ အသုံးပြုသော အစဉ်အလာ ချဉ်းကပ်နည်း နှစ်ခုမှာ Realism နှင့် Liberalism တို့ ဖြစ်သည်။ Realism အစဉ်အလာအရ နိုင်ငံတကာစနစ် (International Order) ၏ တည်ငြိမ်မှုကို ထိန်းထားနိုင်ရန် အင်အားညှိရေး (Balance of Power) အယူအဆကို အသုံးပြုသည်။ Liberalism အစဉ်အလာအရ ကြည့်မြင် သုံးသပ်မည် ဆိုလျှင်မူ နိုင်ငံအချင်းချင်းကြား ပေါ်ပေါက်လာသော ပဋိပက္ခများ၊ တင်းမာမှုများကို ဖြေရှင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှု
(၃) နိုင်ငံရေး သီအိုရီများ (Political Theories)
နိုင်ငံရေး သိပံ္ပပညာရပ် စတင်ထွန်းကားခဲ့ရာ ဂရိခေတ်မှ စတင်၍ ယခုအချိန်ထိ ပေါ်ပေါက်ခဲ့သော နိုင်ငံရေး သီအိုရီများကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေး သီအိုရီများတွင် တရားမျှတမှု၊ ညီမျှမှု၊ လွတ်လပ်မှု၊ မှန်ကန်မှု၊ နိုင်ငံသားဖြစ်မှု စသည့် နိုင်ငံရေး၏ အရေးပါသော အခြေခံ အယူအဆများကို ဝေဖန်ဆန်းစစ်မှုများ ပါဝင်သည်။ ထို့ပြင် နိုင်ငံရေး သိပံ္ပကို လေ့လာရာတွင် လိုအပ်သော ယုတ္တိဗေဒဆိုင်ရာ အချက်အလက်များကိုလည်း နိုင်ငံရေး သီအိုရီများတွင် တွေ့မြင်နိုင်သည်။ နိုင်ငံရေး သီအိုရီများသည် ဥပဒေနယ်ပယ်၊ ဒဿနိက နယ်ပယ်တို့နှင့် ဆက်နွယ်လျက်ရှိသည်။
ယေဘုယျအားဖြင့် နိုင်ငံရေး သီအိုရီပိုင်ရှင်များသည် လူသားနှင့် လူ့အဖွဲ့အစည်းတို့အတွက် အကောင်းဆုံးသော စံပြဖွဲ့စည်းပုံများကို တင်ပြကြသလို၊ အုပ်စိုးသူနှင့် အုပ်စိုးခံသူများကြား ပဋိညာဉ်ပြုမှု စသည်တို့ကို လေးနက်စွာ စဉ်းစားဖော်ထုတ်ကြခြင်း ဖြစ်သည်။ နိုင်ငံရေး သီအိုရီများကို ဓမ္မဓိဌာန် စံနှုန်းများအတိုင်း စဉ်းစားတွေးခေါ် တည်ဆောက်ထားသော Normative Theories များ၊ လူသား၏ သဘာဝကို အခြေပြုစဉ်းစားသော Prudential Theories များနှင့် လူသားတို့၏ လွတ်လပ်မှု အခြေခံမှ စဉ်းစားသော Constructive Theories များဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ Normative Theories များသည် နိုင်ငံသားတို့၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုနှင့် နိုင်ငံတော်၏ ဥပဒေကို လိုက်နာမှုတို့တွင် မည်သည့်အတွက် ထိုသို့လုပ်သင့်ခြင်း ဖြစ်သည်တို့ကို ကိုယ်ကျင့်တရား ရှုထောင့်၊ ဓမ္မဓိဋ္ဌာန်ရှုထောင့်တို့မှ ဆန်းစစ်ပြုခြင်း ဖြစ်သည်။ Prudential Theories များမှာမူ ကိုယ်ကျင့်တရား၊ ဆင်ခြင်တုံတရားတို့ထက် လူသား၏ မိမိအကျိုးစီးပွားရှိမှုကို လိုလားသော သဘာဝကို အခြေပြုပြီး ဆန်းစစ်ထားသော နိုင်ငံရေး သဘောတရားများ ဖြစ်သည်။ Constructive Theories ပညာရှင်များသည် နိုင်ငံသားတို့ မည်သည့်အတွက် နိုင်ငံတော် အပေါ် သစ္စာစောင့်သိကြသည်ဆိုသည်ထက် လိုအပ်မှုအရ နိုင်ငံတော်က အကောင်အထည် ဖော်နေသော စနစ်တို့အပေါ်တွင် မည်သို့မည်ပုံ ပါဝင်ပတ်သက်သင့်သည် ဆိုသည်တို့ကို ရှင်းလင်းပြခြင်းများ ဖြစ်သည်။ တစ်နည်းအားဖြင့် ရှိနှင့်ပြီးသား အဆောက်အအုံတို့၏ လွှမ်းမိုးမှုထက်၊ ကိုယ်ပိုင်လွတ်လပ်မှုကို အသုံးချပြီး လိုအပ်ပါက အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မည်သို့ ဆောင်ရွက်သင့်သည်တို့ကို ဝေဖန်ပိုင်းဆစ် ပြခြင်းများ ဖြစ်သည်။
(၄) လူထုအုပ်ချုပ်ရေး (Public Administration)
နိုင်ငံရေး သိပံ္ပပညာရှင်အချို့ သည် လူထုအုပ်ချုပ်ရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အခြားသော အစိုးရ ဌာနများ၏ ဆက်နွယ်မှုကို လေ့လာကြသည်။ ထိုအဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်ပုံကို လေ့လာခြင်းဖြင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ကာ နိုင်ငံရေး သိပံ္ပပညာရှင်များသည် ပိုမိုတိုးတက် ကောင်းမွန်သော လူထုဖွံ့ဖြိုးရေး စနစ်များကို ရှာဖွေဖော်ထုတ်ပေးနိုင်ပေသည်။
(၅) ပြည်သူလူထုနှင့် သက်ဆိုင်သော မူဝါဒများ (Public Policies)
ကျန်းမာရေး စောင့်ရှောက်မှု၊ လေထု ညစ်ညမ်းမှု၊ စီးပွားရေး အခြေအနေ စသည့် လူထုနှင့်တိုက်ရိုက် သက်ဆိုင်သော အရေးအရာများကို လေ့လာကာ မည်သို့မည်ပုံ ပေါ်လစီများ ချမှတ်ဖြေရှင်းရမည်ဆိုသည်ကို စဉ်းစားဝေဖန်ခြင်း ဖြစ်သည်။ ဤပညာရပ်သည် ပြည်သူ့ပေါ်လစီဆိုင်ရာ အယူအဆများကို နှိုင်းယှဉ် လေ့လာမှုများ ရှိသလို၊ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတော် လုံခြုံရေး မူဝါဒများအတွက် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှ အချက်အလက်များကို အသုံးပြု လေ့လာသည်။ ပေါ်လစီများ ချမှတ်ရာတွင် လိုအပ်သော ကျင့်ဝတ်များကိုမူ နိုင်ငံရေးသီအိုရီများမှ ထုတ်ယူ အသုံးပြုသည်။
(၆) နိုင်ငံရေးဆိုင်ရာ အပြုအမူ (Political Behavior)
ပြည်သူတို့၏ နိုင်ငံရေးဖြစ်စဉ်များ၊ လှုပ်ရှားမှုများတွင် ပါဝင်မှု စသည့် နိုင်ငံရေးဆိုင်ရာ အပြုအမူတို့ကို လေ့လာသော ပညာရပ် ဖြစ်သည်။ ထိုပညာရပ်သည် လူထု၏ မဲဆန္ဒပေးရာတွင် အခြားသော လူမှုရေး ဖိအားတို့၏ လွှမ်းမိုးမှု ကင်း မကင်း၊ လူတို့၏ စိတ်ပိုင်းဆိုင်ရာ အစွဲအလမ်းများ (ဥပမာ - ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ)၊ နိုင်ငံရေးဖြစ်စဉ်များ ပါဝင်ရာတွင် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ၊ အကျိုးစီးပွားအမြင်များ စသည်တို့ကို လေ့လာသည်။ လေ့လာတွေ့ရှိချက်များသည် ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များနှင့် ပါတီတို့၏ မူဝါဒ ရေးဆွဲရေးမှုများအပေါ် များစွာ အကျိုးပြုသည်။
နိုင်ငံရေး သိပံ္ပပညာရှင်တို့၏ ချဉ်းကပ်မှု ဗျူဟာများ
နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ် ဖြစ်ရပ်များကို စနစ်တကျ ရှင်းပြနိုင်ရန်အတွက် ရှုထောင့်သုံးမျိုးမှ ချဉ်းကပ်လေ့ ရှိသည်။
ပထမဦးဆုံး ပုံစံမှာ လူ့သဘာဝကို အခြေခံသော ဆင်ခြေရွေးချယ်မှု ပုံစံ (Relational Choice Model) ဖြစ်သည်။ ထိုရှုထောင့်မှ လေ့လာမည်ဆိုလျှင် လူသားတို့သည် ယေဘုယျအားဖြင့် မိမိတို့၏ အကျိုးစီးပွားကို ရှေးရှုတတ်သူများ ဖြစ်သည့် အားလျော်စွာ မည်သည့် အခြေအနေတွင်မဆို မိမိတို့အတွက် အကျိုးဖြစ်ထွန်း နိုင်ဆုံးလမ်းကိုသာ ရွေးချယ်ကြမည် ဖြစ်သည်။ နိုင်ငံရေးရာ ကိစ္စရပ်များတွင်လည်း မိမိတို့အတွက် အကျိုးပြုနိုင်ဆုံး နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ အစိုးရများကိုသာ ထောက်ခံကြမည် ဖြစ်သည်။
ဒုတိယ ချဉ်းကပ်မှု ပုံစံမှာ စနစ်ပိုင်းဆိုင်ရာ လိုအပ်မှုကို အခြေခံသော ပုံစံ (Function Model) ဖြစ်သည်။ လည်ပတ်လျက်ရှိသော စနစ်တစ်ခုသည် လူသားတို့၏ လိုအပ်မှုကို အပြည့်အ၀ ဖြည့်ဆည်း မပေးနိုင်တော့သည့် အချိန်တွင် ထိုစနစ်၏ အားနည်းချက်များကို ရှာဖွေဆန်းစစ်မှုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထိုလှုပ်ရှား ဆောင်ရွက်မှုများသည် သမိုင်းဆိုင်ရာ တိုးတက်မှုအတွက် အရေးပါသည့် ညွှန်ပြမှတ်များ ဖြစ်လာသည်။
တတိယ ချဉ်းကပ်မှု ပုံစံမှာ လူသားတို့၏ တန်ဖိုးထားမှုများ၊ လောကအမြင်များကို အခြေခံသော လေ့လာမှုပုံစံ (Interpretive Model) ဖြစ်သည်။ ထိုရှုထောင့်အရ နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာရာတွင် ထိုဖြစ်စဉ်များတွင် ပါဝင်သူတို့၏ ယုံကြည်မှုများ၊ တန်ဖိုးထားမှုများကို နားလည်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့် ထိုဖြစ်ရပ်များ၏ အကြောင်းအရာများနှင့် အကျိုးဆက်များကို ခန့်မှန်းတွက်ချက်ရာတွင် များစွာ အထောက်အကူ ပြုသည်။
နိုင်ငံရေး သိပံ္ပပညာရပ်၏ သုတေသန လုပ်နည်းလုပ်ဟန်များကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။ အချို့သော နိုင်ငံရေး သုတေသီတို့သည် ကိန်းဂဏာန်းပမာဏ အခြေပြုနည်းနာ (Quantitative Method) ကို အသုံးပြု၍ နမူနာ အုပ်စုငယ်များ အတွင်း လေ့လာတွေ့ရှိမှုများကို အခြေခံပြုကာ စည်းမျဉ်းဥပဒေသများ၊ သီအိုရီများကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြသည်။ သို့ရာတွင် လူသားတို့၏ စိတ်သည် အစဉ်အမြဲ ပြောင်းလဲတတ်သည့် အလျောက် နမူနာပုံစံငယ်များအတွင်း လေ့လာရရှိသော အချက်အလက် ရလဒ်များသည် ပိုမိုကျယ်ပြန့်သော လက်တွေ့အခြေအနေများတွင် အံဝင်ခွင်ကျ မဖြစ်နိုင်သည်များ ရှိနိုင်ပေသည်။ ကြိုတင်ခန့်မှန်းနိုင်ရန် ခက်ခဲသော လူတို့၏ အပြုအမူများကို ဖော်မျူလာ သဘောများဖြင့် ချဉ်းကပ်၍ မရနိုင်သည်များ ရှိပေသည်။ ဥပမာ မည်သည့် နိုင်ငံရေးသိပံ္ပ ပညာရှင်ကမျှ ၁၉၈၉ခုနှစ် ဆိုဗီယက် ယူနီယံ ပြိုကွဲမှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အချို့ သော ပညာရှင်တို့က ဖြစ်ရပ်တခုတည်းကို သီးသန့်လေ့လာမှု (Case Study) များပြုလုပ်ခြင်းဖြင့်သာ ထိုလေ့လာနေသော ဖြစ်ရပ်၏ လက်တွေ့ ပြဿနာများနှင့် ပြဿနာ ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေသင့်သည်ဟု ယူဆကြသည်။
ကိန်းဂဏာန်း ပမာဏ အခြေပြု နည်းပညာ (Quantitative Method)
ထို သုတေသန နည်းနာတွင် လူထု သဘောထား စစ်တမ်း ကောက်ယူမှုနှင့် လေ့လာနေသော အုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းအပေါ် ယေဘုယျ ဆန်းစစ်ချက်များ ပြုလုပ်မှုတို့ ပါဝင်သည်။ သဘောထား စစ်တမ်းကောက်ယူမှု ပုံစံတွင်မူ မဲဆန္ဒနယ် တခု (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း လူထု၏ ဘ၀ရပ်တည်မှု အခြေအနေ၊ စာတတ်မြောက်မှုနှုန်း၊ ပျမ်းမျှသက်တမ်း စသည့် လူမှုရေးဆိုင်ရာ အခြေအနေတို့ကို စနစ်တကျ မှတ်တမ်းတင်၍ လေ့လာသော ပုံစံဖြစ်သည်။ ထိုသို့ လေ့လာခြင်းဖြင့် ထိုဒေသ (သို့မဟုတ်) နိုင်ငံ၏ လက်ရှိကျင့်သုံးနေသော နိုင်ငံရေး စနစ်နှင့် လက်တွေ့ အခြေအနေကြား ကွာဟမှု ရှိ မရှိ လေ့လာ သိရှိနိုင်သည်။
ဖြစ်ရပ်တစ်ခုချင်း သီးသန့် လေ့လာခြင်း
ထို သုတေသန နည်းနာအရ ထူးခြားသော နိုင်ငံရေး ဖြစ်စဉ်များ (ဥပမာ တော်လှန်ရေး ဖြစ်ပွားမှု၊ စစ်ဖြစ်ပွားမှု၊ နိုင်ငံ စီးပွားရေး တိုးတက်လာမှု) စသည်တို့ကို ခွဲခြမ်းစိတ်ဖြာ၍ အကြောင်းရင်းများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ ဤသို့ လေ့လာရာတွင် အစဉ်အလာ သီအိုရီများ၊ စည်းမျဉ်းဥပဒေသများကို အသုံးပြုခြင်းထက် လေ့လာနေသော ဖြစ်ရပ်၏ ထူးခြားသော ပြဿနာများကို စနစ်တကျ နားလည်နိုင်ရန် ကြိုးပမ်းခြင်းနှင့် ထိုပြဿနာများအတွက် လိုအပ်သော ဖြေရှင်းမှုများကို ဦးစားပေး ရှာဖွေရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။ အသစ်သစ်သော တိုးတက်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ချဉ်းကပ်ရာတွင် ဤနည်းလမ်းသည် များစွာ အသုံးဝင်ပေသည်။
အခြား နည်းလမ်းများ (The Other Methods)
အထက်ပါ နည်းလမ်း (၂) ခု အပြင် အခြေအနေ၏ လိုအပ်မှုအပေါ် မူတည်၍ အခြားပညာရပ်များတွင် အသုံးပြုလေ့ရှိသော လက်တွေ့စမ်းသပ်မှုများအတိုင်း သုတေသန ပြုလုပ်မှုများလည်း ရှိသည်။ ဥပမာ - ပေါ်လစီတစ်ခုကို ကာလအတိုင်းအတာ တစ်ခု သတ်မှတ်၍ လက်တွေ့စမ်းသပ် ကျင့်သုံးကြည့်ကာ အကျိုးဆက်ကို လေ့လာခြင်း၊ ပေါ်လစီ တစ်ခုကို မတူညီသော နေရာနှစ်ခုတွင် စမ်းသပ်ကျင့်သုံးစေပြီး ထွက်ပေါ်လာသော ရလဒ်များကို နှိုင်းယှဉ်လေ့လာကြည့်ခြင်းတို့ ဖြစ်သည်။
(ဤ ဆောင်းပါးသည် အပြောကျယ်လှသော ပညာသမုဒ်ပြင်ကျယ်ကြီးထဲမှ ရေစက်ကလေး တစ်စက်သဖွယ်သာ ဖြစ်ပါသည်။ နိုင်ငံရေး သိပံ္ပ၏ လေ့လာမှု နယ်ပယ်များနှင့် သဘောသဘာဝကို ခြုံငုံမိစေရန် မိတ်ဆက်သဘောဖြင့် အကျဉ်းမျှ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။)
ရည်ညွှန်း -
''Living Political Ideal's'' : by Geoff An drews and Michael Saward
''Modern Political Philiosophy" : by Richard Hudelson
Encarta Reference 2007
ဦးနှောက်စားတဲ့ စာအုပ်
အခု ဖတ်နေတာ တော်တော်ကြာပြီဖြစ်တဲ့ ဦးနှောက်လည်း တော်တော်စားနေတဲ့ စာအုပ်တစ်အုပ်အကြောင်းပဲ ပြောချင်လို့ပါ။ ဒီစာအုပ်က စာမျက်နှာ ၁၅၆ မျက်နှာပဲ ပါပါတယ်။ မင်းခက်ရဲ ရဲ့ မော်ဒန်စာပေဝေဖန်ရေးနှင့် သီအိုရီ ဆိုတဲ့ စာအုပ်ပါ။ ၂၀၀၅ ခုနှစ်၊ ဧပြီလ က ပထမအကြိမ် ထုတ်ဝေပါတယ်။ ကျွန်တော်ဖတ်နေတာတော့ ၂ လ ၃ လ လောက်ရှိပါပြီ။ အခုထိ လိပ်ပတ်မလည် သေးပါဘူး။
စာရေးသူ၏ အမှာ မှာရေးထားတာကိုက ဒီလိုပါ။
"...ဤစာအုပ်သည် မော်ဒန်စာပေဝေဖန်ရေးနှင့် သီအိုရီအကျဉ်းမျှသာ ဖြစ်ပါသည်။ အကျဉ်းစာအုပ်တိုင်း၌ ကျွန်တော်တို့ ကြုံတွေ့ရမည့် အချက်နှစ်ချက် ရှိပါသည်။ ၎င်းမှာ အကျဉ်းစာအုပ်သည် ပညာရှင်များအတွက် သေးငယ်ပြီး မပြည့်စုံ မလုံလောက်ဟု ယူဆစရာ ဖြစ်လာမည့် အချက်နှင့် ဤနယ်ပယ်၌ အတွေ့အကြုံမရှိသေးသူများအတွက်လည်း အသေးစိတ် မရှင်းလင်းနိုင်သည့် အချက်သာ ဖြစ်ပါသည်။..."
ကျွန်တော်က ဒီနယ်ပယ်မှာ အတွေ့အကြုံမရှိသေးသူများထဲမှာ ပါပါတယ်။ ဒီ စာပေဆိုတဲ့ နယ်ပယ်မှာ ဟိုအယူ ဒီဝါဒဆိုတာတွေကို အရင်တုန်းက လေ့လာချင်စိတ်ကို မရှိတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကိုယ်ကိုယ်တိုင်လည်း တောင်ရေး မြောက်ရေး ရေးနေတယ်ဆိုတော့ ဖတ်ကြည့်ရင်ကောင်းမယ်ဆိုပြီး ဒီစာအုပ်ကို ဖတ်မိပါတယ်။ အခြေခံက မရှိလေတော့ စာအုပ်ကို ဖတ်ရင်း တစ်ဝဲလည်လည်ပေါ့။ ဒါပေမယ့် မသိသေးတာတွေ အများကြီး သိလာတယ်။ ဥပမာ ဣတ္ထိဝါဒမှာဆိုရင် လွယ်လွယ်ကူကူ သိထားခဲ့တဲ့ အမျိုးသမီးများရဲ့ အမျိုးသားကြီးစိုးမှုကို ဆန့်ကျင်တယ်ဆိုတာမျိုး အကြမ်းအားဖြင့် ပြောဆိုတာတွေထက် အသေးစိတ် စဉ်းစားစရာတွေ အများကြီး တွေ့မိလာရပါတယ်။ စာသားတစ်ကြောင်းနှစ်ကြောင်းလောက် ကောက်နှုတ်ပြပါရစေ။
ဣတ္ထိဝါဒ (Feminism) ဆိုတဲ့ အခန်းက လိင်ပိုင်းတည်ဆောက်ခြင်းများ ဆိုတဲ့ ခေါင်းစဉ်ငယ်အောက်မှာ ဒီလိုတွေ့ရပါတယ်။
"...ဣတ္ထိဝါဒီတွေဟာ သူတို့ရဲ့ လိင် (Gender) အပေါ် တည်ဆောက်ထားတဲ့ အရာတွေကို တိုက်ဖျက်ကြဖို့ ကြိုးစားရာမှာ စိတ်ခွဲပညာဆီကို ပြန်လှည့်လာကြပါတယ်။
... ဖရိုက်ရဲ့ အမြင်တချို့မှာ အော့ဒိပတ် စိတ်ထားဖွဲ့စည်းမှု၊ ယောက်ျားအင်္ဂါ မနာလိုမှု စတာတွေက အမျိုးသမီးကို ခွဲခြားထားသလို ဣတ္ထိဝါဒကို အထောက်အပံ့ပြုတဲ့ သဘောတရား နောက်ခံ နှစ်ခုလဲ ရှိပါသေးတယ်။ တစ်ခုက လိင် (Sexuality) ဟာ ဇီဝဗေဒသဘောအရ ဖြစ်တည်လာတာ မဟုတ်ဘဲ လူမှုရေးအရ လူ့အဖွဲ့အစည်းက တည်ဆောက်ပြီး ဖြစ်လာတာလို့ မြင်တယ်။...
... ဖရိုက်ရဲ့ အမျိုးသမီးတွေကို နှိမ့်ချထားတဲ့ အမြင်က လိင်ပိုင်း ဒဏ်သင့်မှု (Castration) သဘောဖြစ်တယ်။ မိန်းမတွေမှာ ယောက်ျားအင်္ဂါချို့တဲ့-တဲ့အတွက် ယောက်ျားအင်္ဂါမနာလိုမှု၊ လိင်ပိုင်းဒဏ်သင့် စသဖြင့် ဖြစ်လာတယ်လို့ ဖရိုက်က မြင်တယ်။ ၎င်းအမြင်ဟာ ဣတ္ထိဝါဒီများအတွက်တော့ အခါးသီးဆုံး အမြင်တစ်ခုပါပဲ။..."
စသဖြင့် တွေ့ရပါတယ်။ အဲဒီ ဣတ္ထိဝါဒ ဆိုတဲ့ အခန်းတစ်ခုထဲမှာပဲ တော်တော်စားစရာတွေ ပါတယ်ဗျ။ ကျွန်တော် ခေါင်းစဉ်ငယ်လေးတွေပဲ ရေးပါစေ။ ဣတ္ထိဝါဒ (Feminism) မှာပါတဲ့ ခေါင်းစဉ်ငယ်တွေကတော့ -
-ဣတ္ထိဝါဒသဘောတရားနှင့် ဝေဖန်ရေး
-အမျိုးသမီးတစ်ဦး စာဖတ်ခြင်း (Reading as a Women)
-အေလဲန်းရှိုဝေါလ်တာ (Elaine Showalter)
-လိင်ပိုင်းတည်ဆောက်ခြင်းများ
-အမျိုးသမီး၏ ကိုယ်စားပြုမှုဖြင့် ရေးသားခြင်း၊ အေလဲစီးဆူး (Helene Cixous) နှင့် လူးအီဟီဂါဟေး (Luce Irigaray)
-အဆောက်အအုံလွန်ဝါဒ၊ ခရစ္စတီဗာ၊ စာသားချင်း အပြန်အလှန်ချိတ်ဆက်ခြင်း (post-structuralism၊ Kristeva၊ intertexutality)
... တို့ဖြစ်ပါတယ်။
ဒီစာအုပ်ကို ဖတ်ရခြင်းအားဖြင့် ကျွန်တော့်အတွက်တော့ စာပေသဘောတရားတွေ၊ ဝေဖန်ရေးသဘောတရားတွေကို စိစိညက်ညက်ကြေ မသွားစေပါဘူး။ အဲဒီလောက်အထိ ကျွန်တော့်မှာ အခံ မရှိသေးပါဘူး။ ဒါပေမယ့် စာတစ်ပုဒ်ကို ဖတ်နေရင်း ကျွန်တော်မသိသေးတဲ့ ရှုထောင့်တွေ အများကြီး ပေါ်လာစေပါတယ်။ ဘယ်ဝါဒ ဘယ်ခေါင်းစဉ်အောက်မှာမှ မနေပဲနဲ့ပေါ့။ စာပေဝါသနာပါတဲ့ မိတ်ဆွေများလည်း ရှာဖွေဖတ်ရှုစေချင်ပါတယ်ခင်ဗျာ။ အေးဆေး(တကယ် အေးဆေးမှ) အခန်းတစ်ခုဆီကို ဖတ်ပြီး ကျွန်တော် ဘယ်လို ဘယ်လောက် သိနားလည်လိုက်ပါတယ်ဆိုတာမျိုး ရေးချင်ပါတယ်။ လွယ်တော့ မလွယ်သေးပါဘူးခင်ဗျာ။
အောက်မှာ ဆရာမင်းခက်ရဲရဲ့ မော်ဒန်စာပေဝေဖန်ရေးနဲ့ သီအိုရီ စာအုပ်ထဲက အခန်းတွေနဲ့ ခေါင်းစဉ်ခွဲတွေကို မဝယ်ယူ မဖတ်ရှုမီ ကြိုတင် သိရှိနိုင်အောင် ပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ။
၁။ အင်္ဂလို-အမေရိကန် ဝေဖန်ရေး
- ဝေဖန်ရေးသစ်သမိုင်းနှင့်အမြင်
- အိုင်-အေ ရစ်ချတ်
- ဂျွန်ခရိုးရမ်ဆမ်
- ရည်ရွယ်ရင်း ယုတ္တိအမှားနဲ့ ခံစားချက် သက်ရောက်မှု အမှား
- စေ့စေ့စပ်စပ် ဖတ်ရှုခြင်း
- ကမ်းနက်ဘာ့ခ်
- မာရေးခရိုက်ဂါ
- ကိုယ်ကျင့်ဝေဖန်ရေးနှင့် အက်ဖ် - အာ - လိဗိစ်
- ချီကာဂိုဂိုဏ်း (သို့) အရစ္စတိုတဲဝါဒသစ်ဝေဖန်ရေး
- နယူးယော့ ပညာတတ်များ
- အက်ဒမွန်ဝီလဆင်
- ဒဏ္ဍာရီဆန်မှုသဘော
- ရှေးဦးဒဏ္ဍာရီဆန်မှု ဝေဖန်ရေး
- နော့သရော့ဖရိုင်းနှင့် ဒဏ္ဍာရီဆန်မှု ဝေဖန်ရေး
၂။ ရုရှပုံသဏ္ဌာန်ဝါဒ
- ရုရှပုံသဏ္ဌာန်ဝါဒသမိုင်း
- ရုရှပုံသဏ္ဌာန်ဝါဒသဘောတရား
- ဗစ်တာရှကလောစကီး
- ရိုမန်ယာကော့ဆင်
- ဗလာဒီမာပရော့
- မာခရော့စကီး
- မစ်ခေးဘာ့ခ်တင်နှင့် သူ၏ အသိုင်းအဝိုင်း
- ရုရှပုံသဏ္ဌာန်ဝါဒနှင့် ဝေဖန်ရေးသစ်
- ပုံသဏ္ဌာန်ဝါဒ၏ စာသားအပေါ်အမြင်
၃။ အဆောက်အအုံဝါဒ
- အဆောက်အအုံဝါဒသဘောနှင့် နောက်ခံအကြောင်း
- ဖာဒီနန်ဆောဆူး
- အဆောက်အအုံဆိုင်ရာ ဒေါင်လိုက်ဆက်စပ်မှုများ
- အဆောက်အအုံဇာတ်ပြောသဘော
- လေးဗီးစထရိုး
- ရိုလန်ဘာ့သ်
- အမေရိကန် အဆောက်အအုံဝါဒ
၎။ စာဖတ်သူ သီအိုရီ
- အသွင်လောက စိတ်ပညာ
- အသွင်လောက စိတ်ပညာဝေဖန်ရေး
- ဖွင့်ဆို ရှင်းလင်း သိပံ္ပပညာ
- အင်ဂါဒမ်မှ ဝုဖ်အိုင်ဆာ
- ဟမ်းစ်ဂျော့ဂဒမာမှ ဟမ်းစ်ရောဘတ်ဂျော့စ်
- ပုဂ္ဂလိကအတ္တ အခြေပြုဝေဖန်ရေး
- စာဖတ်သူ သီအိုရီသမိုင်း
- ဟမ်းစ်ရောဘတ်ဂျော့စ်
- ဝုဖ်ဂန်အိုင်ဆာ
- စတင်လေဖရှ်
- စိတ်ခွဲပညာနှင့် စာဖတ်သူ သီအိုရီ
၅။ အဆောက်အအုံလွန်ဝါဒ
- အဆောက်အအုံလွန်ဝါဒနိဒါန်း
- ခြားနားခြင်းနှင့် ဘာသာစကား
- ခြားနားခြင်းနှင့် ယဉ်ကျေးမှု
- ခြားနားခြင်းနှင့် လိုအင်ဆန္ဒ
- အမှန်တရား (သို့မဟုတ်) ခြားနားခြင်း
- ရိုလန်ဘာ့သ်၊ အဆောက်အအုံဝါဒနှင့် အဆောက်အအုံလွန်ဝါဒ
၆။ ဒီကွန်စထရပ်ရှင်း
- ဘာသာစကားနှင့် ဒီကွန်စထရပ်ရှင်း
- အဆောက်အအုံဝါဒနှင့် ဒီကွန်စထရပ်ရှင်း
- ဝေဖန်ရေးသစ်နှင့် ဒီကွန်စထရပ်ရှင်း
- အသွင်လောက စိတ်ပညာနှင့် ဒီကွန်စထရပ်ရှင်း
- ဖွင့်ဆိုရှင်းလင်းသိပံ္ပပညာနှင့် ဒီကွန်စထရပ်ရှင်း
- ဂျက်ဒဲရီဒါ
- အမေရိကန်အသိုင်းအဝိုင်းနှင့် ဒီကွန်စထရပ်ရှင်း
- စိတ်ခွဲပညာနှင့် ဒီကွန်စထရပ်ရှင်း
- ဣတ္ထိယဝါဒနှင့် ဒီကွန်စထရပ်ရှင်း
၇။ စိတ်ခွဲပညာ သီအိုရီ
- စိတ်ခွဲပညာနိဒါန်း
- စိတ်ခွဲပညာနှင့် အနုပညာဆိုင်ရာ ပုံသဏ္ဌာန်ပြောင်းလဲမှုများ
- မသိစိတ်ဖြစ်စဉ်
- ဆစ်ဂမန်ဖရိုက်နှင့် ဂျက်လာကန်
- ဒီလူးစ်နှင့် ဂူတာရီ
၈။ ဣတ္ထိဝါဒ
- ဣတ္ထိဝါဒသဘောတရားနှင့် ဝေဖန်ရေး
- အမျိုးသမီးတစ်ဦး စာဖတ်ခြင်း (Reading as a Women)
- အေလဲန်းရှိုဝေါလ်တာ (Elaine Showalter)
- လိင်ပိုင်းတည်ဆောက်ခြင်းများ
- အမျိုးသမီး၏ ကိုယ်စားပြုမှုဖြင့် ရေးသားခြင်း၊ အေလဲစီးဆူး (Helene Cixous) နှင့် လူးအီဟီဂါဟေး (Luce Irigaray)
- အဆောက်အအုံလွန်ဝါဒ၊ ခရစ္စတီဗာ၊ စာသားချင်း အပြန်အလှန်ချိတ်ဆက်ခြင်း (post-structuralism၊ Kristeva၊ intertexutality)
၉။ ပို့စ်မာ့စ်ဝါဒ
- ပို့စ်မာ့စ်မတိုင်မီ မာ့စ်ဝေဖန်ရေးလမ်းကြောင်းများ
- အောသူဆာဟ်နှင့် မာ့ချရေး
- မာ့စ်ဝါဒသစ်နှင့် ဖရက်ဒရစ်ဂျိမ်းဆမ်
- တယ်ရီအီဂလ်တန်
- ဒီကွန်စထရပ်ရှင်းနှင့် မာ့စ်ဝါဒ
၁၀။ ပို့စ်ကိုလိုနီယာယ်ဝါဒ
- ဖရင့်ဖာနွန်
- အောက်ခြေအတန်းအစား
- ပို့ကိုလိုနီယာယ်လမ်းကြောင်းများ
- ပို့ကိုလိုနီယာယ်ဝေဖန်ရေး
- အက်ဒဝ်ဆာယိ
၁၁။ အာဖရိကန်-အမေရိကန်ဝေဖန်ရေး
၁၂။ သမိုင်းသစ်ဝါဒ
- မီရှယ်ဖူးကို့
- ရေးသားပို့ချမှု
- ကလစ်ဖော့ ဂီးယာ့(ဇ်)
- စတီဖင်ဂရင်းဘလတ်
- သမိုင်းသစ်ဝါဒ
- ယဉ်ကျေးမှုဆိုင်ရာ ရုပ်ဝါဒနှင့် သမိုင်းသစ်ဝါဒ
http://myatlone.blogspot.com/2009/04/blog-post.html
အစဉ်အလာနယ်ပယ်မှ ယဉ်ကျေးမှုအမြင်
မင်းခက်ရဲ
ယဉ်ကျေးမှုဖွင့်ဆိုချက်ကို အဓိကလေ့လာခဲ့ကြတာက စာပေအနုပညာနယ်ပယ်ဖြစ်ပေမယ့် ကိုယ်ကျင့် တရားဒသနအမြင်တွေမှာလည်း တွေ့ကြရတယ်လို့ မြင်ပါတယ်။ အရစတိုတယ်၊ ဂျွန်လော့ခ်၊ ဗီကို၊ တာဂေါ့(တ်)၊ ဘမ်သမ်စတဲ့ပုဂ္ဂိုလ်တွေရဲ့ ဒသနအမြင်တွေမှာ ယဉ်ကျေးမှုသဘောကို တွေ့ရပါတယ်။ ဒါပေမယ့် သူတို့က ယဉ် ကျေးမှုသဘောကို တိုက်ရိုက်ဖော်ထုတ်ထားတာမဟုတ်ပါဘူး။ ကြိုတင်ယူဆနိုင်စရာ (တစ်နည်းအားဖြင့်) ယဉ် ကျေးမှုအကြောင်းတွေကို အတိအလင်းလေ့လာ၊ ဖွင့်ဆို၊ ချဉ်းကပ်တာတွေ မလုပ်ကြခင်ကတည်းက ဒီလိုလုပ်တဲ့ အခါမှာ အထောက်အပံ့ပေးတဲ့ အရာတွေကိုသာ ဖော်ထုတ်ပေးခဲ့ကြပါတယ်။ ဒါကြောင့် သူတို့က ကိုယ်ကျင့် တရားစံကိုသာ အဓိကထားပြောခဲ့ကြတာပါ။ အရစတိုတယ်က ကောင်းခြင်း (Good) ဆိုတာ ကောင်းမြတ်သော အပြုအမူတွေကြောင့် ဖြစ်ပေါ်လာသော ပျော်ရွှင်ဝမ်းမြောက်မှုလို့ဆိုကြပါတယ်။ သူရဲ့ကောင်းခြင်းဟာ ယဉ်ကျေး သောအပြုအမူ။ အဲ့ဒီကနေ တစ်ဆင့်ဖြစ်ပေါ်လာမယ့် ယဉ်ကျေးမှုစတာတွေကို အရိပ်အယောင်းအဖြစ် ပြနေတဲ့ သဘောပါပဲ။
- John Locke
ဂျွန်လော့ခ်ဟာ ယဉ်ကျေးမှုနဲ့ တိုက်ရိုက်ပတ်သက်မှု မရှိပေမယ့် လူ့အဖွဲ့အစည်းအတွင်းရဲ့ သိပုံသိနည်း နဲ့ လူ့အဖွဲ့အစည်းထဲက သင်ယူပုံသင်ယူနည်းသဘောတွေကို လေ့လာတယ်။ သဘောက လူသားရဲ့ သိစိတ် သဘာဝကို လေ့လာတယ်။ သူသားရဲ့ သိစိတ်သဘာဝကို လေ့လာတဲ့ သူ့ရဲ့ An Essay Concerning, Human Under-standing (1690) ဟာ ထင်ရှားတယ်။ ဗြိတိန်ဒသနလောကအပေါ်မှာ လွှမ်းမိုးနိုင်ခဲ့တဲ့ စာအုပ်တစ်အုပ်ပါ ပဲ။ ဒီထဲမှာ သူအဓိကတင်ပြထားတာက လူသားရဲ့ သိစိတ်၊ သိမှုဟာ သူ့ပတ်ဝန်းကျင်က လူ့အ၀ိုင်းအ၀ိုင်းရဲ့ အသိပညာ (၀ါ) စုပေါင်း အသိပညာ (Collective Knowledge) ထဲကို ဘယ်လို ကိန်းအောင်းပျော်ဝင်သွားသလဲ ဆိုတာပြနေပါတယ်။ သိစိတ်ဆိုတာက ပကတိကြည့်လင်သန့်ရှင်းတဲ့အရာ၊ ပြင်ပက ၄င်းကို လာရိုက်ခတ်မှ ထင်ဟပ်လာတာမျိုးလို့ မြင်တယ်။ တစ်နည်းအားဖြင့် လော့ခ်ရဲ့ သိစိတ်ကို လေ့လာတင်ပြပုံဟာ ၄င်းသိစိတ်ဟာ နယ်ပယ်ဒေသသဘောဆန်ပြီး အသိပညာကိုလည်း သူနဲ့ သက်ဆိုင်ထိတွေ့ရတဲ့ ပတ်ဝန်းကျင် နယ်ပယ်ကလေး ကနေ ဘယ်လိုမျှဝေယူဆောင်သွားနိုင်သလဲဆိုတာကို ပြခဲ့တယ်။ ၁၈ ရာစုက ဒသနပညာရှင် ဗီကို (Vico) က တော့ လော့ခ်တို့ထက်စာရင် ယဉ်ကျေးမှုဆိုင်ရာ (Culture) သဘောတွေနဲ့ အများကြီး ရင်းနှီးလာပြီလို့ဆိုရပါမယ်။ သူရဲ့ ၁၇၄၄ ခုနှစ်ထုတ် (New Science) စာအုပ်ဟာ ထင်ရှား ပါတယ်။ ဥာဏ်အလင်းပွင့်လင်းခေတ်ရဲ့ သိမှု ဆိုင်ရာ နိုးကြားမှုတွေကလည်း ဒီလိုလူသားရေးရာတွေကို စိတ်ဝင်တစား ပြန်လည်ကိုင်တွယ်လာဖို့ အဓိကတွန်း အားပါပဲ။
ကမ္ဘာလောကကြီးက လူသားကိုချုပ်ကိုင်ပြီး
သူ့စိတ်ကြိုက်ဖန်တီးခွင့်မရဖို့အတွက် သူသားက
ပြန်လည်တုံ့ပြန်တဲ့နေရာမှာ
စိတ်ကွန့်မြူးမှုက အဓိကပါပဲလို့မြင်တယ်
- vico
ဗီကိုရဲ့ New Science စာအုပ်ဟာ လူမှုရေး သီအိုရီတွေအတွက် ရှေ့တော်ပြေးပါပဲ။ အထူးသဖြင့် ကလော်ဒီလေးဗီးစထရို (Cloude Levi Strauss) တို့ လေ့လာတဲ့ အဆောက်အအုံဝါဒဆိုင်ရာ မနုသဗေဒ၊ လူမှု ရေးဗေဒတို့ရဲ့ ရှေ့တော်ပြေးပါ။ ဗီကိုက လူသားသဘာဝကို လေ့လာစူးစမ်းရာမှာ ၄င်းတို့ရဲ့ သင်္ကေတဆိုင်ရာ ဖန်တီးမှုသဘာဝကို အထူပြုလေ့လာပါတယ်။ လူသားဟာ သူတို့ရဲ့ သမိုင်း၊ သူတို့ရဲ့ ဆက်သွယ်မှုပုံစံ၊ သူတို့ရဲ့ ယုံကြည်မှုစနစ်များ၊ သူတို့ရဲ့ဥပဒေ၊ အစဉ်အလာလုပ်ထုံးတွေကနေတဆင့် သင်္ကေတ (Symbols) တွေဖြစ်လာ တယ်။ လူသားဟာ ၄င်းသင်္ကေတတွေတဆင့် သင်္ကေတ (Symbols) တွေဖြစ်လာတယ်။ လူသားဟာ ၄င်း သင်္ကေတတွေနဲ့ ပြန်ညှိယူနေထိုင်ပြီး ကျင့်သုံးရပုံကိစကို လေ့လာတယ်။ ဗီကိုလေ့လာခဲ့တဲ့ ယုံကြည်မှုစနစ်၊ ဥပဒေ၊ ဆက်သွယ်မှုစတဲ့ အကြောင်းအရာအတော်များများဟာ ယနေ့ယဉ်ကျေးမှုကို အဓိပ္ပါယ်ဖွင့်ကြည်ကြရာမှာ အဓိကအခြေပြုထားတဲ့ အုတ်မြစ်တွေဖြစ်တယ်။ ဗီကိုက သင်္ကေတဆိုင်ရာ ပုံသဏ္ဍာန်ပြောင်းလဲမှု (Symbolic Transpormation) အကြောင်းကို ပြောတယ်။ ယခင်က သဘာဝတရားဆိုင်ရာကိစတွေ (Natural) ကနေ ယခု ယဉ်ကျေးမှုဆိုင်ရာ (Cultural) အဖြစ် ပြောင်းလဲသွားပုံပါပဲ။ ဥပမာ-ယခင် သဘာဝတရားက လူဟာ အ၀တ် အထည်နေရာမှာ တိရစ္ဆာန်အရေကိုခြုံစေပါတယ်။ ဒါဟာ သဘာဝနဲ့ ဆက်စပ်နေတဲ့ သင်္ကေတကိစတစ်ခုဖြစ်ပါ တယ်။ ယခုအခါမှ လူက ဖျင်အင်္ကျီကိုခြုံမယ်။ ဒါက ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတတစ်ခုဖြစ်တယ်။ နောက် ဂျင်း အင်္ကျီးကိုဝတ်မယ်၊ ဂျင်းဘောင်းဘီကိုဝတ်မယ် ဒါဟာ သင်္ကေတတွေပါ။ ဗီကိုက ၄င်းအရာလိုမျိုးသင်္ကေတဆိုင်ရာ ပုံသဏ္ဍာန်ပြောင်းလဲမှုကို အထူးပြုလေ့လာတာပါပဲ။ ဗီကိုက လူမှုရေးဗေဒပညာရှင်တွေထဲမှာ အဓိကထင်ရှားသူ ပါ။ သူကလည်း ယဉ်ကျေးမှုကို တိုက်ရိုက်ကိုင်တွယ်ပြောနေတာမျိုး မဟုတ်ပေမယ့် သူ့ရဲ့အမြင်တွေဟာ ယဉ်ကျေးမှုဖွင့်ဆိုချက်အတွက် အရေးပါတဲ့ အမြင်တွေပဲလို့ဆိုရပါမယ်။
ဗီကိုဟာ ဒဏ္ဍာရီဆန်မှု (Myth) တွေကိုလည်း လေ့လာစီစစ်တယ်။ ဒဏ္ဍာ ရီဆိုတာဟာ လူ့အဖွဲ့အစည်း ထဲမှာ ယုံကြည်လက်ခံထားတဲ့ သဘာဝလွန်ကိစတွေလို့ (၄င်းကာလလောက်က အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးလို့) ဆိုနိုင်ပါတယ်။ အဲ့ဒီစိစစ်မှုကတော့ လူမှုရေးဆိုင်ရာ ယဉ်ကျေးမှုသဘာဝဖြစ်ထွန်းလာမှုသဘောကို ဖော်ထုတ်ပြ တဲ့အကျိုးကျေးဇူးရလာစေတယ်။ လူ့အဖွဲ့အစည်းတိုင်းဟာ အဆင့်သုံးဆင့်ကို ဖြတ်သန်းရတယ်လို့ ဗီကိုကမြင် တယ်။ နတ်ဘုရားများခေတ်၊ သူရဲကောင်းများခေတ်၊ လူသားများရဲ့ခေတ်လို့ဆိုပါတယ်။ ၄င်းအဆင့်သုံးဆင့်ဟာ လူသားရဲ့ ယဉ်ကျေးမှု ဖြစ်ထွန်းလာပုံကို ဖော်ပြနေပါတယ်။ အဓိကအားဖြင့်တော့ လူသားရဲ့ အစဉ်အလာ ရိုးရိုးထုံးစံကို အမျိုးအစားသုံးမျိုးနဲ့ ဖော်ပြထားတာပါပဲ။ နောက် ဒုတိယနဲ့ တတိယက ဥပဒေနဲ့ ဓနဥစာပိုင်ဆိုင်မှု အဓိကသဘောတွေပါ။ လူသားရဲ့ပုဂ္ဂလိက ကိုယ်ရည်ကိုယ်သွေးဟာ ကြမ်းတမ်းရက်စက်မှုကနေ ဟီးရိုး (၀ါ) သူရဲ ကောင်းခေတ်မှာ မာနတရား၊ ၄င်းကနေတဆင့် လူသားခေတ်မှာ ဆင်ခြင်တုံတရားဆိုပြီးတော့လည်း ပြောင်းလဲခဲ့ တယ်လို့ ဗီကိုကမြင်ပါတယ်။ ဒါဟာ ယဉ်ကျေးမှုဆိုတာလူသားရဲ့ အဇျတ္တအတွင်းက ကောင်းခြင်း (Goodness) ပဲလို့မြင်တဲ့ အမြင်မျိုးရဲ့ အစလို့ဆိုရမှာဖြစ်ပါတယ်။
ဘမ်သမ်ရဲ့ ယဉ်ကျေးမှုဆိုင်ရာအမြင်တချို့ကို သူရဲ့ 1789 ခုနှစ်ထုတ် (An Introduction To The Principle Of Morals And Legistation) ဆိုတဲ့ စာအုပ်မှာတွေ့ရပါမယ်။ သဘာဝတရားဟာ လူကိုနာကျင်မှုနဲ့ သာယာမှုဆိုတဲ့သဘောနဲ့ ချုပ်ကိုင်ခဲ့တယ်။ လူဟာ ၄င်းစနစ်ထဲမှာ နေထိုင်လှည့်ပတ်ခဲ့ရတယ်လို့မြင်တယ်။ ဒီနေ ရာမှာ သူက ၄င်းသဘာဝတရားရဲ့ ချုပ်ကိုင်မှုနှစ်ခုထဲက သာယာမှုကိုသာရအောင် ကြိုးပမ်းရမယ်လို့မြင်တယ်။ ယဉ်ကျေးမှုဆိုတာ ဘမ်သမ်ရဲ့အမြင်နဲ့ ဆက်စပ်ပုံက လူဟာ ၄င်းသာယာမှုကိုရအောင် အသုံးတည့်အောင် ကြိုးပမ်းရင်းကနေ ယဉ်ကျေးမှုကိစဖြစ်လာတယ်ဆိုတဲ့ အမြင်မျိုးပါပဲ။ ဒါဟာ ကိုယ်ကျင့်တရားဆိုင်ရာ ဟောပြော ပို့ချချက်တွေကနေ ယဉ်ကျေးမှုနဲ့ ဆိုင်လောက်မယ်လို့ ထင်ရတဲ့ အမြင်ကို ဖော်ထုတ်ကြည့်တာပါ။ အခု စာပေ နယ်ထဲက အရေးအသားတွေကနေ ယဉ်ကျေးမှုဖွင့်ဆိုချက်နဲ့ သက်ဆိုင်မယ့် အဆိုပြုချက်တွေအကြောင်းကိသာ ဆက်ပြောပါ့မယ်။
