Monday, September 6, 2010

နိုင်ငံရေးသတ္တ၀ါ သုံးမျိုး

နိုင်ငံရေးတွင် ၀င်ရောက်ပတ်သက်သူ လူသားများကို နိုင်ငံရေးသတ္တ၀ါ (Political Animal) ဟု သုံးနှုန်းမည်ဟုဆိုလျှင် နိုင်ငံရေးသတ္တ၀ါ သုံးမျိုးရှိသည်ဟု ဆိုနိုင်ပါသည်။ ၎င်းတို့မှာ Activist ဟု ခေါ်သော နိုင်ငံရေးလှုံ့ဆော်သူများ၊ Politician ခေါ် နိုင်ငံရေးသမားများနှင့် Statesman ခေါ် နိုင်ငံတည်ဆောက်ရေးသမားများ ဟူ၍ ဖြစ်ပါသည်။

အကြမ်းအားဖြင့် ပြောရလျှင် Activist ခေါ် နိုင်ငံရေးလှုံ့ဆော်သူများသည် နိုင်ငံရေးရလဒ်တစ်ခုကို ရရှိရေးအတွက် ဆော်သြသူများဖြစ်ပြီး၊ Politician ခေါ် နိုင်ငံရေးသမားများသည် နိုင်ငံရေးရပ်တည်ချက်တစ်ခုဖြင့် ပြည်သူအကျိုး သယ်ပိုးနိုင်ရန် အာဏာရရှိရေး ပါတီနိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ Statesman ဆိုသူများမှာ နိုင်ငံတည်ဆောက်ရေး ရှုထောင့်မှ နိုင်ငံကို တည်ဆောက်ပုံဖော်ရန် ကြိုးစားသူများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

အဆိုပါ နိုင်ငံရေးသတ္တ၀ါ သုံးမျိုးအနက် မည်သည့်အမျိုးအစားက ပို၍ မြင့်သည်၊ မည်သည့်အမျိုးအစားက နိမ့်သည်ဟူ၍ အငြင်းအခုံများ ရှိသော်လည်း The Voice Weekly အနေဖြင့်မူ အမျိုးအစားအလိုက် အသုံးတည့်မှု အမျိုးမျိုးရှိသောကြောင့် အားလုံးလိုအပ်ပြီး မြင့်ခြင်း နိမ့်ခြင်းကို မနှိုင်းယှဉ်အပ်ဟု ယူဆပါသည်။ နိုင်ငံတစ်ခု၏ နိုင်ငံရေးဘ၀တွင် နိုင်ငံရေးလှုံ့ဆော်သူများ၊ နိုင်ငံရေးတာဝန် ထမ်းရွက်သူများ၊ နိုင်ငံတည်ဆောက်သူများ ဘက်စုံမှ လိုအပ်သည်ဖြစ်ရာ မတူညီသော "အသုံး" ရှိနေသော နိုင်ငံရေးသတ္တ၀ါများအားလုံး နိုင်ငံ့ကောင်းကျိုးကို ထမ်းရွက်ခဲ့ရိုးမှန်လျှင် မြင့်မြတ်သူများ ဖြစ်သည်ဟု ခံယူပါသည်။

ဤနေရာတွင် The Voice Weekly အနေဖြင့် မီးမောင်းထိုးပြလိုသည်မှာ လူသိနည်းသော နိုင်ငံတည်ဆောက်ရေး နိုင်ငံရေးသတ္တ၀ါများအကြောင်း ဖြစ်ပါသည်။ ထိုအမျိုးအစားသည် ဗိသုကာသဘော ဆောင်သောကြောင့် သံ၊ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စသည့် အမျိုးအစားများ ပါဝင်မှုကို လက်ခံသူများ ဖြစ်သည်။ သဲမပါရ၊ သံမပါရ သဘောထားမရှိဘဲ အားလုံးပါဝင်မှုကို သဘောတူသူများ ဖြစ်ပါသည်။ အငြင်းအခုံ ရှိခဲ့လျှင်လည်း သဲ မည်သည့်အတိုင်းအဆ၊ ကျောက် မည်သည့်အတိုင်းအဆ၊ ဘိလပ်မြေ မည်သည့်အတိုင်းအဆ ဖြစ်သင့်သည်ဟု အငြင်းအခုံပြုလုပ်ခြင်းသာ ဖြစ်ပြီး Activist များ၏ တန်ဖိုးနှင့် ပါဝင်မှု၊ Politician များ၏ တန်ဖိုးနှင့် ပါဝင်မှုတို့ကို အသိအမှတ်ပြုသူများ ဖြစ်ပေသည်။ တပ်မတော်များသည် နိုင်ငံရေးတွင် ပါဝင်ခဲ့ပါက ဤအမျိုးအစားဖြစ်လျှင် အကောင်းဆုံး ဖြစ်ပေသည်။

