နိုင်ငံရေးနဲ့ အာဏာ
နိုင်ငံရေးဆိုသည်မှာ တိုင်းပြည် ကောင်းစားရေး (အများအားဖြင့်) ကို ဦးတည်ပြီး မိမိ ယုံကြည်ရာ ၀ါဒ၊ စနစ်ကို နောက်ခံပြီး တိုင်းပြည် တည်ဆောက်ရေးကို ဖော်ဆောင် ရပါတယ်။ ဒီကနေ့ခေတ် - လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး စနစ် (Free Market Economy) လို့ ခေါ်တဲ့ အရင်းရှင် စီးပွားရေး စနစ်ကိုပဲ ရွေးမလား၊ ကွန်မြူနစ်တို့ရဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကိုပဲ ကျင့်သုံးမလား၊ ဒါမှမဟုတ် ဆိုရှယ် ဒီမိုကရက်တို့ရဲ့ ဒွေးရော စီးပွားရေး စနစ် (Mixed Economy) ပဲ ရွေးမလား ဆိုတာတွေဟာ နိုင်ငံရေး အာဏာ မရှိဘဲနဲ့ မရွေးနိုင်ပါ။ နိုင်ငံရေးမှာ အာဏာမရှိဘဲ ဘာမှ လုပ်လို့ မရပါ။
နိုင်ငံရေးနဲ့ အာဏာဟာ လျှာနဲ့ သွားလို ရောယှက်နေပါတယ်။ နိုင်ငံရေး အာဏာကို တိုက်ယူရမှာလား၊ အကြမ်းမဖက်တဲ့ နည်းနဲ့ အနိုင်ယူနိုင်မလား၊ ရွေးချယ်ခြင်း (ဒီမိုကရေစီရှိမှ) ရယူမှာလား ဆိုတာ တပိုင်းသတ်သတ် စဉ်းစားရမှာပါ။
လူသားတိုင်းမှာ အတ္တဟာ တွဲပါစမြဲဖြစ်လို့ အတ္တကို အသုံးချတတ်ရင် အင်္ဂလိပ်လို Drive လို့ ခေါ်တဲ့ (လုပ်ချင်စိတ်) ပေါ်လို့၊ ဒီလုပ်ချင်စိတ်ကြောင့် အောင်မြင်မှု ရနိုင်သလို (အတ္တ) ကို မထိန်းနိုင်လို့ ဒုက္ခရောက်ခဲ့သူတွေ မရေတွက် နိုင်တော့ပါ။ နိုင်ငံရေးမှာ (အာဏာ) ဟာ တွဲပါစမြဲ ဖြစ်လို့ အာဏာကို သတိနဲ့ ထိန်းနိုင်ရင် အောင်မြင်မှုရှိပြီး အာဏာကြောင့် ဒုက္ခ ရောက်ခဲ့ရသူတွေလည်း မရေတွက်နိုင်တော့ပါ။
ဒါကြောင့် အာဏာဟာ အတ္တလိုပဲ အင်မတန် ကြောက်စရာ ကောင်းလှပါတယ်။
ကျနော်တို့ နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီ ဘ၀ကနေ လွတ်လပ်ရေး ရတဲ့အခါ အင်္ဂလိပ်တွေ ကျင့်သုံးတဲ့ ပါလီမန် ဒီမိုကရေစီ စနစ်ကို အားသန်ခဲ့ကြပါတယ်။ ရွေးချယ် ခဲ့ကြပါတယ်။ ပါလီမန် ဒီမိုကရေစီ စနစ်ဟာ မဲအများစု ရရှိတဲ့ သူက အုပ်ချုပ်ရေး - Majority Rule ဖြစ်ပါတယ်။ အုပ်ချုပ်ရေး (Administration) နဲ့ ဥပဒေ ပြုရေး Legislation တို့ကို ခွဲခြားထားခြင်း မရှိပါ။ ပါလီမန်မှာ မဲအရေအတွက် အများစုရတဲ့ ပါတီက ဦးဆောင်ပြီး အစိုးရ ဖွဲ့ရပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမတ် (MP) ဖြစ်မှသာ ၀န်ကြီးအဖွဲ့မှာ ပါခွင့်ရှိပါတယ်။ အမေရိကန် ကွန်စတီကျူးရှင်း (ဖွဲ့စည်းပုံ ဥပဒေ) လို သမတ က အုပ်ချုပ်ရေး တာဝန်ယူပြီး ကွန်ကရက် (Congress) က ဥပဒေပြုရေး အာဏာ သပ်သပ်ခွဲထားကာ တဖက်နဲ့ တဖက် Check and Balance အပြန်အလှန် ထိန်းကွပ်ခြင်း မရှိပါ။ ပါလီမန်မှာ အမတ်ဦးရေ များတဲ့ ပါတီက အစိုးရ ဖွဲ့ခွင့်ရပြီး ဒီပါလီမန် အမတ်တွေကပင် ဥပဒေ ပြုကြပြီး၊ ဒီပါလီမန် အမတ်တွေကပင် ၀န်ကြီးအဖွဲ့ ဖွဲ့ကာ တိုင်းပြည်ကို အုပ်ချုပ် ကြပြန်ပါတယ်။ ဒါကြောင့် ဒီစနစ်မှာ ပါတီဟာ အရေးပါပြီး ပါတီရဲ့ ဦးဆောင်မှု နေရာကို ရဖို့ အရေးကြီးလာပါတယ်။ ပါတီ အတွင်းမှာလည်း အုပ်စုကလေးတွေ ရှိလို့ ဒီအုပ်စုတွေဟာ ပါတီအတွင်း အားပြိုင်ကြလို့ Power Politics လို့ ခေါ်တဲ့ (အာဏာ နိုင်ငံရေး) နဲ့ အုပ်စု နိုင်ငံရေး (Fractional Politics) ဟာ အရေး ပါလာပါတယ်။ စစ်ပြီးခေတ် ကတည်းက အုပ်စိုးနေတဲ့ ဂျပန်နိုင်ငံ LDP (Liberal Democrat Party) မှာ အသာရတဲ့ အုပ်စုဟာ တလှည့်စီ ၀န်ကြီးချုပ် လုပ်နေပါတယ်။ အင်္ဂလိပ်တို့ရဲ့ လေဘာပါတီ အတွင်းမှာလည်း လက်ဝဲအစွန်း ကြီးစိုးစဉ်က ရွေးကောက်ပွဲ အပြီး ရှုံးပြီးရင်း ရှုံးနေလို့ တိုနီဘလဲရဲ့ အလယ်အလတ် လမ်းစဉ်သမား Centrists တွေ ဦးဆောင်ကာမှ တဖန် အာဏာ ရလာကြပါတယ်။
ဖဆပလကို စဖွဲ့စဉ်က ကွန်မြူနစ်၊ အရေးတော်ပုံ ပါတီ (နောင်ဆိုရှယ်လစ်) နဲ့ စစ်တပ်ကို အားပြုပြီး ဖွဲ့ခဲ့ကြပေမယ့် ဗိုလ်ချုပ် အောင်ဆန်းကို အံတု အပုပ်ချ တိုက်ခိုက်ကာ ကွန်မြူနစ် ပါတီက အုပ်စီးလိုတဲ့ အာဏာရူးမှုကြောင့် ဗိုလ်ချုပ် အောင်ဆန်းက ကွန်မြူနစ်တွေကို ထုတ်ပစ်ခဲ့သဖြင့် ဖဆပလ မှာ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော် (PVO) ၊ ရခိုင်အမျိုးသား အစည်းအရုံး၊ ကရင် ဗဟိုအဖွဲ့ချုပ်၊ အရှေ့တောင်အာရှ လူငယ်များ အစည်းအရုံး စတဲ့ အဖွဲ့ငယ်နဲ့ ဦးနု လို တသီးပုဂ္ဂလ (Individual) တို့ ပါကြပါတယ်။ (ဦးသန့်ရဲ့ ပြည်တော်သာခရီး အပိုင်း ၁ - စာမျက်နှာ ၆၁ နဲ့ တာတေ စနေသား စာမျက်နှာကို ကြည့်ပါ။)
လွတ်လပ်ရေးရခါစမှာ ဆိုရှယ်လစ်နဲ့ ပြည်သူ့ ရဲဘော်တို့ဟာ ဖဆပလ မှာ အင်အားကြီး အုပ်စု ၂ စု လို့ ဆိုရပါမယ်။ ကွန်မြူနစ်တွေ ၁၉၄၈ မတ်လမှာ တောခိုပြီးနောက် ပြည်သူ့ရဲဘော် တွေလည်း နှစ်ခြမ်းကွဲပြီး ရဲဘော်ဖြူနဲ့ ရဲဘော်ဝါ ဆိုပြီး ကွဲထွက်သွားပါတယ်။ ရဲဘော်ဖြူတွေ တောခိုတဲ့အခါ ဖဆပလကြီးထဲမှာ အားကောင်းတဲ့ အဖွဲ့အစည်းမှာ ဆိုရှယ်လစ်တွေသာ ကျန်ခဲ့ပေတော့တယ်။