ကောလားရစ်(ခ်ျ) ရဲ့ ရသခံစားမှုအမြင်တွေမှာ ယဉ်ကျေးမှုရဲ့ သဘောကိ ဖော်ပြထားပါတယ်။ သူက စိတ်ပိုင်းဆိုင်ရာ အရည်းအသွေးများ တိုးတက်လာအောင် ပြုစုပျိုးထောင်ခြင်းဟာ လူအဖွဲ့အစည်းရဲ့ ပန်းတိုင် ဖြစ်တယ်လို့မြင်ပါတယ်။ ပြုစုပျိုးထောင်ခြင်း (Cultivation) ဆိုတာ စိတ်ရဲ့ အခြေအနေတစ်ရပ်ကို ညွှန်းဆိုတဲ့ ဝေါဟာရအဖြစ် ကောလားရစ်(ခ်ျ)ဆီမှာ အထင်အရှား တွေ့ရပါတယ်။ ဘမ်၊ သမ်ဆိုခဲ့တဲ့ လောကကြိးအတွက် လက်တွေ့အသုံးကျမှုအမြင်ဟာ ပြင်ပကမ္ဘာလောကကြီးက လူသားကို ချုပ်ကိုင်လွန်းအားကြီးပါတယ်။ သာယာမှုကို လက်တွေ့အသုံးအချဖို့လှုပ်ရှားမှုနဲ့ ယဉ်ကျေးမှုနဲ့ ဆက်စပ်တဲ့နေရာမှာ သမ်ဘမ်ရဲ့အမြင်က ကမ္ဘာ လောကကို သြဇာအပြည့်ပေးထားပါတယ်။ ကောလားရစ်ခ်ျက လူသားရဲ့ စိတ်ပိုင်းဖွံ့ဖြိုးမှုကို သမ်ဘမ်ထက်ပိုပြီး ဦးတည်ပါတယ်။ တကယ်တော့ ဘမ်သမ်၊ ကောလားရ်ခ်ျ၊ လော့ခ်တို့ဟာ ယဉ်ကျေးမှုဆိုတာဟာ စိတ်ပိုင်းဖွံ့ဖြိုးမှု ဆိုတဲ့ ရှေးအယူအဆ၀ါဒီတွေပါပဲ။ ဒါပေမယ့် သူတို့ရဲ့စာအုပ်တွေထဲမှာ ပြောပုံဆိုပုံနဲ့ ချဉ်းကပ်ပုံတွေ ကွာသွားတာ ကတော့ ရှိပါတယ်။ ဥပမာ ကောလားရစ်ခ်ျဆိုရင် လူသားဟာ သူ့ရဲ့စိတ်ပိုင်းအခြေအနေနဲ့ ပြင်ပလောကကြီးရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတို့နှင့် ဆန်ကျင်ပဋိပကခဖြစ်ပုံကို အဓိကဖော်ပြထားပါတယ်။ ၄င်းဟာ သူ့ရဲ့ရသအမြင်လည်း ဖစ်ြပါတယ်။ အတွေးခေါ်ပညာရှင် ကန့်ဆီကနေ ဆက်ခံထားတာပါ။ ၄င်းအတွေးအခေါ်မှာ သူအဓိကသုံးတဲ့ ဝေါဟာရက တန်ပြန်သက်ရောက်မှု (Counteraction) လို့ သုံးပါတယ်။
လူသားရဲ့ အတွင်းအဇျတ္တနဲ့ ပြင်ပက တွန်းအားတွေကြားထဲက ပဋိပကခကို ဖြေရှင်းဖို့ အခရာပဲလို့မြင်ပါ တယ်။ ကမ္ဘာလောကကြီးက လူသားကို ချုပ်ကိုင်ပြီး သူ့စိတ်ကြိုက် ဖန်တီးခွင့်မရဖို့အတွက် သူသားက ပြန်လည် တုံ့ပြန်တဲ့နေရာမှာ စိတ်ကွန်မြူးမှုက အဓိကပါပဲလို့မြင်တယ်။ ယဉ်ကျေးမှုဆိုတာဟာ အတွေးအခေါ်တစ်ခုလည်း မဟုတ်သလို ထိတွေ့ကိုင်တွယ်ပြီး ပြောလို့ရတဲ့အရာမျိုးလည်း မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ယဉ်ကျေးမှုဆို တာဟာ စိတ်အတွင်းပိုင်းနဲ့ ပြင်ပလောကကြီးနှစ်ခုကြားထဲမှာ တည်နေတဲ့ သီးခြားအရည်အသွေးတစ်ခုလိုမျိုးပါပဲ လို့ ကောလားရစ်ခ်ျက ဖော်ညွှန်းပါတယ်။ ကောလားရစ်ခ်ျက ယဉ်ကျေးမှုဆိုတာ စိတ်အတွင်းပိုင်းဖွံ့ဖြိုးမှုကိစဆို တဲ့ ဖွင့်ဆိုချက်အမြင်ထဲမှာပဲ ရှိပေမယ့် သူဟာရသခံစားမှုဖြစ်တဲ့ စိတ်ကူးကွန့်မြူးမှုကို ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ အဓိကအရာတွေလို့ ညွှန်းဆိုလိုပုံရပါတယ်။ ကောလားရစ်ခ်ျက ယဉ်ကျေးမှုဆိုတာ လူမှုရေးဘ၀ထဲက စိတ်အခြေ အနေတစ်ရပ်ရပ်ကနေ ထွက်ပေါ်လာတဲ့ အရှိတရားတွေလို့ မှတ်ယူပါတယ်။ တစ်နည်းအားဖြင့် မြို့ပြယဉ်ကျေးမှု (Civilization) နဲ့ ယဉ်ကျေးမှုဟာ မတူပါဘူး။ ယဉ်ကျေးမှုဆိုတာ နေ့စဉ်ဘ၀ထဲက ကိစမဟုတ်ပါဘူး။ ၄င်းဟာ မြို့ပြယဉ်ကျေးမှုရဲ့ သမိုင်းကိစပဲလို့မြင်တယ်။ တစ်နည်းအားဖြင့် ကောလားရစ်ချရဲ့ ရသအမြင်ကနေ ဖော်ပြနေ တာက စက်မှုအရင်းရှင်စနစ်ဖွံ့ဖြိုးမှုကြောင့် ဖြစ်လာတဲ့ အပျက်သဘောတွန်းအားတွေဟာ မြို့ပြယဉ်ကျေးမှုထဲမှာ ရှိပြီး ၄င်းအပေါ် တန်ပြန်သက်ရောက်မှု လုပ်နေတဲ့ အတွင်းစိတ်ကွန့်မြူးမှုတွေရဲ့ တွန်းအားကတော့ ယဉ်ကျေးမှု သဘောမှာရှိတယ်လို့ဆိုရပါမယ်။ နောက်တစ်ခုက လူ့အဖွဲ့အစည်းထဲက သြဇာလွှမ်းမိုးနိုင်တဲ့ အီလစ်အုပ်စုတွေ က သူတို့ရဲ့ စံယဉ်ကျေးမှု( (Ideal Culture) ကို ဖန်တီးသေးတယ်လို့ မြင်တယ်။ ဥပမာ-ခရစ်ယာန်ဘုရားကျောင်း တော်လိုမျိုးပါပဲ။ ၄င်းတို့က အစဉ်အလာ ယဉ်ကျေးမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ရာမှာ အဓိကအရာတွေ ပါပဲလို့ ဆိုပါတယ်။ ဒီအမြင်က ယနေ့ခေတ်မှာ တွေ့ရတဲ့ အိုင်ဒီယိုလိုဂျီအပေါ်ကြည့်တဲ့ အမြင်တွေနဲ့ ဆင်ပါတယ်။
စကော့လူမျိုး သောမတ်စ်ကာလိုင်းဟာ ကောလားရစ်ခ်ျရဲ့ အမြင်တွေကို ဆက်လက်ချဲ့ထွင်သူဖြစ်ပါ တယ်။ ကားလိုင်းက ယဉ်ကျေးမှုရဲ့ ဖြစ်ပျက်စီးဆင်းနေတဲ့ လကခဏာတွေကို စိတ်ဝင်စားတယ်။ ၄င်းအရာတွေ က ထိတွေ့ဆုပ်ကိုင် ပြောလို့မရဘဲ စိတ်ပိုင်းအတွေ့အကြုံနဲ့ တဖြည်းဖြည်းပုံဖော်ပြောဆိုရတဲ့အရာ ဖြစ်တယ်လို့ မြင်တယ်။ ယခင်ကောလားရစ်ခ်ျတို့တုန်းက စိတ်ပိုင်းဖြစ်စဉ်သာလျှင် ယဉ်ကျေးမှုလို့မြင်တဲ့ အမြင်ကို ကာလိုင်းက ရုပ်ပိုင်းကိစနဲ့ပေါင်းစီးလိုက်တယ်။ ဒါက ဒါဟာသူ့ခေတ်မှာ ပိုပြီး အရှိန်အဟုန်နဲ့ပေါင်းဖက်လာတဲ့ စက်မှုအရင်းရှင် စနစ်ရဲ့ သက်ရောက်မှုလို့ မြင်နိုင်ပါတယ်။ ကားလိုင်းက ယဉ်ကျေးမှုကို လူထုနေ့စဉ်လှုပ်ရှားပြုမှုအဖြစ် ပေါင်းစည်း ပြီး မြင်လိုက်တာပါပဲ။ “ယဉ်ကျေးမှုဆိုတာဟာ လူတွေရဲ့ စုပေါင်းဘ၀ကို ကိုယ်စားပြုဖော်ပြထားတဲ့အရာဖြစ်သင့် တယ်” လို့ ကားလိုင်းက မြင်ပါတယ်။
အစဉ်အလာ ယဉ်ကျေးမှုအမြင်နဲ့ ခေတ်သစ်အကြားမှာ ပေါ်ပေါက်ပြီး ယဉ်ကျေးမှုနဲ့ ပတ်သက်ရင် ဖယ်ချန်ထားလို့ မဖြစ်သူကတော့ မတ်သယူးအာနိုး (Arnold) ပါပဲ။ သူ့ရဲ့ 1869 ခုနှစ်ထုတ် (Culture And Anarchy) ဆိုတဲ့စာအုပ်မှာ ယဉ်ကျေးမှုအမြင်တွေကို တွေ့ရပါတယ်။ အာနိုးရဲ့ ခေတ်က စက်မှုအရင်းရှင်ခေတ် ယဉ်ကျေးမှုဖြစ်တဲ့အတွက် သူညွှန်းဆိုနေတဲ့ ယဉ်ကျေးမှုဆိုတာဟာ ၄င်းယဉ်ကျေးမှုဆိုတာကိုတော့ သတိထားရ ပါမယ်။ အခုပြောဆိုသွားတဲ့ ကောလားရစ်ခ်ျ၊ ကာလိုင်း၊ အာနိုးတို့ရဲ့ ယဉ်ကျေးမှုအမြင်တွေဟာ အဆင့်မြင့် ယဉ် ကျေးမှု (High Culture) အမြင်တွေပါပဲ။ တစ်နည်းအားဖြင့် ၄င်းအချိန်ကာလမှာကိုက သူတို့အနေနဲ့ “အဆင့်မြင့် ယဉ်ကျေးမှု” လက်အောက်ခံ ယဉ်ကျေးမှုစသဖြင့် မသိတတ်သေးတဲ့ သဘောရှိပါတယ်။ သူတို့ဟာ ယဉ်ကျေးမှု အကြောင်းတွေ့ရင် သူတို့ယဉ်ကျေးမှုသာ အဓိကထားပြီး ၄င်းအရာကိုသာ ရှင်းလင်းတာမျိုးလုပ်ပါတယ်။ အင်္ဂလန်ယဉ်ကျေးမှုထဲက တချို့သောကိစတွေသဘောက ယဉ်ကျေးမှုဆိုင်ရာ (Cultural) တချို့ကိစတွေကို အာနိုးက သဘောမကျပါဘူး။ ဒါပေမယ့် သူ့စိတ်ထဲမှာ ရှိနေတာက အင်္ဂလန်ယဉ်ကျေးမှုဖြစ်တယ်ဆိုတဲ့ ဗဟိုချက် ထားသိတဲ့ အသိကတော့ ရှိနေတာပါပဲ။ ဒါကြောင့် အာနိုးပြောဆိုဆွေးနွေးတဲ့ ယဉ်ကျေးမှုက အဆင့်မြင့် ယဉ်ကျေးမှု (High Culture) ပါပဲ။ ယနေ့ခေတ်မှာတော့ အဆင့်မြင့်ယဉ်ကျေးမှုလို့ဆိုရင် အကောင်းသဘောကို ညွှန်းတာမဟုတ်ဘူး။ သြဇာလွှမ်းမိုးနိုင်သူများက ချပေးထားတဲ့ ယဉ်ကျေးမှုလို့ ဆိုကြတယ်။
အာနိုးက သူရဲ့ CA စာအုပ်ကို ကြေညာချက် စာတမ်းလိုလို ပြုပြင်ရေးစာတမ်းလိုလို လုပ်ရေးတာ။ သူ ဖြစ်စေချင်တဲ့ ယဉ်ကျေးမှုသဘော နောက်လမ်းကြောင်းတစ်ခုခုကို သူ့ရဲ့သြဇာလွှမ်းမိုးနိုင်စွမ်း (Authority) ကို အသုံးချပြီး အမှန်တရားကို တည်ဆောက်ချင်တာပါပဲ။ ဒါကြောင့် သူ့ရဲ့စာအုပ်မှာ “ယဉ်ကျေးမှုဆိုတာ ပြီးပြည့်စုံမှုကို လေ့လာတာဖြစ်တယ်။ ၄င်းပြီးပြည့်စုံမှုဆီ တွန်းပို့ပေးမယ်။ ကျွန်ုပ်တို့ရဲ့ လူသားဆန်မှုကိုလည်း ပိုမို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ့်အပြင် ညှိယူနေထိုင်နိုင်စွမ်းရှိတဲ့ ပြီးပြည့်စုံခြင်းကို ပေးမှာဖြစ်တယ်” လို့ ဆိုပါတယ်။ နောက်ပြီး အာနိုးက “ယဉ်ကျေးမှုက ကျွန်ုပ်တို့ရဲ့ ယခု ပစပ္ပန်အခက်အခဲတွေကို ကြီးမားစွာ အကူအညီပေးလိမ့် မယ်ဆိုတာမျိုး၊ နောက် ယဉ်ကျေးမှုက ရတဲ့အသိပညာတွေကနေတဆင့် ကျွန်ုပ်တို့ရဲ့ အသိဥာဏ်နုံနဲမှုတွေကို ပွင့် ထွက်သွားစေတဲ့ ရေစီးကြောင်းမျိုးဖြစ်လာလိမ့်မယ်ဆိုတာမျိုးတွေပါ ရေးလားတယ်။ ဒါကြောင့် အာနိုးက ယဉ် ကျေးမှုရဲ့ သဘောသဘာဝကို သုံးသပ်ချင်တဲ့စိတ်ထက် သူ့ခေတ်မှာဖြစ်နေတဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစတွေကို တော်သင့်မှန်ကန်မယ့် လူ့အဖွဲ့အစည်းအတွက် အကျိုးမဲ့လမ်းကြောင်းတစ်စုံတစ်ရာထဲကို ချပေးဖို့ သူကအပြင်း အထန်အားထုတ်ထားတယ်ဆိုတာ ပေါ်လွင်လှပါတယ်။
အာနိုးကလည်း ယဉ်ကျေးမှုဆိုတာဖြစ်စဉ်တစ်ခုလို့ မြင်တာပါပဲ။ လူတွေရဲ့ ဘ၀နေထိုင်ပုံ၊ သူတို့ရဲ့ အလေ့အကျင့်အပြုအမူ၊ သူတို့ရဲ့ အသံနေအသံထားတွေ၊ နောက် သူတို့ဖတ်တဲ့ စာအုပ်တွေ၊ သတို့ပါးစပ်က ပြောတဲ့ စကားလုံးတွေ၊ စိတ်ထဲမှာ စိုးမိုးနေတဲ့ အတွေးပုံသဏ္ဍာန်တွေကို အဓိကထည့်ပြီးကြည့်ရင် ၄င်းလူသား တွေရဲ့ ယဉ်ကျေးမှုကို တွေ့နိုင်တယ်လို့ အာနိုးက ယုံကြည်တယ်။ောနက်ပြီး ဒီလိုအရာမျိုးတွေဖြစ်ပေါ်လာ အောင်လုပ်တာ ဘယ်အရာလဲ၊ တစ်နည်းအားဖြင့် ဒီလို ဘ၀နေထိုင်မှုတွေ၊ အပြုအမူနဲ့ ကြံဆတွေးခေါ်မှုတွေ ပေါ်လာအောင် ဖန်တီးထားတာက ဘာလဲလို့ဆိုရာမှာတော့ သူက ယဉ်ကျေးမှုဆိုတာ နိုင်ငံတော်ရဲ့ ပေါ်လစီး တွေကနေတဆင့် တဖြည်းဖြည်းပျံ့နှံ့ဝင်လာတဲ့အရာလို့ အထူးရှုမြင်ထားတာကိုပါ တွေ့ရပါတယ်။
မင်းခက်ရဲ
(မှတ်ချက် – ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ၊ စာစဉ်-၁၈၀ “အတွေးအမြင်” စာစောင်တွင် ဖော်ပြပါရှိခဲ့သော ဆရာမင်းခက်ရဲ၏ “အစဉ်အလာနယ်ပယ်မှ ယဉ်ကျေးမှုအမြင်” ဆောင်းပါးကို ပြန်လည်းကူးယူဖော်ပြထားခြင်းဖြစ် ပါသည်။)
အိုက်ဒီယိုလိုဂျီနှင့် ယဉ်ကျေးမှု
မင်းခက်ရဲ (၂၀၀၇ ခုနှစ်၊ ဧပြီလထုတ် “အတွေးအမြင်”)
(ကျွန်တော်တို့လူငယ်တွေ အိုက်ဒီယိုလိုဂျီနဲ့ ယဉ်ကျေးမှုအကြောင်း အငြင်းအခုန်စကားတွေ အများကြီးပြောဖြစ်ကြတယ်။ အဲ့ဒီမှာ ဆိုကရေးတီး၊ ပလေတို၊ အရစ္စတိုတယ်ကစပြီး အလယ်ခေတ် ဟေဂယ်၊ ကားလ်မာ့ခ်စ်နဲ့ နောက်ပိုင်း တော်ဖလာရဲ့ တတိယလှိုင်းတိုင်အောင် ကျွန်တော်တို့ရဲ့ အိုက်ဒီယိုလိုဂျီနဲ့ ယဉ်ကျေးမှုတွေအတွက် သိလိုစိတ်ကို ပြည့်မှီအောင် နားမလည်နိုင်ခဲ့ပါဘူး။ တက္ကသိုလ်ကျောင်းသား ဘ၀တွေတုန်းကတော့ လက်ဘက်ရည်ဆိုင်တကာမှာ ဒီအကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြဖူးပါတယ်။ နောက် ကျောင်းတွေလည်းပြီးရော သူငယ်ချင်းဟောင်းတွေရော သူငယ်ချင်းသစ်တွေရော အွန်လိုင်းတွေပေါ်ရောက် ဂျီတော့တွေမှာ ငြင်းခုန်၊ Facebook ပေါ်မှာ ငြင်းခုန်၊ အမြင်မျိုးစုံကို ထင်မြင်ချက်တွေပေးပြီး စာနည်းနည်းပဲ ဖတ်တဲ့လူကို စားများများဖတ်ထားသူက ဆရာလုပ်။ စာများများ ဖတ်ထားသူ သူထက်စာပိုဖတ်တဲ့လူက စကားလုံးတွေနဲ့ လှိုမ့်ဆော်.. အရင်ကတော့ လက်ဘက်ရည်ဝိုင်းမှာ ငြင်းခုန်ကြတာဆိုတော့ လေထဲတင်ပျောက်ခဲ့ကြရတယ်။ ဆွေးနွေးငြင်းခုန်မှုတွေရဲ့ ရလဒ်ရယ်လို့ ဘာမှ ထွက်မလာခဲ့ပါဘူး။ ဒီဘက်ခေတ် အွန်လိုင်းပေါ်မှာ ငြင်းခုန်တဲ့ယဉ်ကျေးမှု ထွန်းကားလာတော့ အရင်ကလို လေထဲပျောက်သွားတဲ့ အဆင့်ထက်တော့ အများကြီး ကျော်လွန်လာခဲ့ပါပြီ။ ဒါကြောင့် သဲထဲရေသွန် ငြင်းခုန်မှုယဉ်ကျေးမှုကနေ နည်းနည်းပြောင်းလဲလာတဲ့ ယဉ်ကျေးမှုတစ်ခုမှာ ဆက်ပြီးတော့ ငြင်းခုန်နိုင်ဖို့ ငြင်းခုန်စရာလေးတွေပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြန်တင်ပေးလိုက်ရပါတယ်။ ဒါကတော့ ဆရာမင်းခက်ရဲရဲ့ “အိုက်ဒီယိုလိုဂျီနှင့် ယဉ်ကျေးမှု” လို့ အမည်ရတဲ့ ဆောင်းပါးလေးပါ။ ဒီဆောင်းပါးဟာ ၂၀၀၇ ခုနှစ် ဧပြီလထုတ် “အတွေးအမြင်” မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဖတ်ပြီးသူတွေလည်း ပြန်ဖတ်ပြီး ဝေဖန်ဆွေးနွေးနိုင်ဖို့ ဘလော့ခ်ပေါ်က ပြန်တင်ပေး လိုက်ရပါတယ်။)
အံ့ဘုန်းမြတ်
ယဉ်ကျေးမှုကို ပုံစံအမျိုးမျိုးအဖြစ်သတ်မှတ်ကြည့်မြင်ကြတယ်။ ပထမပိုင်းက စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ အခြေအနေ တစ်ရပ်ဆိုတဲ့ ပုံအဖြစ်မြင်တာ။ နောက်တော့ ဒီထက်မကဘူး။ လူ့အဖွဲ့အစည်း၊ အုပ်စုတွေကိုထည့်ပြီး တွက်ချက်လာတယ်။ ယဉ်ကျေးမှုဆိုတာ လူ့အဖွဲ့အစည်းထဲက လူတွေရဲ့ အသိပညာနဲ့ စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ အခြေအနေတိုင်းကို သတ်မှတ်ခေါ်ဝေါ်ချင်ကြတယ်။ တချို့တော့ ယဉ်ကျေးမှုဆိုတာာ လူရဲ့အသိပညာနဲ့ တိုက်ရိုက်သတ်ဆိုင်နေတာမျိုး မဟုတ်ဘူး။ လူတွေရဲ့ ပြင်ပလူမှုရေးအခြေအနေထဲမှာ တွေ့နေရတဲ့ ပြင်ပအရှိတရားကိစ္စလို မြင်တာ။ ဥပမာအားဖြင့် ဒီလိုယူဆလိုက်တဲ့ အတွက် ယဉ်ကျေးမှုဆိုတာ လူ့အဖွဲ့အစည်းမှာ သူတို့ရဲ့ သဘောသဘာဝကို ဖော်ပြနေတဲ့ အနုပညာတွေ၊ စာပေနဲ့ အသိပညာ ဆိုင်ရာ အလုပ်တွေသာဖြစ်တယ်လို့ ယူဆတယ်။ နောက်ဆုံး ယဉ်ကျေးမှုဆိုင်ရာ လေ့လာချက်က လူတွေရဲ့ ဘ၀နေထိုင်မှုဆိုင်ရာ လမ်းကြောင်းလို့ သတ်မှတ်တယ်။
လမ်းကြောင်းဆိုရုံနဲ့ ယဉ်ကျေးမှုကိစ္စက ရှင်းလို့မပြီးသေးဘူး။ ပြဿနာတွေအများကြီး ထပ်ဝင်လာသေးတယ်။ ဘ၀နေထိုင်မှု လမ်းကြောင်းဆိုတော့ လူ့အဖွဲ့အစည်းထဲမာ ဘယ်အရာကို လမ်းကြောင်းလို့သတ်မှတ်မလဲ။ အုပ်စုတွေခွဲပြီး သတ်မှတ်မှာလား။ လူမှုရေးအဆောက်အအုံတစ်ခုအတွင်းမှာပဲ လမ်းကြောင်းတွေက အမျိုးမျိုးဖြစ်နေတာလား။ တစ်ခုတည်းရှိတာလား။ လူမှုရေး အဆောက်အအုံနဲ့ ယဉ်ကျေးမှုကိုရော ဘယ်လိုခွဲခြားမလဲ။ လူတစ်ယောက်ရဲ့ အပြုအမူဟာ လူမှုရေးအပြုအမူလား၊ ယဉ်ကျေးမှု ဆိုင်ရာအပြုအမူလား ဘယ်လိုခွဲခြားမလဲ။ ခွဲခြားလို့ရောရမလား။ လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုလို့ပြောရင် ဘယ်အရာကို ရွေးပြောမလဲ။ လူမျိုးကြီးရဲ့ ယဉ်ကျေးမှုပဲလား။ လူ့မျိုးစုတွေအားလုံးလား။ အဲ့ဒီလိုခွဲပြောလိုက်တာကလည်း ကိုယ်ပထမသိထားတဲ့ ယဉ်ကျေးမှုအမြင်တွေနဲ့ လိုက်လျောညီထွေမှုဖြစ်ရဲ့လားဆိုတဲ မေးခွန်းပေါင်းမြောက်မြားစွာ ရှိနေတယ်။ ဒီမေးခွန်းတွေဟာ ယဉ်ကျေးမှုဆိုတာ ဘာပါရယ်လို့ မသတ်မှတ်ရသေးခင် ထွက်လာနိုင်သလို ယဉ်ကျေးမှုဆို ဘာဖြစ်ပါတယ်လို့ သတ်မှတ်ပြီး နောက်မှာမှ ထွက်လာနိုင်တယ်။
ကားမာ့ခ်စ်ကတော့ အဓိကအားဖြင့် ယဉ်ကျေးမှုဟာ ဘယ်လိုဖြစ်ထွန်းပေါ်ပေါက်လာတယ်။ ဘယ်လိုလည်ပတ်နေတယ်။ ဘယ်အရာတွေရဲ့ လွှမ်းမိုးချုပ်ကိုင်ထားခြင်းခံရတယ်ဆိုတာကို အိုက်ဒီယိုလိုဂျီရှု့ထောင်ကနေ စဉ်းစားပြီးတွေးတောတယ်။ တနည်းအားဖြင့် ကားမာ့ခ်စ်ရဲ့ ယဉ်ကျေးမှုအမြင်က သူ့ရဲ့အိုက်ဒီယိုလိုဂျီအမြင်အပေါ်ကို အခြေခံပြီး ပေါက်ဖွားလာတာဖြစ်တယ်။ ကျွန်တော်တို့ဟာ တစ်စုံတစ်ရာကို ယဉ်ကျေးမှုလို့သတ်မှတ်လိုက်ရင်ဖြစ်စေ၊ ဒါမှမဟုတ် ယဉ်ကျေးမှုရဲ့ အဓိပ္ပယ်ကိုဖွင့်ဆို လိုက်ရင်ဖြစ်စေ၊ သူနဲ့သက်ဆိုင်တဲ့မေးခွန်းတွေကို ထပ်မံတွေ့ရမှာဖြစ်တယ်။ ကားမာ့ခ်စ်ရဲ့တွေးက ယဉ်ကျေးမှုဆိုတာ လူတွေရဲ့ ဘ၀နေထိုင်မှု လမ်းကြောင်းဖြစ်တယ်လို့ ယေဘုယျသဘောမှတ်ယူထားပြီး အလုပ်လုပ်တယ်။ သူက အိုင်ဒီယိုလော်ဂျီကြောင့် ဘ၀နေထိုင်မှုလမ်းကြောင်း (၀ါ) ယဉ်ကျေးမှုပုံစံတွေဖြစ်လာတာလို့ မြင်တယ်။ ခက်တာက မာ့ခ်စ်ဝါဒနဲ့ ယဉ်ကျေးမှုအကြောင်းကို ပြောရင် ကားလ်မာ့ခ်စ်တစ်ဦးတည်းနဲ့ မပြီးဘူး။ စာမျက်နှာကလေးပေါ်မှာ မာ့ခ်စ်ရေးသားခဲ့တဲ့ စကားလုံးတွေကို အမျိုးမျိုး အနက်ပြန်ထားတဲ့ မာ့ခ်စ်ဝါဒရှု့ထောင့်အမြင်အမျိုးမျိုးရှိနေတယ်။ ကားလ်မာ့ခ်စ်တောင်မှ အစောပိုင်း မာ့ခ်စ်အမြင်နဲ့ နှောင်းပိုင်း မာ့ခ်စ်အမြင်တွေဆိုပြီးရှိသေးတယ်။ လူသားဆန်မှုနဲ့ သိပ္ပံပညာရှု့ထောင်က မာ့ခ်စ်အမြင်၊ ရုပ်ဝါဒဘက်က မာ့ခ်စ်အမြင်၊ အဆောက်အအုံဝါဒဘက်က မာ့ခ်စ်အမြင်၊ လီနင် မာ့ခ်စ်၊ နောက် မော်စီတုန်းမာ့ခ်စ်ဆိုတာမျိုးတွေအများကြီးပဲ။ အိုက်ဒီယိုလော်ဂျီ တွေလည်ပတ်လှုပ်ရှားရင်း ထိန်းချုပ်တည်ဆောက်ရင်း ဘ၀နေထိုင်မှုလမ်းကြောင်းဖြစ်သွားတယ်ဆိုတဲ့ နေရာမှာတောင် မာ့ခ်စ်ဝါဒီတွေ ယေဘုယျလက်ခံကြပေမယ့် အိုင်ဒီယိုလိုဂျီပေါ်ကို ကြည့်မြင်တာချင်း တစ်ဦးနဲ့ တစ်ဦး တစ်ဂိုဏ်နဲ့တစ်ဂိုဏ်ကွဲနေ တယ်လို့ ဆိုလို့ရနိုင်ပါတယ်။ ဒါပေမယ့် မာ့ခ်စ်ဝါဒဟာ ယဉ်ကျေးမှုပေါ်ကို နှံ့စပ်စွာ ရှင်းပြနိုင်တဲ့နေရာမှ ယခင်က လူမှုရေး၊ အဆောက်အအုံနဲ့ ယဉ်ကျေးမှုအမြင်တို့လို မနုဿဗေဒရှု့ထောင့်ကနေ ချဉ်းကပ်ချက်တွေလိုပဲ အများကြီးထည့်ဝင်ခဲ့တယ်လို့ ဆိုရမယ်။
မာ့ခ်စ်ရဲ့ ယဉ်ကျေးမှုအကြောင်းပြောရင် အိုက်ဒီယိုလိုဂျီအကြောင်းကနေပဲစပြီး ဆွဲထုတ်ရမှာပါပဲ။ မာ့ခ်စ်နဲ့ အိန်ဂျယ်တို့ ရေးခဲ့တဲ့ The German Ideology စာအုပ်ဟာ အဆောက်အအုံမာ့ခ်စ်ဝါဒ အော့သူဆာဟ်လူမျိုးကတောင် လူသားဆန်ပြီး ရှု့ထောင့်တစ်ခုတည်း သက်သက်ကနေကြည့်ထားတဲ့ အိုင်ဒီယိုလိုဂျီဆိုင်ရာ စာအုပ်အဖြစ်ညွှန်းဆိုရတဲ့စာအုပ်ပါပဲ။ ဒီစာအုပ်ပေါ်ကို ရုပ်ကြမ်းမာ့စ်ဝါဒီအများစုက လျစ်လျူရှုခဲ့ကြတယ်။ နောက်ပိုင်း အော့သူဆာ့ဟ်တို့လို အဆောက်အအုံမာ့ခ်စ်ဝါဒီ တွေကျမှ အထူးတလည်ထားပြီး ပြန်လည်ဖော်ထုတ် ခဲ့ကြတာဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်မှန်သောသိပ္ပံနည်းကျ မာ့ခ်စ်ဝါဒ သဘောကို ပိုမိုထည့်ဝင်ထားတဲ့ စာအုပ်အဖြစ် ညွှန်းကြပါတယ်။ သိမှုပိုင်းဆိုင်ရာ ဖောက်ထွက်မှု Epistemological Otherness ကို ဒီစာအုပ်မှာတွေ့ကြလို့ပဲလို့ ဆိုကြပါတယ်။
မာ့ခ်စ်နဲ့ အိန်ဂျယ်က သူတို့ခေတ်ရဲ့ ဂျာမန်ယဉ်ကျေးမှုနဲ့ ဒဿနတွေကို ဆန့်ကျင်တုန့်ပြန်ကြတယ်။ ဒဿနအတွေးအခေါ် တွေက တကယ့်အရှိတရားတွေကိုဖုံးကွယ်ထားတယ်။ ပြီးရင် အဲ့ဒီဖုံးကွယ်နိုင်ဖို့ရာ ကားလ်မာ့ခ်စ်တို့အခေါ် အိုင်ဒီယိုလိုဂျီဆိုတဲ့ အရာကိုယူပြီး လွှမ်းမိုးပစ်တယ်။ မာ့ခ်စ်ရဲ့ အဆိုအရဆိုရင် အဲ့ဒီအိုင်ဒီယိုလိုဂျီတွေ အကုန်လုံးထဲမှာ လူနဲ့ သူ့ရဲ့ အခြေအနေတွေ ဟာ ကင်မရထဲမှာ ပြန်မြင်သလို ဇောက်ထိုးမိုးမျှော်နဲ့ ပြောင်းပြန် ပြန်မြင်နေရတာမျိုးလို့ ဆိုပါတယ်။ အိုင်ဒီယိုလိုဂျီဆိုတာ တကယ့်အစစ်အမှန်တရားကို ပြောင်းပြန်ဖြစ်သွားစေတဲ့ ကြေးမုံတစ်ချပ်လိုပဲလို့မြင်ပါတယ်။ ဒီလောကကြီးထဲမှာ ပဋိပက္ခတွေ အားလုံးကို လူတွေကျေနပ်သွားအောင်၊ အမှန်တရားလို့ မြင်လာအောင်၊ လွှမ်းမိုးကြီးစိုးတဲ့ လူတန်းစာဟာ သူတို့ကောင်းကျိုးရှိ စေမယ့်အရာကိုသာ အမှန်လို့မြင်လာအောင် သူတို့ရဲ့အိုက်ဒီယိုလိုဂျီက လုပ်ပေးနေတာပဲ။ သူက လိုလားနှစ်သက်ဖွယ်ရာ ပုံသဏ္ဍာန်မျိုးနဲ့ လာတတ်တယ်။ ကိုယ့်ကျင့်တရားလိုလို၊ ဘာသာရေးလိုလို၊ ကျိုးကြောင်းညီညွတ်ပုံပေါ်နေတဲ့ တက္ကိကဗေဒလို တာတက်တယ်လို့ မြင်တာဖြစ်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ကိစ္စတွေအားလုံးထဲမှာ အိုက်ဒီယိုလိုဂျီက အရာအားလုံးကို သာမန်သဘာဝကိစ္စလို့ မြင်လာအောင် လည်ပတ်အလုပ်လုပ်ပေးနေတာလို့ မြင်တယ်။
လူတွေရဲ့ ဘ၀နေထိုင်ပုံလမ်းကြောင်း (၀ါ) ယဉ်ကျေးမှုပုံစံဟာ ဒီလိုအိုက်ဒီယိုလိုဂျီတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ခံရတယ်။ နောက်တစ်ခုက ထုတ်လုပ်မှုနဲ့ စီးပွားရေးအခြေခံတွေကြောင့်လည်း ယဉ်ကျေးမှုဆိုတာဖြစ်ပေါ်လာသလို ပြောင်းလဲနေတယ်လို့ မြင်တယ်။ မာ့ခ်စ်ရဲ့အဆိုအရဆိုရင် အခြေခံအဆောက်အအုံတို့၊ အပေါ်ထပ်အဆောက်အအုံတို့ ဖက်စပ်မှုကြောင့်လို့လဲ ပြောရင် ဖြစ်နိုင်တယ်။ ဒါကြောင့် ယဉ်ကျေးမှု၊ ဘ၀နေထိုင်မှုလမ်းကြောင်းဆိုတာက အမြဲတမ်းလွှမ်းမိုးကြိုးစိုးဆဲ လူတန်းစားထဲက သူတို့ရဲ့အကျိုးအမြတ်အတွက် ပုံဖော်ထားတာလို့ မြင်ကြည့်လို့ရတယ်။ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှု Culture reprentations တွေရဲ့ နောက်မှာ အဲ့ဒီလို အိုက်ဒီယိုလိုဂျီတွေဟာ လွှမ်းမိုးပို့ချနေတဲ့အခါ လူတွေကလည်း အဲ့ဒီပုံစံထဲမှာ နေရင်း ယဉ်ကျေးမှုဆိုတာမျိုးဖြစ်လာတယ်လို့ ယူဆတယ်။ အဲ့ဒီကနေတဆင့် လူ့အဖွဲ့အစည်းထဲမှာ လူတန်းစား အမျိုးမျိုး၊ အမှန်၊ အမှားအမျိုးမျိုးကို ကိုယ်စားပြုပေးတော့မှာဖြစ်တယ်။ မာ့ခ်စ်ရဲ့ ယဉ်ကျေးမှုအမြင်မှာ ရောယှက်ပေးနေတဲ့ အမြင်တွေထဲမှာ အဓိကအားနည်းချက်က လူတန်းစား Class အပေါ်ကို အသားပေးလွန်းတယ်။ လူတန်းစားကိုလည်း အသေသတ်မှတ်ထား တယ်။ ပြီးတော့ စီးပွားရေးကုန်ထုတ်လုပ်မှုဖြစ်စဉ်ကို အခြေခံအဖြစ်ထားလွန်းတယ်။ ဘယ်လိုပဲဖြစ်ပါစေ မာ့ခ်စ်ဝါဒအမြင်ကနေ ကြည့်တဲ့ ယဉ်ကျေးမှုအမြင်ဟာ ယဉ်ကျေးမှုထဲမှာ အမှန်တကယ် လှုပ်ရှားလည်ပတ်နေတဲ့ အရာတွေ၊ ကိုယ်စားပြုတွေ၊ ယဉ်ကျေးမှုပြောင်းလဲပုံတွေကို လေ့လာနိုင်တဲ့ နည်းလမ်းတစ်ခုပဲလို့ ဆိုလို့ရနိုင်ပါတယ်။
လူဆိုတ လူတွေက ဖန်တီးတည်ဆောက်ထားတဲ့ အတည်ဆောက်ခံလောကရဲ့ ဗဟိုချက်တစ်နေရာမှာပဲ ရပ်တည်ရှင်သန်နေ ရတာပါ။ လူသားက လူ့အဖွဲ့အစည်းထဲ ရှင်သန်လာပြီဆိုတာနဲ့တပြိုင်နက် သူ့စာရင်းက လူတွေတည်ဆောက်ထားတဲ့ ကိုယ်ကျင့် တရားအမြင်တွေ၊ မှန်ခြင်း၊ မှားခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းဆိုတဲ့ အရာတွေကို သင်ယူလိုက်နာရပါတယ်။ သူ့အရင်ကလူတွေ အဲ့ဒီ အရာတွေကို ဘယ်လိုဖန်တီးခဲ့ကြတာလဲ။ အေသင်မြို့ရဲ့ဆုံးဖြတ်ချက်တွေကို တောင်ကုန်းတစ်ခုပေါ်စုဝေပြီး တစ်မြို့လုံးရဲ့ ဆန္ဒကောက်ယူပြီး ဆုံးဖြတ်ခဲ့တာလား။ မဖြစ်နိုင်ပါဘူး။ ဒါမှမဟုတ် တစ်ဦးစ၊ နှစ်ဦးစကနေ သဘောတူညီမှု Agreement လုပ်နေရင်းကနေ အားလုံးဆီ ပျံ့နှံ့သွားပြီး အားလုံးက အလိုလျှောက် လိုက်နာကျင့်သုံးခဲ့ကြတာလား။ ဒါမျိုးက ပိုပြီးတောင် မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် လူ့အဖွဲ့အစည်းအတွင်းက လူသားတွေရဲ့ ယုံကြည်မှုဟာ အထက်ပါအတိုင်းဖြစ်ပေါ်လာတာလို့ လူတွေထင်လာစေလောက်အောင် လွှမ်းမိုးကြိုးစိုးသူရဲ့ ပြဌာန်းချက်တွေ လုပ်ထားတာပါပဲ။ မာ့ခ်စ်ဝါဒအမြင်နဲ့ ကြည့်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုတွေ၊ ယဉ်ကျေးမှုဆိုတာတွေဟာ လွှမ်းမိုးကြီးစိုးသူတွေရဲ့ အိုက်ဒီယိုလိုဂျီကြောင့် သာတင်မကဘူး။ သဘာဝတရားအလိုအရ အလိုလိုဖြစ်ပေါ်လာတယ်ထင်အောင်ကို လုပ်နေတာ။ အိုင်ဒီယိုလိုဂျီရဲ့ ပင်ကိုစွမ်းအား ကိုက ဒီလိုဆိုလောက်နိုင်တဲ့သတ္တိထူးရှိနေတယ်လို့ မာ့ခ်စ်ဝါဒီတွေက မြင်ပါတယ်။
ကားမာ့ခ်စ်ပြီးတဲ့နောက် မာ့ခ်စ်ဝါဒလမ်းကြောင်းထဲကနေပြီး ဖြစ်လာတဲ့ လူးကပ်စ် ဂဟွန်ချီ၊ ဂိုးလ်မင်း၊ ဘင်ဂျမင်း၊ ရေမွန်ဝီလျံတို့ရဲ့ ယဉ်ကျေးမှုအမြင်တွေကိုပါပြောဖို့ လိုပါမယ်။ ယဉ်ကျေးမှုကနေ လူတန်းစားအလွှာခွဲခြားသွားပုံအကြောင်းတွေ ပြောတဲ့အခါမှာလည်း မာ့ခ်စ်ဝါဒအမြင်ကိုပဲ အခြေခံရပါမယ်။ ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာ ထုတ်လုပ်မှု Culture Production အကြောင်း၊ အထူးသဖြင့် အော့သူဆာ့ဟ်၊ ဖရင့်ဖကျောင်းတ်ေတို့အကြောင်းပြောတဲ့အခါမှာလည်း မာ့ခ်စ်ဝါဒဆီ လှည့်ရတာပါပဲ။ အခုကားလ်မာ့ခ်စ်နဲ့ အိန်ဂျယ်ပြီးရင် အမြဲလိုလို ပညာရှင်တွေက သူတို့ရဲ့နောက်မှာကပ်ထားတဲ့ လူးကပ်စ်ရဲ့ အမြင်အချို့ကို ပြောရပါ့မယ်။ မာ့ခ်စ်ဝါဒကနေ နောက်ပိုင်းမာ့ခ်စ်ဝါဒ နှောင်းပိုင်းအမြင်တွေအထိ လမ်းကောင်းခွဲကြတဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ရသ၊ စာပေသဘောတရားကျမ်းတွေအားလုံးမှာ မာ့ခ်စ်ဝါဒအမြင်တွေပြီးရင် ဂျော့လူးကပ် ဒါမှမဟုတ် ဖရင့်ဖကျောင်းတော်ကိုပဲ ကောက်ကြောင်းဆွဲပြတာကို တွေ့ရပါမယ်။
လူးကပ်စ်က ဟန်ဂေရီနိုင်ငံသာဖြစ်ပြီး ဟန်ဂေရီနိုင်ငံရေးမှာ တက်ကြွစွာပါဝင်လှုပ်ရှားသူဖြစ်ပေမယ့် သူ့ရဲ့ပညာရေးကတော့ ဂျာမန်မှာ အခြေတည်ဖြစ်ထွန်းလာတာဖြစ်ပါတယ်။ လူးကပ်စ်က ယဉ်ကျေးမှုဆိုတာကို ဘာလို့မပြောတော့ပါဘူး။ သူဟာ မာ့ခ်စ် ၀ါဒလမ်းကြောင်းထဲမှာ ရှင်သန်ကြီးပြင်းလာသူဖြစ်တဲ့အတွက် အိုက်ဒီယိုလိုဂျီနဲ့ စီးပွားရေးကုန်ထုတ်လုပ်မှုဖြစ်စဉ်တွေက ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှုတွေကို ထုတ်လုပ်တယ်ဆိုတာကို လက်ခံပြီးသားပါ။ ဒါကြောင့် လူးကစ်နဲ့ ယဉ်ကျေးမှုပတ်သက် သမျှဟာ အဓိကအားဖြင့် စာပေသဘောတရားကို အခြေခံနေတယ်လို့ဆိုရလို့ရပါ့မယ်။ စာပေအနုပညာကို စိစစ်ဖို့ကြိုးစားတာဟာ ယဉ်ကျေးမှုတွေ လညပတ်အလုပ်လုပ်ပုံနဲ့ ထိတွေ့နေတာပါပဲ။ စာပေဆိုတာကို သူတို့ဟာ ယဉ်ကျေးမှုထုတ်ကုန်အဖြစ်မြင် ထားတာပဲ။ လူးကပ်စ်ရဲ့အမြင်က အနုပညာ၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုတာ လုံးဝခွဲခြားလို့မရလောက်အောင် တသားတည်းဖြစ် နေတာလို့ ယူဆပါတယ်။
ရသကိုခံစားတက်တဲ့စိတ်ဟာ ယဉ်ကျေးမှုနဲ့အများကြီးဆက်စပ်နေတယ်။ အနုပညာနဲ့ ဒဿနမှာတွေ့ရတဲ့ သရုပ်မှန်ဝါဒဆိုတာ လောကကြီးနဲ့ ပတ်သက်တဲ့အမြင် သင်္ကေတမျိုးမဟုတ်ဘူး။ သဘောက သရုပ်မှန်ဝါဒဆိုတာ လောကကြီးနဲ့ပတ်သက်တဲ့ လောကအမြင်တစ်ခုကို ရှု့ထောင်တစ်ခုခုက ဆန်းသစ်ပြီး ပြောပြနေတာမဟုတ်ဘူး။ သရုပ်မှန်ဝါဒဆိုတာ သူ့ကိုယ်၌က လောကကြီးနဲ့ တသားတည်းကျအောင် ခြယ်မှုန်းပြနေတဲ့ အမြင်မျိုးပဲ။ ဒါကိုတော့ လူးကပ်စ်ရဲ့ အသုံးမှာ ထင်ဟပ်ပေါ်လွင်နေ တယ်။ တနည်းအားဖြင့် လောကကြီးကို ထင်ဟပ်ပြ Reflect တယ်လို့သုံးပါတယ်။ တကယ်က ထင်ဟပ်ပြသတယ်ဆိုတဲ့နေရာ မှာတော့ လောကကြီးကနေ ကင်းလာပါပြီ။ ထင်ဟပ်ပြသနေတာမဟုတ်သလို ရှု့ထောင့်တစ်ခုခုကနေပြီး ထင်ဟပ်ပြနေတာ လည်းမဟုတ်ပါဘူး။ သူကိုယ်၌က လောက်ကြီးနဲ့ တသားတည်းကျပြီး ခြယ်မှုန်းပြနေတဲ့သဘောရှိနေပါတယ်။ လောကကြီး ထဲမှာက ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှုတွေ လွှမ်းမိုးမှုတွေနဲ့ အရာရာအားလုံးကို ပုံဖျက် Distortion လုပ်ထားတယ်။ သရုပ်မှန်ဝါဒရဲ့ အလုပ်က လူသားတွေဟာ သဘာဝအရင်းခံကို မြင်လာအောင်လုပ်တာပါ။ ဒါကြောင့်လည်း လူးကပ်စ်က သရုပ်မှန်ဝါဒဟာ လူအများစုကြားထဲမှာ တညီတညွတ်တည်း သတ်မှတ်ထားတဲ့ဟန်တစ်ခုမဟုတ်ဘူးလို့ ဆိုတာပါ။ သူက ဒီအယူအဆတွေကိုင်စွဲပြီး မော်ဒန်စာပေကို အတ္တအဓိက၀ါဒအဖြစ်ထိုးနှက်တာပါ။ သူ့အမြင်မှာ အရေးပါတာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သမိုင်းဆိုင်ရာ အခြေအနေတွေပေါင်းစုစည်းမှုထဲမှာ လူသားရဲ့ တကယ့်အခြေအနေမှန်ကို သိဖို့လိုတယ်လို့ မြင်တဲ့အချက်ဖြစ်ပါတယ်။ ဒီလိုပေါင်းစုစည်းမှုထဲက လူမှုဆက်သွယ်ရေးပုံစံတွေ Social Relation ဟာ လူးကပ်စပ်ရဲ့ ယဉ်ကျေးမှုအမြင်လို့ ဆိုရမှာဖြစ်ပါတယ်။
မင်းခက်ရဲ
http://apmyat.com/