အဓိကပြောလိုသည်မှာ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော နိုင်ငံရေးသတ္တ၀ါ အသီးသီးသည် မည်သည့်အမျိုးအစားပင် ဖြစ်စေ မိမိနှင့် မတူညီသော နိုင်ငံရေးသတ္တ၀ါများ၏ သဘောသဘာဝကို နားလည်သဘောပေါက်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို မျက်ခြေမပြတ် အတူပူးပေါင်း ဆောင်ရွက်ရေးသာ ရည်မှန်းချက်ပန်းတိုင် ဖြစ်သင့်ပါသည်ဆိုသော အချက်ဖြစ်ပေသည်။
အယ်ဒီတာ (၃၀-၈-၂၀၁၀)

ဒီမိုကရေစီ၏ ထာဝရအခက် - မောင်စူးစမ်း democracybranches.png

သင်္ဘောလား၊ ဖောင်လား
ဒီမိုကရေစီသည် သင်္ဘောနှင့်တူသလား သို့တည်းမဟုတ် သစ်ဖောင်နှင့်တူသလားဟူ၍ အငြင်းပွားသည်။ ဘုရင်စနစ်သည် အဆောင်အယောင် ခမ်းနားမှုကို ကြည့်၍ သင်္ဘောနှင့်တူသည်ဟု တင်စားခဲ့သည်။ သင်္ဘောသည် နစ်မြုပ်တတ်သည်။ ဒီမိုကရေစီကိုမူ သစ်ဖောင်နှင့် နှိုင်းသည်။ သစ်ဖောင်သည် မြုပ်သည်ဟူ၍ မရှိ၊ မျောသွားခြင်းသာ ရှိသည်။ သို့သော် ခေတ်ပြိုင် ဒီမိုကရေစီသမိုင်းကို ကြည့်လျှင် ဤအချက်သည် ခိုင်လုံသည်ဟု မဆိုနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အာဏာသိမ်းမှု၊ အာဏာရှင်အုပ်ချုပ်မှုတို့က ဒီမိုကရေစီကို ဖောင်ဖျက်ပစ်လိုက်သောကြောင့် ဖြစ်သည်။ အချို့က ဒီမိုကရေစီ မြုပ်သွားသည်ကိုကြည့်၍ ဖောင်နှင့်မတူ သင်္ဘောနှင့် တူသည်ဟု စောဒက တက်သည်။

သို့ဖြင့် ဒီမိုကရေစီသည် သင်္ဘောလား၊ ဖောင်လားဟု အငြင်းပွားသည်။ နောက်ထပ် အငြင်းပွားချက်တစ်ခုမှာ ဒီမိုကရေစီဖြစ်ထွန်းမှုတွင် သာမန်လူပြိန်းတို့က အများသိ၊ ဘုံသိ အသိတို့ကို ရရှိလာသော အကြောင်းဖြစ်သည်။ The common man had common sense သာမန်လူပြိန်းတို့က အများသိ၊ ဘုံသိ သိလာခြင်းသည် ဒီမိုကရေစီဆန်သော ကျင့်ဝတ်တရားတို့ကို မွေးထုတ်သည်။ အချို့ပညာရှင်တို့က ဒီမိုကရေစီဖြစ်ထွန်းရန် အများသိ၊ ဘုံသိအဖြစ် လုံလောက်သည်ဟု ဆိုသည့်ပမာ ကောက်ချက်ဆွဲခြင်းကို ဆန့်ကျင်သည်။ အောက်ခြေ လူတန်းစားတို့က အများသိ၊ ဘုံသိအသိကို စဉ်းစားတွေးခေါ်တတ်ရုံဖြင့် ဒီမိုကရေစီဖြစ်ထွန်းရန် မလုံလောက်ဟု ဆိုသည်။ ဒီမိုကရေစီအတွက် ဘုံသိ၊ အများသိထက် ကျော်လွန်သော ပညာတို့ လိုအပ်သည်။ သို့ဖြင့် ဘုံသိသာမက ပညာအသိသည်လည်း ရင့်ကျက်ရန် လိုသည်။

ပဋိပက္ခ
ဒီမိုကရေစီတွင် အချင်းချင်း သဘောမတူညီမှုများ၊ အငြင်းပွားမှုများ ရှိသည်။ ဂိုဏ်းကွဲမှုများ ရှိသည်။ ဒီမိုကရေစီသည် ဤပဋိပက္ခတို့ကို ပြေလည်စွာ ဖြေရှင်းပေးရန် တာဝန်ရှိသည်။ ဤအချက်နှင့် ပတ်သက်၍ အဆိုစကား တစ်ခုပေါ်သည်။ ၎င်းမှာ ဒီမိုကရေစီ၌ ပဋိပက္ခတို့ကို တီထွင်ဖန်တီးနိုင်သော ပါဝါဖြစ်အောင် Creative ဖြစ်အောင် ပြုနိုင်စွမ်း ရှိခြင်းဖြစ်သည်။ သာမန်အားဖြင့်ပြောလျှင် ပဋိပက္ခတို့ကို လျှော့ချရန် သို့မဟုတ် ပဋိပက္ခတို့ကို ခံနိုင်ရည်ရှိသောအဆင့်တို့ လျှော့ချရန် ရည်ညွှန်းသည်။

ပါတီစနစ်
ပဋိပက္ခကို တီထွင်ဖန်တီးနိုင်သော စွမ်းပကားဖြင့် အသွင်းပြောင်းလဲနိုင်ခြင်းသည် ဒီမိုကရေစီ၏ တန်ခိုးဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။ သို့ရာတွင် ဒီမိုကရေစီ၌ ပုံသဏ္ဌာန်အမျိုးမျိုးရှိလေရာ ဆိုခဲ့သည့်အတိုင်း ပဋိပက္ခကို တီထွင်ဖန်တီးနိုင်စွမ်းအဖြစ် အသွင်ပြောင်းလဲရာ၌ မည်သည့် ဒီမိုကရေစီပုံသဏ္ဌာန်က ပို၍ တန်ခိုးထက်သနည်းဟု မေးစရာပေါ်သည်။ အချို့က နှစ်ပါတီစနစ်က ဤတန်ခိုးကို ပို၍ ပေးဆောင်နိုင်သည်ဟု ထောက်ပြသည်။ အမေရိက၌ ဒီမိုကရက်နှင့် ရီပါဘလစ်ကန် နှစ်ပါတီစနစ်၊ ဗြိတိန်၌ လေဘာ၊ ကွန်ဆာဗေးတစ် နှစ်ပါတီစနစ်တို့ကို ရည်ညွှန်း၍ နှစ်ပါတီစနစ်က ပဋိပက္ခကို တီထွင်ဖန်တီးနိုင်သော စွမ်းပကားအဖြစ် ပုံသဏ္ဌာန် ပြောင်းလဲနိုင်ခြင်းအကြောင်းကို ညွှန်းကြသည်။

ဘေးကျပ်နံကျပ်
ဤနေရာ၌ ပြည်သူလူထု၏ ကြံရွယ်ချက်ကို ထည့်သွင်းစဉ်းစားလာသည်။ ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ ပထမဦးဆုံး ကြံရွယ်ချက်သည် နိုင်ငံတော်ကို မပြိုလဲရန် ထိန်းသိမ်းဖို့ဖြစ်သည်။ ထိုတာဝန်ကို စဉ်းစားရင်း နိုင်ငံတော်သည် ကိုယ့်အင်အားနှင့်ကိုယ် ထိန်းသိမ်းနိုင်သော ပါဝါ ရှိ၊ မရှိ သုံးသပ်သည်။ ဆိုလိုသည်မှာ နိုင်ငံတော်သည် သိပ်ပြီး အင်အားကြီးနေသလား သို့မဟုတ် သိပ်ပြီး အင်အားချည့်နဲ့နေသလား ဟူ၍ နှိုင်းဆကြည့်ခြင်း ဖြစ်သည်။

နိုင်ငံရေးသိပ္ပံပညာရှင်တို့က နိုင်ငံတော်၏ အင်အားကို ချိန်ဆခြင်းအား ထာဝရဘေးကျပ်နံကျပ် Eternal Dilemma ဟု သတ်မှတ်သည်။ တစ်နည်းပြောလျှင် အစိုးရ၏ ဘုန်းတန်ခိုးသည် လူထု၏ လွတ်လပ်ခွင့်တို့အတွက် အင်အားကြီးရန် လိုသလား သို့တည်းမဟုတ် နိုင်ငံတော်သည် ကိုယ့်ကိုယ်ကိုယ်ပင် ရပ်တည်နိုင်စွမ်း မရှိလောက်အောင် အင်အား ချည့်နဲ့နေသလားဟူ၍ မေးခွန်းထုတ်ခြင်း ဖြစ်သည်။

ခေတ်သစ် ပညာရှင်တို့က နိုင်ငံတော်၏ အင်အားကို ပျော့ပျောင်းမှုနှင့် လွတ်လပ်မှုတို့ကို စံထား၍ သုံးသပ်သည်။ နိုင်ငံတော်၏ ပါဝါကို မြှင့်တင်မလား သို့တည်းမဟုတ် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်ကို မြှင့်တင်မလား ဆိုသောမေးခွန်းသည် နိုင်ငံအလိုက် သမိုင်းအခြေအနေအရ ဖြစ်သည်။ စစ်ဖြစ်နေသော ကာလတို့၌ နိုင်ငံတော်၏ ပါဝါသည် အစွမ်းကုန် မြင့်နေမည်ဖြစ်၍ ငြိမ်းချမ်းသောကာလ၌ နိုင်ငံသားတိုင်း၏ လွတ်လပ်ခွင့်တို့သည် စည်ပင်နေရမည်ဖြစ်သည်။
မောင်စူးစမ်း
အညွှန်း - Harvard Series

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP