Friday, July 30, 2010
ကမ္ဘာ့စီးပွားရေး ကျားကန်မှုများနှင့် မြန်မာပြည်

-မြတ်စိုး-
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 03 2009 13:50 - မြန်မာစံတော်ချိန်
မိဇ္ဈိမ သတင်းဌာန
ကျနော် ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို လိပ်ပြာအကျိုးသက်ရောက်မှုနဲ့ နှိုင်းယှဉ်ရေးသား ခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ပါတဲ့အတိုင်း ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးဟာ အမေရိကန်နိုင်ငံ သာမက ဥရောပ၊ အာရှနှင့် ပစ္စိဖိတ်ကျွန်းဆွယ်ရှိ နိုင်ငံတွေကို တမဟုတ်ချင်း ကူးစက်သွားနေပါပြီ ဆိုတာပါပဲ။
ဟုတ်ပါတယ်။ ဒီ စီးပွားရေး ဆူနာမီ လှိုင်းလုံးကြီးဟာ လူမျိုးမရွေး၊ ဘာသာမရွေး၊ တိုင်းပြည်မရွေး၊ ဆင်းရဲ ချမ်းသာ မရွေးဘဲ အားလုံးကို သယ်ဆောင်တိုက်စားသွားပါလိမ့်မယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ ဥရောပက ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကို ဘယ်လို ရင်ဆိုင်နေကြသလဲ၊ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေပြီလဲဆိုတာ ကျနော် အတိုချုပ် တင်ပြချင်ပါတယ်။
နောက်ပိုင်းမှာတော့ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေကို ဘယ်လိုထိခိုက်လာနိုင်မလဲ၊ ကျနော်တို့ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေမှာလည်း ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးအပေါ် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်နေကြသလဲဆိုတာ ကျနော် တင်ပြဆွေးနွေးသွားပါမယ်။
ပြင်သစ်နှင့် ဗြိတိန်တို့ ရင်ဆိုင်နေရသော စီးပွားရေး အကျပ်အတည်း
၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့က ပြင်သစ်နိုင်ငံမှာ တနိုင်ငံလုံးက ထောင်နဲ့ချီရှိတဲ့ အလုပ်သမားတွေ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြတယ်။ မြို့ပေါင်း ၂၀၀ ကျော်က အလုပ်သမားပေါင်းစုံ ပါဝင်ဆန္ဒပြခဲ့ တာကြောင့် အမဲရောင် ကြာသပတေးနေ့ (Black Thursday) လို့ တင်စားခေါ်ဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက လက်ရှိရင်ဆိုင်နေရတဲ့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးအပေါ် ပြင်သစ်သမ္မတ ဆာကိုဇီအစိုးရရဲ့ ပြင်ဆင် ဆောင်ရွက်မှုတွေဟာ သိပ်ကို နှေးကွေးလွန်းတယ်၊ ထိရောက်မှုမရှိဘူး၊ ဆင်းရဲသားတွေနဲ့ သာမန်အလုပ်သမား တွေထက်စာရင် ဘဏ်လုပ်ငန်းကြီးတွေကိုသာ ပြင်သစ်အစိုးရက ဦးစားပေး ဖြေရှင်းပေးနေမှုကို မကျေမနပ် ဖြစ်လို့ ဆန္ဒပြခဲ့ကြတာပါ။ ဆာကိုဇီအစိုးရက အလုပ်သမားသမဂ္ဂနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ်လို့ ကတိပြုခဲ့တယ်။ ပြင်သစ်အစိုးရက ဥရောပငွေ ၂၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃ ဒဿမ ၁ ဘီလီယံ) အကုန်အကျခံပြီး ရင်ဆိုင်နေရတဲ့ စီးပွားရေးကပ်ဆိုးကြီးကို ဖြေရှင်းကျားကန်မှုတွေ ပြုလုပ်နေပါတယ်။
ဗြိတိန်နိုင်ငံမှာတော့ North Killingholme, North Lincolnshire ရှိ Lindsey Oil Refinery ရေနံချက်စက်ရုံမှာ တည်ဆောက်မယ့် ပေါင် သန်း ၂၀၀ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ရာနဲ့ချီတဲ့ အီတလီ၊ ပေါ်တူဂီ နိုင်ငံခြားသားတွေကို အလုပ်လုပ်ကိုင်ခွင့် ပေးခဲ့မှုအပေါ် ဗြိတိန်အလုပ်သမားတွေက မကျေမနပ် ဖြစ်ခဲ့ရာက ဆန္ဒပြမှုတွေဟာ စကော့တလန်၊ ဝေးလ် (Wales)၊ မြောက်အိုင်ယာလန်၊ ဗြိတိန် နေရာအများအပြားမှာ ပျံ့နှံ့နေပြီး၊ ဒီကိစ္စကို ၀န်ကြီးချုပ် ဂေါ်ဒွင်ဘရောင်း ဦးဆောင်တဲ့ ဗြိတိန်အစိုးရက ဖြေရှင်းမပေးရင် တနိုင်ငံလုံး အလုပ်သမားတွေ ဆန္ဒပြမယ်လို့ ဗြိတိန် အလုပ်သမားသမဂ္ဂတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ တပတ်ကပဲ အမေရိကန်မှာ ကမ္ဘာကျော် ကုမ္ပဏီကြီးတွေက တပတ်အတွင်း အလုပ်သမား တသိန်း လျှော့ချခဲ့တယ်။ တရုတ်ပြည်မှာ ရွှေ့ပြောင်းအလုပ်သမား သန်း ၁၃၀ ရှိတဲ့အထဲက သန်း ၂၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ တရုတ်အစိုးရက ဖေဖော်ဝါရီလ ၂ ရက်နေ့က ကြေညာခဲ့တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ် ရွှေ့ပြောင်းအလုပ်သမား ၁၀ သန်း အလုပ်လက်မဲ့ ဖြစ်ခဲ့သေးတယ်။
တချိန်တည်း၊ တပြိုင်တည်းမှာပဲ ကမ္ဘာကျော် ဥရောပ ကုမ္ပဏီတွေကလည်း အလုပ်အကိုင် လျှော့ချခဲ့သလို နိုင်ငံအများအပြားမှာ အလုပ်လက်မဲ့ တိုးမြင့်လာနေကြောင်း တရားဝင် ထုတ်ပြန်တာတွေကို သတင်းတွေမှာ တောက်လျှောက် တွေ့လာနေရပါတယ်။
ဒီအခြေအနေတွေကို လေ့လာသုံးသပ်ကြည့်ရင် ဥရောပနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေ မှာ ကိုယ့်နိုင်ငံသားကို ဦးစားပေးဖြေရှင်းပေးရန် ပိုမိုတောင်းဆိုမှုတွေ ရှိလာနိုင်ပြီး၊ စီးပွားရေးပျက်ကပ်ချိန်အတွင်း နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်ကိုင်ခွင့် တရားဥပဒေဆိုင်ရာ အငြင်းပွားမှုတွေ၊ ဥရောပ နိုင်ငံအချင်းချင်းနဲ့ အခြားနိုင်ငံတွေ အချင်းချင်းမှာ ရှိလာနိုင်ပါလိမ့်မယ်။ ဒီလိုပြဿနာတွေဟာ အာရှနိုင်ငံတွေမှာလည်း ရင်ဆိုင်ဖြေရှင်း ကြရမှာဖြစ်သလို လူမျိုးရေးတင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေဟာလည်း ဖြစ်ပေါ် လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
မြန်မာတွေကို ဘယ်လိုထိခိုက်လာနိုင်မလဲ

ဥပမာ ပြီးခဲ့တဲ့နှစ်က တောင်အာဖရိကနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အဓိကရုန်းကို လေ့လာနိုင်ပါတယ်။ တောင်အာဖရိကနိုင်ငံကို တရားမ၀င် လာရောက်လုပ်ကိုင်နေကြတဲ့ ဇင်ဘာဘွေ အလုပ်သမားတွေကို တောင်အာဖရိက ဒေသခံပြည်သူတွေက တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ပါ။ တချို့ တောင်အာဖရိကရှိ ဇင်ဘာဘွေ လူမျိုးတွေဟာ မိမိတို့နေရပ်ဆီ အတင်းအဓ္ဓမ နှင်ထုတ်တာ ခံခဲ့ရတယ်။ ဒီလိုဖြစ်ရပ်မျိုး နိုင်ငံတကာမှာ သန်းနဲ့ချီ သွားရောက်လုပ်ကိုင် နေကြတဲ့ မြန်မာလူမျိုးတွေကိုများ ဖြစ်မလားဆိုတဲ့ စိုးရိမ်မှု ကျနော်ကတော့ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်၊ တရားမ၀င် လုပ်နေသူ မြန်မာပြည်သား ၂ သန်းလောက် ရှိတယ်လို့ ထိုင်းအစိုးရက ခန့်မှန်းပြောဆိုထားဖူးပါတယ်။ ဒီလိုပဲ တရားဝင်၊ တရားမ၀င် အလုပ်လုပ်နေသူ မြန်မာပြည်သားတွေဟာ မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပြင် ဥရောပတိုက်၊ အမေရိကတိုက်၊ အာဖရိကတိုက် နိုင်ငံတွေမှာပါ လုပ်ကိုင်နေကြတယ်။ ဒီလိုနဲ့ပဲ နိုင်ငံတကာမှာ သန်းနဲ့ချီရှိတဲ့ အလုပ်လုပ်နေသူ မြန်မာလူမျိုးတွေဟာ တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး မိသားစုတွေရှိရာ မြန်မာနိုင်ငံကို ငွေလွှဲ ပို့ပေးနေကြပါတယ်။ ဒီတော့ လက်ရှိ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြီးဟာ မြန်မာနိုင်ငံက ပြည်သူတွေကို သိသိသာသာ ထိရောက်ပါလိမ့်မယ်။ နိုင်ငံတကာရောက် မြန်မာလုပ်သားတွေရဲ့ အခြေအနေဟာ မြန်မာပြည်မှာရှိတဲ့ သူတို့မိသားစုဝင်တွေကို တိုက်ရိုက်သက်ရောက်နေသလို၊ မြန်မာနိုင်ငံမှာ ငွေကြေးလည်ပတ်မှု၊ ၀ယ်လိုအား ရောင်းလိုအား အခြေအနေ၊ ငွေကြေးလဲလှယ်မှုနှုန်းထား၊ ကုန်ပစ္စည်းဈေးနှုန်း အတက်အကျနဲ့ အလုပ်လက်မဲ့ အခြေအနေ၊ သွင်းကုန်ထုတ်ကုန် နှုန်းထားကိုပါ တဖြည်းဖြည်း လာရောက် သက်ရောက်မယ်ဆိုတဲ့ အချက်ပါ။
ဒီ စီးပွားရေး ဆူနာမီ လှိုင်းလုံးကြီးကို နိုင်ငံများစွာက ကြံ့ကြံ့ခံနိုင်ဖို့ ပြင်ဆင်မှုတွေကို ပြုလုပ်နေကြပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီးတဲ့ အမေရိကန်နိုင်ငံကတော့ ဒေါ်လာ ၈၁၉ ဘီလီယံ သုံးစွဲပြီး၊ စီးပွားရေး ပြန်လည်ဦးမော့လာအောင် ပြင်ဆင်နေသလို၊ အာရှစီးပွားရေး အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံကလည်း ဒေါ်လာ ၅၈၆ ဘီလီယံ အကုန်အကျခံပြီး ကြိုးစားသွားမယ်လို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီလိုပဲ ဂျပန်က ဒေါ်လာ ၂၇၅ ဘီလီယံနဲ့ ဥရောပနိုင်ငံ အသီးသီးဟာလည်း ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာ အကုန်အကျခံပြီး စီးပွားရေး ပြန်လည်ဦးမော့လာအောင် ပြင်ဆင်နေကြပါတယ်။ ဒီတော့ ချမ်းသာတဲ့ နိုင်ငံတွေကပဲ ဒေါ်လာဘီလီယံ ရာနဲ့ချီပြီး ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးရဲ့ အကျိုးဆက်တွေကို ပြင်ဆင်နေကြတာလား။ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ဒေသတွင်း နိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ အစိုးရတွေဟာ စံနစ်တကျ ပြင်ဆင်နေကြပါတယ်။ ဒီ နိုင်ငံတွေကို လေ့လာကြရအောင်။
ထိုင်းအစိုးရ၏ စီးပွားရေးကျားကန်မှု အစီအစဉ်
ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် အဘီဆစ် ခေါင်းဆောင်တဲ့ အစိုးရက ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့နဲ့ ထိုင်းစီးပွားရေး ကျားကန်ပေးမယ့် အစီအစဉ်ကို အမေရိကန် ဒေါ်လာ ၈ ဒဿမ ၇ ဘီလီယံကို သုံးစွဲဖို့တင်ပြခဲ့ကြတယ်။ ဒါပေမဲ့လည်း ထိုင်းပါလီမန်က ဒီနေ့ပဲ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃၅ ဘီလီယံ (၁၁၆ ဒဿမ ၇ ဘီလီယံ ဘတ်) ကိုသာ သုံးစွဲဖို့ အတည်ပြုပေးခဲ့တယ်။ ထိုင်းနိုင်ငံ၏ စီးပွားရေး ကျားကန်ပေးမယ့် အစီအစဉ်ကို ဒီနေရာမှာ နားဆင်နိုင်ပါတယ်။ ထိုင်းအစိုးရက ထိုင်းပြည်သူတွေကို သိအောင် တရားဝင် ထုတ်ပြန်ကြေညာပေးခဲ့တာပါ။ ဒီ စနစ်တကျ သုံးစွဲမယ့် အစီအစဉ်တွေမှာ လစာနဲသူတွေကို ဘတ်ငွေ ၂၀၀၀ (အမေရိကန် ၅၈ ဒေါ်လာ) ထောက်ပံ့ရေး၊ အခမဲ့ ရေနဲ့ လျှပ်စစ်သုံးစွဲနိုင်မှု၊ အခမဲ့ ရထားနဲ့ ဘတ်စ်ကားများ စီးနင်းနိုင်စေမှု၊ ၁၅ နှစ် အခမဲ့ ပညာရေးသင်ကြားနိုင်စေမှုနဲ့ ငွေကြေး ထောက်ပံ့ပေးမှုတွေ ပါဝင်ပါတယ်။ အစိုးရတရပ်က သူတို့ပြည်သူတွေရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို စနစ်တကျ တာဝန်သိသိ လုပ်ဆောင်နေတဲ့ သုံးစွဲမှု အစီအစဉ်တွေပါ။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နိုင်သူ ၃၇ ဒဿမ ၆ သန်းရှိတဲ့အပြင် တရားမ၀င် ၀င်ရောက် လုပ်ကိုင်နေသူတွေဟာ ၅ သန်းကျော်ရှိ နေပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၀၈ ခုနှစ် ပထမ ကိုးလပတ်အတွင်း ထိုင်းလူမျိုး ၅၃၀,၀၀၀ အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ၉၀၀,၀၀၀ ကျော်ရှိလာလိမ့်မယ်လို့ ထိုင်းအစိုးရရဲ့ အမျိုးသားစီးပွားရေးနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုဌာနက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိုင်းနိုင်ငံမှာ တရားမ၀င် လုပ်ကိုင်နေတဲ့သူတွေ သန်းနဲ့ချီ အလုပ်လုပ်နေတာကြောင့် ထိုင်းလူမျိုးတွေ အလုပ်အကိုင်တွေ ရနိုင်ဖို့အတွက် အခွင့်အလမ်းတွေ ဖန်တီပေးသင့်ကြောင်း ထိုင်းစီးပွားရေးပညာရှင်တွေနဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် တချို့က သတိပေးပြောဆိုနေပါတယ်။
မလေးရှား အစိုးရ၏ စီးပွားရေးကျားကန်မှု အစီအစဉ်
မလေးရှားနိုင်ငံမှာ ၂၀၀၆ ခုနှစ်က တရားမ၀င် အလုပ်လုပ်ကိုင်နေသူ ၅ သန်းကျော်ရှိသလို မလေးရှားလူမျိုး ၃၀၀,၀၀၀ ကျော်ဟာ စင်္ကာပူနိုင်ငံမှာ လခကောင်းကောင်းနဲ့ အလုပ်လုပ်နေတယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ကြေညာခဲ့တယ်။ မလေးမှာ တရားဝင် အလုပ်လုပ်နေသူ နိုင်ငံခြားသားကတော့ ၂ ဒဿမ ၂ သန်း ရှိနေပါတယ်။ မလေးရှားအစိုးရရဲ့ တရားဝင် ထုတ်ပြန်ကြေညာချက်အရ ၂၀၀၈ ခုနှစ် တနှစ်တည်းမှာတင် ၄၀၀,၀၀၀ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရတယ်။ အလုပ်အလက်မဲ့ဖြစ်မှုဟာ ၂၀၀၉ ခုနှစ်မှာ ပိုမို များပြားလာဖို့ ရှိတယ်လို့ မလေးရှား အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။ တချိန်ထဲမှာပဲ မလေးရှားလူမျိုးတွေ အလုပ်အကိုင် ရဖို့အတွက် နိုင်ငံခြားသား အလုပ်သမားတွေကို မှီခိုမှုမှ ကင်းအောင် စနစ်တကျ စီမံပြီး၊ ပြင်ဆင်သွားမယ်လို့လည်း ထုတ်ဖော်ပြောဆိုနေကြတယ်။
မလေးရှားအစိုးရဟာ ၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၉၃ ဘီလီယံ (မလေးရှားရင်းဂစ် ၇ ဘီလီယံ) သုံးစွဲခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ စီးပွားရေး ပြန်လည် ဦးမော့လာအောင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ထပ်မံသုံးစွဲဖို့ ပြင်ဆင်နေပြီလို့ မလေးရှား ဒုတိယ၀န်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ စီးပွားရေးကျားကန်ပေးမယ့် ပထမအစီအစဉ်မှာ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းတွေ၊ ငွေရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းတွေမှာ တိုးတက်အောင် သုံးစွဲသွားခဲ့ပြီး၊ ဒုတိယ သုံးစွဲမယ့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှာ ပုဂ္ဂလိက လုပ်ငန်းတွေကို ငွေချေးဖို့၊ ပြည်သူများ အခမဲ့စီးနိုင်ဖို့နဲ့ ဈေးနှုန်းချိုသာစေမယ့် သယ်ယူပို့ဆောင်ရေး လုပ်ငန်တွေမှာ ရင်းနှီးမြှုပ်နှံသုံးစွဲဖို့၊ အလုပ်လက်မဲ့တွေအတွက် ထောက်ပံ့ကူညီဖို့၊ လစာနဲ ၀န်ထမ်းတွေကို ငွေကြေးထောက်ပံ့ဖို့နဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ သုံးစွဲဖို့ စီမံမှုတွေ၊ အရေးတယူ ဆောင်ရွက်မှုတွေကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဒါတွေဟာ အိမ်နီချင်း ဒေသတွင်းနိုင်ငံတွေမှာ အစိုးရတွေက သူတို့ပြည်သူတွေ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးက သက်ရောက်လာမယ့် အကျပ်အတည်းက သက်သာမှုရှိအောင် အရေးယူ ပြင်ဆင်ဆောင်ရွက်မှုတွေပါ။
ကျားကန်မှု မပြုလုပ်နိုင်တဲ့ မြန်မာနိုင်ငံ (သို့) လည်စင်းခံရမည့် သိုးငယ်များဘဝ
ကျနော်တို့ မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေကြရတဲ့ အကျပ်အတည်းတွေကို လေ့လာကြည့်ရအောင်။ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၈၀၀၀ သေဆုံး၊ ပျောက်ဆုံးခဲ့တာ မြန်မာတပြည်လုံး သိရှိပြီးသားပါ။ ဒီအရေအတွက်ဟာ ဒုတိယ ကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ အဏုမြူဗုံးကြောင့် သေဆုံးသွားတဲ့ လူဦးရေနီးပါးခန့် ရှိတယ်။ ဒီ သဘာဝ ဘေးအန္တရာယ်ဆိုး ဒဏ်ကြောင့် မြန်မာတနိုင်ငံလုံးမှာ လောလောဆယ် လူဦးရေ ၅ သန်းကျော် အစားအစာ ပြတ်လတ်မှုနဲ့ ရင်ဆိုင်နေရပြီ။ အခုလည်း စီးပွားရေး ဆူနာမီလှိုင်းလုံးကြီး ကျရောက်နေပြီဆိုတာ တမ္ဘာလုံးက ပြောဆိုနေကြတယ်။ နာဂစ်မုန်တိုင်း ကာလကလို လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အုပ်စု ခေါင်းဆောင်တွေဟာ တခြား အိမ်နီးချင်းအစိုးရတွေလို ပြင်ဆင်မှု၊ ကယ်ဆယ်မှု မလုပ်ဘဲ နှေးကွေးနေမယ်ဆိုလျှင်တော့ မြန်မာပြည်သူတွေအတွက် ပိုပြီး အထိနာပါလိမ့်မယ်။
အမှန်တော့ ပြည်သူတွေကို ဖားရှာ၊ ငါးရှာ ရှာဖွေစားသောက်ခိုင်းထားတဲ့ ဒီစစ်အုပ်စုမှာ အရေးပေါ် အခြေအနေ အခုလို ကြုံလာခဲ့ပေမယ့် အိမ်နီးချင်းနိုင်ငံက အစိုးရတွေလို ဒေါ်လာဘီလီယံနဲ့ချီ သုံးစွဲနိုင်တဲ့ ငွေကြေး အလုံအလောက် မရှိပါဘူး။ ဒီလို ငွေကြေး မရှိနေတာကလည်း သူ့တို့ဘာသာ သူတို့ ဖန်တီးခဲ့တာဖြစ်တယ်။ တမ္ဘာလုံးကို အန်တုပြီး၊ စစ်အာဏာရှင်စနစ်ကို ပြန်လည် အကောင်အထည်ဖော်ကာ၊ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို စနစ်တကျ ပိတ်ပင်တားဆီးနေလို့ပါပဲ။ နိုင်ငံတကာမှာလည်း ကိုယ့်စီးပွားရေး ပြဿနာ ကိုယ် အရင်ဖြေရှင်းနေရလို့၊ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အကျပ်အတည်း ဒုက္ခတွေကို ရှေ့တန်းထား စဉ်းစားကြမှာ မဟုတ်ပါဘူး။ ဒီလို ငွေကြေးမရှိလို့လည်း ပြည်သူတွေကို ဘာမှ ထောက်ပံ့ပေးနိုင်မှု၊ အကာအကွယ် ပေးနိုင်မှု မလုပ်နိုင်ကြတာပါ။
လက်ရှိ တိုင်းပြည်အုပ်ချုပ်နေတဲ့ စစ်အုပ်စုဟာ လယ်သမားတွေကို ငွေကြေးထောက်ပံ့မှု၊ နည်းပညာ ထောက်ပံ့မှုနဲ့ အတိုးနှုန်း သက်သာတဲ့ ငွေချေးပေးမှုတွေကို ပြုလုပ်ပေးခြင်း မရှိသလို၊ ပြည်သူတွေကို စီပွားရေး အကျပ်အတည်း ကာလမှာ အခမဲ့ ယာဉ်စီးနင်းသွားလာခွင့်၊ အခမဲ့ တက္ကသိုလ်ပညာရေး သင်ကြားခွင့်တွေ ကိုလည်း စီစဉ်မပေးပါဘူး။ ဆင်းရဲသား ပြည်သူတွေကတော့ ဆိုင်ကလုန်း နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ် ကလိုပဲ သိုးငယ်တွေလို လည်စင်းခံပေးဖို့ အခြေအနေ ကြုံတွေ့နေကြရတယ်။
တခြား တဖက်မှာလည်း လက်တွေ့ကျကျ ဖော်ဆောင်ရမယ့် လုပ်ငန်းတွေကို လျစ်လျှူရှုနေကြတယ်။ အဲဒါက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မလုပ်မနေ ပြုရမယ်ဆိုတဲ့ အချက်ပါ။ နှစ်ပေါင်းများစွာ ရင်းနှီးမှုပေါင်းစုံ ပေးဆပ်ထားတဲ့ ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မရှိဘဲနဲ့ စီးပွားရေး အခြေအနေကို ဘယ်လိုမှ ပြုပြင်ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ သိသာထင်ရှားတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မလွဲမသွေ လိုအပ်နေတယ်။
နောက်တခုက နိုင်ငံတော် သုံးစွဲမှုစရိတ်တွေကို အမြန်လျှော့ချဖို့ လိုအပ်နေတယ်။ ဥပမာ၊ ဒီလို စီးပွားရေးပျက်ကပ် ကာလမှာ ကြပ်ပြေးစီမံကိန်း (ခေါ်) နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတော်ငွေကို အလဟဿ သုံးစွဲနေခြင်းသာ ဖြစ်တယ်။ ဒီသုံးစွဲမှုတွေအစား လမ်း၊ တံတားတွေ တည်ဆောက်ခြင်း၊ ပြင်ဆင်ပေးခြင်းဖြင့် ပြည်သူတွေအတွက် လက်တွေ့ကျကျ အလုပ်အကိုင်တွေကို ဖန်တီးပေးသင့်ပါတယ်။ ဒါ့အပြင် ထောင် သောင်းချီရှိတဲ့ ဗိုလ်ချုပ်တွေ၊ ၀န်ကြီးတွေ၊ ၀န်ကြီးဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ သူတို့ မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ မော်တော်ယာဉ်တွေကို ဓာတ်ဆီ ဖြတ်တောက်ခြင်း၊ ကားတင်သွင်းခွင့် လိုင်စင်နဲ့ ဇိမ်ခံကားတွေ တင်သွင်းနေမှုကို ထိမ်းချုပ်မှုပြုလုပ်ခြင်းဖြင့် ပြည်ပကနေ တနှစ် ဒေါ်လာသန်း ၅၀၀-၆၀၀ နိုင်ငံတော်က အကုန်အကျခံ ဓာတ်ဆီနဲ့ လောင်စာဆီ တင်သွင်းနေရတဲ့ ကုန်ကျစရိတ်ကို လျှော့ချသင့်ပါတယ်။ ကြက်ဆူဆီပင် အတင်းအဓ္ဓမ စိုက်ပျိုးခိုင်းနေခြင်းဟာ လောင်စာဆီ ၀ယ်ယူသုံးစွဲနေမှုကို လျှော့ကျသွားမှာ မဟုတ်သလို၊ နိုင်ငံတော် အသုံးစရိတ်ကို လျှော့ကျသွားမှာ မဟုတ်ပါဘူး။
အဆိုးရွားဆုံးကတော့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီး ခံစားနေကြရတဲ့ မြန်မာပြည်သူတွေကို ဘယ်လို ထောက်ပံ့ပေးမယ်ဆိုတဲ့ တရားဝင် ထုတ်ပြန်ကြေညာမှုလည်း အခုထိ မရှိသေးပါဘူး။ တခြားနိုင်ငံတွေလို ငွေကြေး ကိန်းဂဏန်း ဘယ်လောက် သုံးစွဲပြီး၊ စီးပွားရေးကို ကျားကန်မယ်ဆိုတာလည်း တရားဝင် ထုတ်ပြန်ကြေညာမှုလည်း အခုထိ မရှိသေးပါဘူး။ ဒါဟာ တာဝန်မဲ့စွာ အုပ်ချုပ်နေတယ်ဆိုတာ ဖော်ပြနေပါတယ်။
(ဆောင်းပါးရှင် မြတ်စိုးသည် ၂၀၀၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ ရရှိထားသူဖြစ်ပြီး၊ အမေရိကန် မော်တော်ကား ထုတ်လုပ်သော လုပ်ငန်းတွင် ၁၄ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။)
Thursday, July 29, 2010
နိုင်ငံရေးနဲ့ အာဏာ
နိုင်ငံရေးဆိုသည်မှာ တိုင်းပြည် ကောင်းစားရေး (အများအားဖြင့်) ကို ဦးတည်ပြီး မိမိ ယုံကြည်ရာ ၀ါဒ၊ စနစ်ကို နောက်ခံပြီး တိုင်းပြည် တည်ဆောက်ရေးကို ဖော်ဆောင် ရပါတယ်။ ဒီကနေ့ခေတ် - လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး စနစ် (Free Market Economy) လို့ ခေါ်တဲ့ အရင်းရှင် စီးပွားရေး စနစ်ကိုပဲ ရွေးမလား၊ ကွန်မြူနစ်တို့ရဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကိုပဲ ကျင့်သုံးမလား၊ ဒါမှမဟုတ် ဆိုရှယ် ဒီမိုကရက်တို့ရဲ့ ဒွေးရော စီးပွားရေး စနစ် (Mixed Economy) ပဲ ရွေးမလား ဆိုတာတွေဟာ နိုင်ငံရေး အာဏာ မရှိဘဲနဲ့ မရွေးနိုင်ပါ။ နိုင်ငံရေးမှာ အာဏာမရှိဘဲ ဘာမှ လုပ်လို့ မရပါ။
နိုင်ငံရေးနဲ့ အာဏာဟာ လျှာနဲ့ သွားလို ရောယှက်နေပါတယ်။ နိုင်ငံရေး အာဏာကို တိုက်ယူရမှာလား၊ အကြမ်းမဖက်တဲ့ နည်းနဲ့ အနိုင်ယူနိုင်မလား၊ ရွေးချယ်ခြင်း (ဒီမိုကရေစီရှိမှ) ရယူမှာလား ဆိုတာ တပိုင်းသတ်သတ် စဉ်းစားရမှာပါ။
လူသားတိုင်းမှာ အတ္တဟာ တွဲပါစမြဲဖြစ်လို့ အတ္တကို အသုံးချတတ်ရင် အင်္ဂလိပ်လို Drive လို့ ခေါ်တဲ့ (လုပ်ချင်စိတ်) ပေါ်လို့၊ ဒီလုပ်ချင်စိတ်ကြောင့် အောင်မြင်မှု ရနိုင်သလို (အတ္တ) ကို မထိန်းနိုင်လို့ ဒုက္ခရောက်ခဲ့သူတွေ မရေတွက် နိုင်တော့ပါ။ နိုင်ငံရေးမှာ (အာဏာ) ဟာ တွဲပါစမြဲ ဖြစ်လို့ အာဏာကို သတိနဲ့ ထိန်းနိုင်ရင် အောင်မြင်မှုရှိပြီး အာဏာကြောင့် ဒုက္ခ ရောက်ခဲ့ရသူတွေလည်း မရေတွက်နိုင်တော့ပါ။
ဒါကြောင့် အာဏာဟာ အတ္တလိုပဲ အင်မတန် ကြောက်စရာ ကောင်းလှပါတယ်။
ကျနော်တို့ နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီ ဘ၀ကနေ လွတ်လပ်ရေး ရတဲ့အခါ အင်္ဂလိပ်တွေ ကျင့်သုံးတဲ့ ပါလီမန် ဒီမိုကရေစီ စနစ်ကို အားသန်ခဲ့ကြပါတယ်။ ရွေးချယ် ခဲ့ကြပါတယ်။ ပါလီမန် ဒီမိုကရေစီ စနစ်ဟာ မဲအများစု ရရှိတဲ့ သူက အုပ်ချုပ်ရေး - Majority Rule ဖြစ်ပါတယ်။ အုပ်ချုပ်ရေး (Administration) နဲ့ ဥပဒေ ပြုရေး Legislation တို့ကို ခွဲခြားထားခြင်း မရှိပါ။ ပါလီမန်မှာ မဲအရေအတွက် အများစုရတဲ့ ပါတီက ဦးဆောင်ပြီး အစိုးရ ဖွဲ့ရပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမတ် (MP) ဖြစ်မှသာ ၀န်ကြီးအဖွဲ့မှာ ပါခွင့်ရှိပါတယ်။ အမေရိကန် ကွန်စတီကျူးရှင်း (ဖွဲ့စည်းပုံ ဥပဒေ) လို သမတ က အုပ်ချုပ်ရေး တာဝန်ယူပြီး ကွန်ကရက် (Congress) က ဥပဒေပြုရေး အာဏာ သပ်သပ်ခွဲထားကာ တဖက်နဲ့ တဖက် Check and Balance အပြန်အလှန် ထိန်းကွပ်ခြင်း မရှိပါ။ ပါလီမန်မှာ အမတ်ဦးရေ များတဲ့ ပါတီက အစိုးရ ဖွဲ့ခွင့်ရပြီး ဒီပါလီမန် အမတ်တွေကပင် ဥပဒေ ပြုကြပြီး၊ ဒီပါလီမန် အမတ်တွေကပင် ၀န်ကြီးအဖွဲ့ ဖွဲ့ကာ တိုင်းပြည်ကို အုပ်ချုပ် ကြပြန်ပါတယ်။ ဒါကြောင့် ဒီစနစ်မှာ ပါတီဟာ အရေးပါပြီး ပါတီရဲ့ ဦးဆောင်မှု နေရာကို ရဖို့ အရေးကြီးလာပါတယ်။ ပါတီ အတွင်းမှာလည်း အုပ်စုကလေးတွေ ရှိလို့ ဒီအုပ်စုတွေဟာ ပါတီအတွင်း အားပြိုင်ကြလို့ Power Politics လို့ ခေါ်တဲ့ (အာဏာ နိုင်ငံရေး) နဲ့ အုပ်စု နိုင်ငံရေး (Fractional Politics) ဟာ အရေး ပါလာပါတယ်။ စစ်ပြီးခေတ် ကတည်းက အုပ်စိုးနေတဲ့ ဂျပန်နိုင်ငံ LDP (Liberal Democrat Party) မှာ အသာရတဲ့ အုပ်စုဟာ တလှည့်စီ ၀န်ကြီးချုပ် လုပ်နေပါတယ်။ အင်္ဂလိပ်တို့ရဲ့ လေဘာပါတီ အတွင်းမှာလည်း လက်ဝဲအစွန်း ကြီးစိုးစဉ်က ရွေးကောက်ပွဲ အပြီး ရှုံးပြီးရင်း ရှုံးနေလို့ တိုနီဘလဲရဲ့ အလယ်အလတ် လမ်းစဉ်သမား Centrists တွေ ဦးဆောင်ကာမှ တဖန် အာဏာ ရလာကြပါတယ်။
ဖဆပလကို စဖွဲ့စဉ်က ကွန်မြူနစ်၊ အရေးတော်ပုံ ပါတီ (နောင်ဆိုရှယ်လစ်) နဲ့ စစ်တပ်ကို အားပြုပြီး ဖွဲ့ခဲ့ကြပေမယ့် ဗိုလ်ချုပ် အောင်ဆန်းကို အံတု အပုပ်ချ တိုက်ခိုက်ကာ ကွန်မြူနစ် ပါတီက အုပ်စီးလိုတဲ့ အာဏာရူးမှုကြောင့် ဗိုလ်ချုပ် အောင်ဆန်းက ကွန်မြူနစ်တွေကို ထုတ်ပစ်ခဲ့သဖြင့် ဖဆပလ မှာ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော် (PVO) ၊ ရခိုင်အမျိုးသား အစည်းအရုံး၊ ကရင် ဗဟိုအဖွဲ့ချုပ်၊ အရှေ့တောင်အာရှ လူငယ်များ အစည်းအရုံး စတဲ့ အဖွဲ့ငယ်နဲ့ ဦးနု လို တသီးပုဂ္ဂလ (Individual) တို့ ပါကြပါတယ်။ (ဦးသန့်ရဲ့ ပြည်တော်သာခရီး အပိုင်း ၁ - စာမျက်နှာ ၆၁ နဲ့ တာတေ စနေသား စာမျက်နှာကို ကြည့်ပါ။)
လွတ်လပ်ရေးရခါစမှာ ဆိုရှယ်လစ်နဲ့ ပြည်သူ့ ရဲဘော်တို့ဟာ ဖဆပလ မှာ အင်အားကြီး အုပ်စု ၂ စု လို့ ဆိုရပါမယ်။ ကွန်မြူနစ်တွေ ၁၉၄၈ မတ်လမှာ တောခိုပြီးနောက် ပြည်သူ့ရဲဘော် တွေလည်း နှစ်ခြမ်းကွဲပြီး ရဲဘော်ဖြူနဲ့ ရဲဘော်ဝါ ဆိုပြီး ကွဲထွက်သွားပါတယ်။ ရဲဘော်ဖြူတွေ တောခိုတဲ့အခါ ဖဆပလကြီးထဲမှာ အားကောင်းတဲ့ အဖွဲ့အစည်းမှာ ဆိုရှယ်လစ်တွေသာ ကျန်ခဲ့ပေတော့တယ်။
ဒီနေရာမှာ ခေါင်းဆောင်မှု အပိုင်းနဲ့ အဲဒီတုန်းက ခေါင်းဆောင်မှု အတုယူစရာလေးတွေကို တင်ပြပါရစေ။
ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်းတို့ အားလုံးဟာ လက်ဝဲသမားတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ အာဏာရယူမှုနဲ့ ဖော်ဆောင်မှုမှာ ကွာခြားကြပါတယ်။ သခင် သန်းထွန်းနဲ့ ကွန်မြူနစ်တွေက အာဏာရှင်စနစ် - ကွန်မြူနစ် ဝေါဟာရ အရ ပစ္စည်းမဲ့ အာဏာရှင် စနစ် (Dictatorship of the Proletariat) နဲ့ တိုင်းပြည်ကို အာဏာရှင် စနစ်နဲ့ မောင်းပြီး လက်ဝဲ (ကွန်မြူနစ်စနစ်) ကို ထူထောင်ပြီး Planned Socialist Economy ဆိုရှယ်လစ် စီးပွားရေး စနစ်နဲ့ တိုင်းပြည်ကို ထူထောင်ပါမယ်။ ဆိုရှယ်လစ် ဆိုသူတွေက ပြည်သူ ရွေးချယ်ရတဲ့ ဒီမို ကရေစီ၊ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရ Representative Government နည်းနဲ့ အာဏာကို ရယူပြီး Mixed Economy လို့ ခေါ်တဲ့ အရေးကြီးတဲ့ စီးပွားရေး အချက်အခြာတွေ (ဘဏ်၊ ဆက်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး) တို့ကို အစိုးရက ကိုင်ဆောင်ထားပြီး လူသုံးကုန် ပစ္စည်း Consumer Goods ထုတ်လုပ်ရေးကို ပုဂ္ဂလိက လက်ထဲ လွှဲထားတဲ့ စနစ်နဲ့ တိုင်းပြည်ကို တည်ထောင်လိုကြပါတယ်။
ဆိုရှယ်လစ်တွေကို အတိအကျ အဓိပ္ပာယ်ဖွင့်ရင် ဒီမိုကရေစီကို ယုံတဲ့ ဆိုရှယ်ဒီမိုကရက် (Social Democrat) - ဥရောပကနေ ဂျာမဏီ၊ အင်္ဂလန်တို့ ပုံစံ ဖြစ်ပါတယ်။ ကွန်မြူနစ်တွေက ဗိုလ်ချုပ်အောင်ဆန်း ကွန်မြူနစ်ဆဲလ် ဖွဲ့စဉ်က ပါခဲ့တာကို အကြောင်းပြုပြီး ဗိုလ်ချုပ်ကို ကွန်မြူနစ်အလား တံဆိပ်တပ်၊ အသားယူ၊ ၀ါဒ အကြီးအကျယ် ဖြန့်ခဲ့ကြ၊ ဖြန့်ဆဲ ဖြစ်ပါတယ်။ အမှန်စင်စစ် လွတ်လွတ်လပ်လပ် တွေးကြည့်ရင် ဗိုလ်ချုပ် ဆောင်ဆန်းဟာ ကွန်မြူနစ် မဖြစ်နိုင်ပါ။ ဗိုလ်ချုပ် အောင်ဆန်းသာ ‘ကွန်မြူနစ်ဟေ့’ လို့ တခွန်းပြောခဲ့ရင် ဗမာပြည်ကြီး တရုတ်ပြည်ထက်ပင် စောပြီး ရဲရဲနီခဲ့ပါလိမ့်မယ်။
သခင်သန်းထွန်းနဲ့ ဦးကျော်ငြိမ်းတို့ ၀ါဒစွဲကြီးမားလို့ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အားပြိုင်နေကြချိန်မှာ ဗိုလ်ချုပ် အောင်ဆန်း ဟာ ၀ါဒရေးကို ဦးစားမပေးဘဲ အမျိုးသားရေး Nationalism တခုထဲနဲ့ လွတ်လပ်ရေး ရရှိရေးကိုသာ အဓိကထား တိုက်ပွဲ ၀င်ခဲ့တဲ့အတွက် အားလုံးကို စုစည်းနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေး ရခဲ့ပါတယ်။ ဦးနုလည်း ထိုနည်းလည်းကောင်း၊ ၀ါဒရေး မှိုင်းမမိခဲ့တဲ့ အတွက် ဗိုလ်ချုပ်တို့ ကျဆုံးအပြီး ဖဆပလ ခေါင်းဆောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ပါတီ နိုင်ငံရေး အရ ဆိုရှယ်လစ် ပါတီကို ၀င်ရောက်ခြင်း မရှိကြပေမယ့် သူတို့ ဖော်ဆောင်ခဲ့ရာ လမ်းဟာ ဆိုရှယ်လစ် စနစ်ကို အားပေးတဲ့ ဒီမိုကရေစီ စနစ်ကိုပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းကိုသာ လျှောက်ခဲ့ကြတဲ့ အတွက် ဆိုင်းဘုတ် မတပ်တဲ့ ဆိုရှယ်ဒီမိုကရက်တွေ ဖြစ်ခဲ့ရတာ ထင်ရှားလှပါတယ်။
ကျနော့်အမြင်အရ ဗိုလ်ချုပ်အောင်ဆန်းဟာ တရုတ်ပြည်က မော်စီတုံးလို နိုင်ငံရေးမှာ မရှိမဖြစ်တဲ့ - လူ နဲ့ အာဏာ - အကြောင်းကို ကောင်းကောင်း သိနိုင်စွမ်းတဲ့ နိုင်ငံရေး သူရဲကောင်း ဖြစ်ပါတယ်။ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ နိုင်ငံရေး အုပ်စုတွေကို စုစည်းနိုင်ရုံ သာမက လူတော်လူကောင်းတွေကို သူ့နေရာနဲ့သူ အသုံးချတတ်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်ပါတယ်။ စိတ်ရှည်ရမယ့် နေရာမှာ စိတ်ရှည်ပြီး ပြတ်သားရမယ့် နေရာမှာ ပြတ်သားလှပါတယ်။
ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တို့ အားပြိုင်နေကြသည်ကို ဘက်လိုက်မှု မရှိဘဲ အပေါ်မှ ဦးဆောင်မှုပေးကာ ကွန်မြူနစ်တွေ ရန်လိုလွန်း အားကြီးတာကြောင့် ဗိုလ်ချုပ်ကို တိုက်ခိုက် လာတဲ့အခါ ထိပ်ထုကာ ဖဆပလ ကနေ ထုတ်ပစ်ဖို့ ရဲရဲ ဆုံးဖြတ်ရဲပါတယ်။
သူ့ကိုယ်သူ လျင်လှပြီထင်တဲ့ သခင်သန်းထွန်းဟာ ဗိုလ်ချုပ် အောင်ဆန်းကို မယှဉ်နိုင်ခဲ့ပါဘူး။ ခြေဖျားတောင် မမှီခဲ့ပါ။ အာဏာ အဆိပ်ငွေ့ တက်နေတဲ့ သခင်သန်းထွန်းဟာ ဗိုလ်ချုပ် တားတဲ့ကြားက အားစမ်းတဲ့ အနေနဲ့ သခင်သိန်းဖေ (မြင့်) ကို ဖဆပလ အထွေထွေ အတွင်းရေးမှူးချုပ် နေရာတွင် ဗိုလ်ချုပ်က အဆိုပြုထားတဲ့ ဦးကျော်ငြိမ်းနဲ့ ယှဉ်ရွေးစေပါတယ်။ (ဦးသန့်ရဲ့ ပြည်တော်သာခရီး) နိုင်ငံရေး အကွက်အရ ပြောရရင် ဗိုလ်ချုပ်ဟာ သူ့ကို ရင်ဘောင်တန်းလာတဲ့ သခင်သန်းထွန်း ကို သူ့ပြိုင်ဘက် ဦးကျော်ငြိမ်းနဲ့ လှမ်းထောက်ထားတာဟာ အလွန်လှတဲ့ နိုင်ငံရေးအကွက် ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းကို ယုံလို့လည်း အခုလို အားကိုးခြင်း ဖြစ်ပါတယ်။
ဦးနုကလည်း ဗိုလ်ချုပ်လိုပဲ ၀ါဒရေးကို ဦးစားမပေးဘဲ ဦးဆောင်မှု ပေးနိုင်တဲ့ အတွက် အများရဲ့ ယုံကြည် လေးစားမှုကို ခံရကာ ဖဆပလ ဥက� ဌအဖြစ် တင်မြှောက်ခြင်း ခံရတာပါ။ ဗိုလ်ချုပ်တို့ ကျဆုံးပြီးပြီးချင်း ကွက်လပ်ဖြည့်ဖို့ ဦနု ရှိနေခဲ့လို့ တိုင်းပြည် တည်ငြိမ်ခဲ့တာကို မေ့လို့ မရပါ။ နိုင်ငံအနေနဲ့ ကျေးဇူးတင်ရပါမယ်။
ဒီကနေ့ခေတ် ပါတီနိုင်ငံရေး (သို့မဟုတ်) အုပ်စုနိုင်ငံရေးကို နားလည်သူမှာ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေ ဖြစ်ပါတယ်။ နအဖ အတွင်း ကက (ကြည်း) နဲ့ ကက (လှမ်း) တို့ အားပြိုင်မှုအတွင်း ငြိမ်ငြိမ်လေး အပေါ်က ကြည့်နေကာ လိုအပ်မှ အရေးယူပြီး အပိုင်ကိုင်ခဲ့ပါတယ်။ နိုင်ငံရေးမှာ ချစ်သူ ခင်သူကို ခွင့်လွှတ်ပြီး၊ မုန်းသူ ပြိုင်ဘက်ကို အငြိုးနဲ့ ကြည့်လို့ မဖြစ်၊ အရှိကို အရှိအတိုင်း ကြည့်နိုင်စွမ်းအားရှိမှ အမှန်ရောက်အောင်၊ နိုင်ငံရေး အောင်မြင်မှု ရအောင် ကြံဆောင်နိုင်ပါမယ်။ ဒီကနေ့ နိုင်ငံရေး လောကမှာ (ပြည်ပတွင်) စစ်ဗိုလ်ဆို မျက်စိမှိတ် ကလော်ဆဲမှ နာမည်ရမယ်။ အရှိကို အရှိအတိုင်း မကြည့်လိုကြပါ။ ဒါကြောင့်လည်း ၀ိုင်းကြီးပတ်ပတ်လည် နိုင်ငံရေးမှ မတက်သည်က များပါတယ်။
လွတ်လပ်ရေးရပြီးစ ဖဆပလ မှာ ဦးနုနဲ့ ဆိုရှယ်လစ်တွေ ကိစ္စ ပြန်လှည့်ကြရအောင်။
ပြည်သူ့ရဲဘော် (၀ါ) ရဲဘော်ဖြူတွေ တောခိုအပြီး ဖဆပလ ခေါင်းဆောင်ပိုင်းမှာ ဆိုရှယ်လစ်တွေက အားသာနေပါတယ်။ ဆိုရှယ်လစ်တွေက ဖဆပလ အတွင်း ကြီးစိုးမှုရှိပေမယ့် ဆိုရှယ်လစ် ခေါင်းဆောင်ပိုင်းမှာ အရေးပါဆုံး ၃ ဦးဖြစ်တဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင်တို့ဟာ ၀န်ကြီးချုပ် သခင်နုကို အကိုကြီးသဖွယ် လေးစားကြပြီး ကိုယ့်ခေါင်းဆောင်အဖြစ်၊ ဖဆပလ ဥက� ဌအဖြစ် အသိအမှတ် ပြုခဲ့ကြပါတယ်။ ဦးနုကို ပြိုင်ဆိုင်လိုစိတ် မရှိကြပါ။ ဦးနုကလည်း ဒီအတိုင်းပဲ သူ့ တာတေ စနေသားတွင် ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ဦးကျော်ငြိမ်းနဲ့ မည်မျှ သံယောဇဉ် ရှိကြကြောင်း ရေးပြသွားပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဆိုရှယ်လစ် ခေါင်းဆောင်တွေ တချက်ဟာသွားတာကို ထောက်ပြချင်ပါတယ်။ ဖဆပလ အတွင်းကနေ မိမိတို့ပါတီက ခေါင်းဆောင်မှု နေရာကို ရယူထားပြီးပြီ။ မိမိတို့ ဥက� ဌကိုလည်း ပြိုင်ဆိုင်လိုစိတ် မရှိ။ မိမိတို့ အားသန်ရာ တည်ဆောက်မှုတွေ (ဦးကျော်ငြိမ်း - စက်မှု၊ သခင်တင် - လယ်သမား၊ ဦးဗဆွေ - အလုပ်သမား) ကိုလည်း ဦးစီးနိုင်ကြပြီ။ ၀န်ကြီးချုပ်ကို ချော့ပေါင်းနိုင်ရမယ်။ ၀န်ကြီးချုပ်ရဲ့ ခံစားချက်ကို ရိပ်မိနိုင်ရမယ်။ ၀န်ကြီးချုပ် ဦးနုဟာ လူထုကို ဆွဲဆောင်နိုင်တဲ့ နိုင်ငံရေးသမား၊ အတွေးသမား၊ အသေးစိတ်ကို စိတ်ဝင်စားသူမဟုတ်။ ဒီ့အတွက် ဦးနုကို ရှေ့တန်းတင်ပြီး ကိုယ့်ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရမယ်။ ဦးနုဘက်က ကြည့်ရင်လည်း ဦးဆောင်မှုပေးမယ်၊ ဆိုရှယ်လစ်တွေ လုပ်ကြလို့ မျက်နှာလွှဲထားနိုင်ပါတယ်။ သူနိုင်၊ ကိုယ်နိုင် (Win/Win situation) အခြေအနေကောင်း၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အခြေအနေ ဖြစ်ပါတယ်။
ဒီခေါင်းဆောင် ၄ ဦး တက်ညီလက်ညီ ရှိစဉ်က အောင်မြင်ခဲ့ကြပါတယ်။ တိုင်းပြည် တိုးတက်ခဲ့ပါတယ်။ ဦးကျော်ငြိမ်းက စီးပွားရေးနဲ့ စက်မှုကို ထူထောင်နိုင်ပါတယ်။ သခင်တင်က လယ်ယာ စိုက်ပျိုးရေးကို အရေးစိုက် နိုင်ပါတယ်။ ဦးဗဆွေကြီးက ကာကွယ်ရေး ၀န်ကြီးနဲ့ (TCUB) အလုပ်သမား အဖွဲ့ကို တာဝန်ယူပါတယ်။ ၀န်ကြီးချုပ် ဦးနုက နိုင်ငံခြားရေးမှာ ထူးခြားစွာ ဆောင်ရွက်နိုင်ပါတယ်။ တရုတ်နဲ့ အိန္ဒိယအကြား စေ့စပ်ပေးသူမှာ ဗမာဝန်ကြီးချုပ် ဦးနု ဖြစ်ပါတယ်။ ကြားနေ တတိယ အင်အားစု ထူထောင်ရာမှာ ဗမာ ပါဝင်ခဲ့တယ် မဟုတ်ပါလား။
ဆိုရှယ်လစ်တွေ သတိလစ်ခဲ့တာ ဘာလဲ။
ဝန်ကြီးချုပ် ဦးနုရဲ့ ခံစားမှုကို သတိမပြုမိခဲ့ကြ၊ အလေးမပေးခဲ့ကြပါ။
ဥပမာ နာမည်ကြီးခဲ့တဲ့ ၁၉၅၆ ခုနှစ်က စာ နှစ်စောင်ထဲက ဦးနုရဲ့ ပြန်စာမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ (ဦးနု) လွတ်လပ်ရေး တိုက်ပွဲမှာ အတူပါဝင်ခဲ့တယ်။ ဒါကို ပြည်သူ အများစုကို ဦးနုက သိစေချင်တယ်။ ဦးနုဟာ ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်လို့ အကြမ်းဖက်မှုကို မလိုလား၊ ဒါကြောင့်လည်း ယူဂျီ ဖွဲ့ရာမှာ မပါဝင်ခဲ့ပါ။ ဒါပေမဲ့ ဦးကျော်ငြိမ်းကို ကူခဲ့လို့ စိတ်အားဖြင့်တော့ ပါခဲ့ပါတယ်။ ဖဆပလ ဖွဲ့ရာမှာလည်း ထိုနည်းတူ မပါဝင်ခဲ့ပါ။ ဒါပေမဲ့ ဖဆပလ အတွက် အရေးကြီးတဲ့ အစည်းအဝေးတွေကို နိုင်ငံခြားရေး ၀န်ကြီး ဦးနု အိမ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒါကို ၀န်ကြီးချုပ်က အသိအမှတ် ပြုစေချင်ပါတယ်။ ၀န်ကြီးချုပ်လာရင် အရိုအသေပြု မတ်တပ်ရပ်စေချင်တယ်။ ဦးကျော်ငြိမ်း ဦးဆောင်တဲ့ ခေါင်းဆောင်တွေက ၀န်ကြီးချုပ်လို့ မမြင်ကြ။ ကျောင်းသားဘ၀ ကတည်းက ပေါင်းခဲ့ကြတဲ့ ငယ်ပေါင်းကြီးဖော် အဖြစ် မြင်ပါတယ်။
ပြည်တွင်း သတင်းစာ သမားတွေလည်း ၀ိုင်းဝန်း ဘေးတီးပေးကြပါတယ်။ ဦးနုကို ဘ၀ရှင် မင်းတရားကြီးလို့ ပြောင်လှောင် ခေါ်ကြပါတယ်။ နိုင်ငံခြား သတင်းစာတွေကလည်း ကလော်ကြပြန်တယ်။ ၀န်ကြီးချုပ် ဦးနုဟာ ပြယုဂ်ဖြစ်တယ်၊ တကယ့်အာဏာမှာ ဆိုရှယ်လစ် ခေါင်းဆောင် ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေ လို့ ၀ိုင်းဝန်း ရေးကြတယ်။ ပိုဆိုးသွားတာက အဲဒီအချိန်မှာ အင်္ဂလိပ် ၀န်ကြီးချုပ် အန်သိုနီအီဒင် (Anthony Eden) က ရန်ကုန်မှာ ခေတ္တနားပြီး ဦးနုနဲ့ တွေ့ဖို့ သံကြိုး ပို့လိုက်တယ်။ ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေကိုပါ ခေါ်ခဲ့ပါလို့ ပါလာတယ်။ ‘ငါဟာ ၀န်ကြီးချုပ် ဖဆပလ ဥက္ကဌဖြစ်ပြီး ကျော်ငြိမ်းနဲ့ ဗဆွေကို ဘာကြောင့် ခေါ်ရမှာလဲ’ လို့ ၀န်ကြီးချုပ်က မေးခွန်း ထုတ်ခဲ့တယ်။ တနည်းအားဖြင့် ခံစားခဲ့ရပါတယ်။ (U Nu of Burma - စာမျက်နှာ ၈၄)

အတွေးအခေါ်တော်လှန်ရေး (၄) နိဂုံး A Revolution of The Mind by Jonathan Israel
ဒေါက်တာအောင်ခင် / ၂၅ ဇူလိုင် ၂၀၁၀

အာရေဗျသဲကန္တာရနေ တိုင်းရင်းသားတွေကိုယ်တိုင် လက်နက်ကိုင်တော်လှန်မှ ဖိနှိပ်မှုအောက်က လွတ်မြောက်နိုင်မယ်လို့ ဗိုနေက ယုံကြည်တယ်။ ဒါပေမယ့် ဘာသာရေးအာဏာပိုင်၊ နိုင်ငံရေးအာဏာပိုင်၊ အသိဉာဏ်ကင်းမဲ့မှု၊ အယူသီးမှု၊ စတာတွေကြောင့် ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်လာရတယ်ဆိုတာကို အရင်ဆုံးသိဖို့ လိုတယ်လို့ဆိုတယ်။ အာဏာပိုင်အဖွဲ့အစည်းထဲက ပုဂ္ဂိုလ်တွေ ကိုယ့်ဘက်ပါအောင် စည်းရုံးသိမ်းသွင်းတာမျိုးကို အတွေးအခေါ်တော်လှန်ရေး သမားတွေက လက်မခံကြဘူး။ ခေတ်ဟောင်းကို တိုက်ဖျက်တဲ့ အတွေးအခေါ်သစ်ကို လျှို့ဝှက်စာစောင်တွေထုတ်ပြီး ဖြန့်ဝေရမယ်လို့ဆိုတယ်။ ပြည်သူတရပ်လုံး အသိဉာဏ်ပွင့်လင်းလာတဲ့အထိ တော်လှန်ရေးစာပေကို လျှို့ဝှက်ထုတ်ဝေရမယ်လို့ ဆိုတယ်။ ပြည်သူလူထုရဲ့ အတွေးအခေါ် အယူအဆဟောင်းတွေကို ဖယ်ရှားနိုင်မှသာ အသိဉာဏ်ပွင့်လင်းပြီး လွတ်မြောက်အောင် ကြိုးပမ်းနိုင်လိမ့်မယ်လို့ ဗိုနေက ယုံကြည်တယ်။
၁၆၆၀ နဲ့ ၁၇၉၀ အကြားပေါ်ပေါက်ကြီးထွားလာတဲ့ အသိဉာဏ်ပညာပွင့်လင်းရေးလှုပ်ရှားမှုဟာ ပြင်သစ်တော်လှန်ရေးကို လွှမ်းသွားတာသိသာတယ်။ ဒီလှုပ်ရှားမှုကြောင့် လွတ်လပ်ရေး၊ ညီမျှရေးနဲ့ ချစ်ကြည်ရေးသဘောတရားနဲ့ ရှေးဟောင်းအဖွဲ့အစည်းကို အစားထိုးဖို့ ကြိုးပမ်းကြတာပါပဲ။ ဒါပေမယ့် ပြင်သစ်တော်လှန်ရေးမှာ သဘောတရားဟာ အရေးကြီးတဲ့အခန်းက ပါဝင်တယ်ဆိုတာကို သမိုင်းဆရာအများစုက လက်မခံနိုင်ကြဘူးလို့ ဂျော်နသန်အစ္စရေးကဆိုတယ်။ အသိဉာဏ်ပွင့်လင်းရေးဆိုတဲ့ တော်လှန်ရေးလှုပ်ရှားမှုကို အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ လေ့လာကြတဲ့အခါ သမိုင်းအရေးအသား လေ့လာရေးပညာ historiography မှာ ပြဿနာအတော်ကြီးသွားတယ်လို့ဆိုတယ်။
တော်လှန်ရေးရဲ့ နောက်ခံသဘောတရားမပါတဲ့ ပြင်သစ်တော်လှန်ရေးနဲ့ပတ်သက်တဲ့ အရေးအသားတွေမှာ ဟာကွက်ကြီးကို တွေ့နေရတယ်။ ပြင်သစ်တော်လှန်ရေးကို ဖြစ်ပွားစေတဲ့ သဘောတရားတွေကို လေ့လာတာမျိုး မရှိသလောက် ဖြစ်ခဲ့ရတယ်လို့ ဆိုတယ်။ ပြင်သစ်တော်လှန်ရေးအကြောင်းရေးတဲ့ စာအုပ် စာတမ်းတွေ တောင်ပုံရာပုံရှိပေမယ့် အသိဉာဏ်ပွင့်လင်းရေး လှုပ်ရှားမှုနဲ့ ဆက်စပ်လေ့လာတာမျိုးရှားတယ်။ ဖရန်စွာဖြူးရေ Furet ရေးတဲ့ “တော်လှန်သောပြင်သစ် ၁၇၇၀-၁၈၈၀” ဆိုတဲ့ စာမျက်နှာ (၆၀၀) ကျော် စာအုပ် ၁၉၈၈ က ထွက်လာတယ်။ ဒီစာအုပ်ထဲမှာ ဒီဒါရိုး၊ ဒေါလ်ဘတ်ရှ၊ ဘရိစို၊ ကိုဒိုစေး၊ မီးအားဘူ၊ ဗိုနေ၊ တွမ်ပိန်း စတဲ့နာမည်တွေကို မတွေ့ရဘူးလို့ ဂျောနသန်အစ္စရေးကဆိုတယ်။ ဒါကြောင့် နှစ် (၁၀၀) အတွင်းမှာ ဘာတွေ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာကို စာဖတ်သူအနေနဲ့ မသိနိုင်ဘူးတဲ့။
အခွင့်ထူးခံရာထူးအဆင့်အတန်းကိုဖြိုဖျက်ပြီး ဆင်ခြင်တုံတရားနဲ့အညီ လူ့ဘောင်သစ်ကို တည်ထောင်ဖို့ဆိုတဲ့ သဘောတရား ပြင်သစ်၊ ဂျာမဏီ၊ ဟော်လန်၊ ဗြိတိန်၊ အမေရိကန်နဲ့ အခြားဒေသတွေမှာ ပျံ့နှံ့ခဲ့ပြီးတော့မှ ၁၇၈၉ မှာ ပြင်သစ်တော်လှန်ရေး ဖြစ်ပွားတာပါ။ အတွေးအခေါ်တော်လှန်ရေးဖြစ်ပွားပြီးတော့မှ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်ပွားတာဟာ မငြင်းနိုင်တဲ့ကိစ္စ ဖြစ်တယ်။ ခေတ်ဟောင်းစနစ်ဟောင်းကို ဖြိုဖျက်နိုင်ခဲ့ပေမယ့် ဒီမိုကရေစီနိုင်ငံတော်ကို မတည်ထောင်နိုင်တဲ့အတွက် အကြမ်းဖက်တဲ့ခေတ်ဆိုး (၁၇၉၃-၉၄) ကြီး ပေါ်ထွက်လာပြီး ဂိုဏ်းဂဏတိုက်ပွဲမှာ ရောဗစ်ပြဲ (Robespierre) ကြီးစိုးတဲ့ဂိုဏ်းက လူပေါင်းလေးသောင်းလောက်ကို သတ်ဖြတ်လိုက်တယ်။ အတွေးအခေါ် တော်လှန်ရေးသမားတွေ ပုန်းအောင်းနေရတဲ့ကာလဖြစ်တယ်။ မသေဘဲ ကျန်ရစ်သူတွေကတော့ ရောဗစ်ပြဲကို သွေးဆာနေတဲ့ အာဏာရှင်အဖြစ် ရှုတ်ချကြတယ်။
ရောဗစ်ပြဲအသတ်ခံရတော့မှပဲ အတွေးအခေါ်တော်လှန်ရေးသမားတွေ ခေါင်းထောင်လာနိုင်တယ်။ အတွေးအခေါ်တော်လှန်ရေးသမားတွေထဲမှာ (၁၇) ရာစုပညာရှင် ဘာရော့ခ်စပင်နိုဇာ (Baruch Spinoza) ကို သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ဂျော်နသန်အစ္စရေးက မှတ်တမ်းတင်ထားတယ်။ စပင်နိုဇာရဲ့ အယူအဆတွေဟာ (၁၈) ရာစုနဲ့ (၁၉) ရာစုအထိ သြဇာလွှမ်းမိုးနိုင်တာတွေ့ရတယ်။ ဒီကနေ့လက်ခံထားကြတဲ့ လစ်ဘရယ်ဒီမိုကရေစီသဘောတရားတွေကို အတွေးအခေါ်တော်လှန်ရေးသမားတွေက အုတ်မြစ်ချခဲ့တာဖြစ်ကြောင်း ဂျော်နသန်အစ္စရေးက မှတ်တမ်းတင်ထားပါတယ်။
ကျနော်တို့ကျောင်းသားဘ၀မှာ တွမ်ပိန်းကိုသာ ကြားဖူးတယ်။ ပြင်သစ်က အတွေးအခေါ်တော်လှန်ရေးသမားတွေအကြောင်း မကြားဖူးပါ။ ကျနော်တို့ကို စာသင်ကြားပို့ချတဲ့ ဆရာဆရာမတွေလည်း ကြားဖူးဟန်မတူပါ။ ဒါကြောင့် ဂျော်နသန်အစ္စရေးရဲ့ အတွေးအခေါ်တော်လှန်ရေးကို လက်ကမချနိုင်အောင် ဖတ်မိတယ်။ ဒီမိုကရေစီရေးအတွက် အလွန်အဖိုးတန်တဲ့စာအုပ်ဖြစ်လို့ မြန်မာလိုအကျဉ်းချုပ် ပြန်ရေးမိတယ်။ အမေရိကန်တော်လှန်ရေးဟာ နယ်သစ်မှာ ဆင်နွှဲရတာမို့ အဟန့်အတား အနှောင့်အယှက် မရှိသလောက်ပါပဲ။ ပြင်သစ်တော်လှန်ရေးကတော့ ရှေးဟောင်းအစဉ်အလာ အယူသီးမှုတွေနဲ့ ထိပ်တိုက်တွေ့ရတာမို့ ရည်ရွယ်ချက်ကို ချက်ချင်းအကောင်အထည် မပေါ်နိုင်ဘဲဖြစ်သွားရတယ်။ ပြင်သစ်တော်လှန်ရေး ဖြစ်ပွားပြီး အနှစ် (၈၀) ကျော်ကြာတော့မှ ခေတ်သစ်ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ တတိယသမ္မတနိုင်ငံကို တည်ဆောက်နိုင်တယ်။
ဒီမိုကရေစီခရီးရှည် ချီတက်နေစဉ်မှာ စစ်အာဏာရှင်စနစ်နဲ့ဘုရင်စနစ် ပြန်လည်ခေါင်းထောင်တဲ့ အချိန်အခါတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ လူတစုကြီးစိုးတဲ့ ဘုရင်စနစ်ပျောက်ကွယ်သွားပြီး အတွေးအခေါ်တော်လှန်ရေးသမားတွေရဲ့ အယူအဆအောင်ပွဲခံသွားတယ်။ ဒီအကြောင်းကို ပြင်သစ်ပြည်မှာ နေထိုင်ပြီး ပြင်သစ်ဘာသာစကားကျွမ်းကျင်တဲ့ မြန်မာလူငယ်တွေက လေ့လာပြီး တဆင့်ဖြန့်ဝေမယ်ဆိုရင် အလွန်အကျိုးရှိမယ်လို့ ယုံကြည်တယ်။ မိမိတိုင်းပြည် တိုးတက်ဖွံ့ဖြိုးလာတာကို မြင်ချင်တဲ့ ပြည်ချစ်ပုဂ္ဂိုလ်ဟာ သူများနိုင်ငံတွေရဲ့သမိုင်းကို နားလည်သဘောပေါက်ဖို့လိုတယ်။
သမိုင်းကပေးထားတဲ့ သင်ခန်းစာကိုနားလည်ရင် သူများကြုံတွေ့ခဲ့ရတဲ့အမှားကို ရှောင်နိုင်တာမို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာမှာ မကြန့်ကြာဘဲ မနှေးအမြန် လုပ်နိုင်ပါလိမ့်မယ်။ သမိုင်းဖြစ်ရပ်တခုက သင်ခန်းစာထုတ်ယူပြီး အခြားတခုမှာ အသုံးပြုတာဟာ အခုခေတ်မှာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။ ဒီလိုဂရုတစိုက် သင်ခန်းစာယူထားတာတောင် သတိလစ်သွားလို့ မျှော့်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့ သာဓကတွေ အများကြီးရှိတယ်။ ဥပမာ ၁၉၁၇ ခုနှစ် ရုရှားပြည်မှာ ကွန်မြူနစ်တော်လှန်ရေး ဖြစ်ပွားတော့ ပြင်သစ်တော်လှန်ရေးကပေးတဲ့ သင်ခန်းစာကို ကောင်းစွာသတိရနေခဲ့ကြတယ်တဲ့။ ပြင်သစ်တော်လှန်ရေးက အာဏာရှင်နပိုလီယံကို မွေးထုတ်လိုက်သလို ရုရှားတော်လှန်ရေးက အာဏာရှင်မွေးထုတ်လိုက်မှာကို အထူးစိုးရိမ်ခဲ့ကြပါတယ်။ ဒီလိုသမိုင်းကပေးတဲ့ သင်ခန်းစာကို သတိထားနေတာတောင် ရုရှားမှာ အာဏာရှင်စတာလင် ပေါ်ထွက်လာခဲ့တယ်။
သေဆုံးသွားတဲ့ မျိုးဆက်တွေထားရစ်ခဲ့တဲ့ ရိုးရာအစဉ်အလာတွေဟာ အသက်ရှင်နေသူတွေရဲ့ စိတ်သဘာဝကို အိပ်မက်ဆိုးကြီးလို ဖိစီးနေတယ်လို့ Karl Marx က The 18th Brumaire of Louis Bonaparte (ဘရူးမဲရား လူးဝီဘိုးနာပတ်) ဆိုတဲ့ စာတမ်းမှာ ရေးထားတယ်။ အာဏာရှင်ဆန့်ကျင်တဲ့ ပြင်သစ်တော်လှန်ရေးထဲက အာဏာရှင်စနစ်ပေါ်လာပုံကို လေ့လာတာပါပဲ။ ပြင်သစ်တော်လှန်ရေးပြက္ခဒိန်မှာ ၁၇၉၉ နိုဝင်ဘာ (၉) ရက်နေ့ကို ဘရူးမဲရား (၁၈) ရက်နေ့လို့ခေါ်တယ်။ အဲဒီနေ့မှာ နပိုလီယံက စစ်အာဏာသိမ်းတဲ့အတွက် ပြည်သူ့တော်လှန်ရေးဟာ အာဏာရှင်ဘုရင်စနစ်အဖြစ် အသွင်ပြောင်းသွားရတယ်။
သမိုင်းကပေးတဲ့ သင်ခန်းစာကို နားလည်သဘောပေါက်ပြီး အနာဂတ်ကို ခန့်မှန်းနိုင်မယ်ဆိုရင် သမိုင်းသံသရာလည်စရာ အကြောင်းမရှိပါဘူး။ သမိုင်းကပေးတဲ့ သင်ခန်းစာကို နားမလည်သူဟာ မှားပြီးခဲ့တာကိုပဲ ထပ်ခါတလဲလဲလုပ်နေလို့ သမိုင်းသံသရာက မထွက်နိုင်တာပါပဲ။ ဥပမာ စစ်ဝါဒီကြီးစိုးတဲ့ တိုင်းပြည်ဟာ ပျက်စီးတတ်ကြောင်း သမိုင်းကပေးတဲ့ သင်ခန်းစာရှိနေတာကို နားမလည်တဲ့အတွက် မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်သံသရာက မထွက်နိုင်ဘဲဖြစ်နေတာပါ။ ဒါဟာ အမှန်တရားကို မမြင်နိုင်တာနဲ့ အတူတူပါပဲ။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ ကာလသုံးပါးဟာ ဆက်နေတယ်။ အတိတ်နဲ့ အနာဂတ်ကို ပစ္စုပ္ပန်က ဆက်ထားတယ်လို့လည်း သမိုင်းဆရာတွေက ပြောလေ့ရှိတယ်။ အတိတ်က ပစ္စုပ္ပန်ကို ဖန်တီးပြီး ပစ္စုပ္ပန်က အနာဂတ်ကို ဖန်တီးတဲ့ဖြစ်စဉ်ပါပဲ။ အသိဉာဏ်ပွင့်လင်းနိုင်ကြပါစေ။