ဒီနေရာမှာ ခေါင်းဆောင်မှု အပိုင်းနဲ့ အဲဒီတုန်းက ခေါင်းဆောင်မှု အတုယူစရာလေးတွေကို တင်ပြပါရစေ။
ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်းတို့ အားလုံးဟာ လက်ဝဲသမားတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ အာဏာရယူမှုနဲ့ ဖော်ဆောင်မှုမှာ ကွာခြားကြပါတယ်။ သခင် သန်းထွန်းနဲ့ ကွန်မြူနစ်တွေက အာဏာရှင်စနစ် - ကွန်မြူနစ် ဝေါဟာရ အရ ပစ္စည်းမဲ့ အာဏာရှင် စနစ် (Dictatorship of the Proletariat) နဲ့ တိုင်းပြည်ကို အာဏာရှင် စနစ်နဲ့ မောင်းပြီး လက်ဝဲ (ကွန်မြူနစ်စနစ်) ကို ထူထောင်ပြီး Planned Socialist Economy ဆိုရှယ်လစ် စီးပွားရေး စနစ်နဲ့ တိုင်းပြည်ကို ထူထောင်ပါမယ်။ ဆိုရှယ်လစ် ဆိုသူတွေက ပြည်သူ ရွေးချယ်ရတဲ့ ဒီမို ကရေစီ၊ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရ Representative Government နည်းနဲ့ အာဏာကို ရယူပြီး Mixed Economy လို့ ခေါ်တဲ့ အရေးကြီးတဲ့ စီးပွားရေး အချက်အခြာတွေ (ဘဏ်၊ ဆက်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး) တို့ကို အစိုးရက ကိုင်ဆောင်ထားပြီး လူသုံးကုန် ပစ္စည်း Consumer Goods ထုတ်လုပ်ရေးကို ပုဂ္ဂလိက လက်ထဲ လွှဲထားတဲ့ စနစ်နဲ့ တိုင်းပြည်ကို တည်ထောင်လိုကြပါတယ်။
ဆိုရှယ်လစ်တွေကို အတိအကျ အဓိပ္ပာယ်ဖွင့်ရင် ဒီမိုကရေစီကို ယုံတဲ့ ဆိုရှယ်ဒီမိုကရက် (Social Democrat) - ဥရောပကနေ ဂျာမဏီ၊ အင်္ဂလန်တို့ ပုံစံ ဖြစ်ပါတယ်။ ကွန်မြူနစ်တွေက ဗိုလ်ချုပ်အောင်ဆန်း ကွန်မြူနစ်ဆဲလ် ဖွဲ့စဉ်က ပါခဲ့တာကို အကြောင်းပြုပြီး ဗိုလ်ချုပ်ကို ကွန်မြူနစ်အလား တံဆိပ်တပ်၊ အသားယူ၊ ၀ါဒ အကြီးအကျယ် ဖြန့်ခဲ့ကြ၊ ဖြန့်ဆဲ ဖြစ်ပါတယ်။ အမှန်စင်စစ် လွတ်လွတ်လပ်လပ် တွေးကြည့်ရင် ဗိုလ်ချုပ် ဆောင်ဆန်းဟာ ကွန်မြူနစ် မဖြစ်နိုင်ပါ။ ဗိုလ်ချုပ် အောင်ဆန်းသာ ‘ကွန်မြူနစ်ဟေ့’ လို့ တခွန်းပြောခဲ့ရင် ဗမာပြည်ကြီး တရုတ်ပြည်ထက်ပင် စောပြီး ရဲရဲနီခဲ့ပါလိမ့်မယ်။
သခင်သန်းထွန်းနဲ့ ဦးကျော်ငြိမ်းတို့ ၀ါဒစွဲကြီးမားလို့ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အားပြိုင်နေကြချိန်မှာ ဗိုလ်ချုပ် အောင်ဆန်း ဟာ ၀ါဒရေးကို ဦးစားမပေးဘဲ အမျိုးသားရေး Nationalism တခုထဲနဲ့ လွတ်လပ်ရေး ရရှိရေးကိုသာ အဓိကထား တိုက်ပွဲ ၀င်ခဲ့တဲ့အတွက် အားလုံးကို စုစည်းနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေး ရခဲ့ပါတယ်။ ဦးနုလည်း ထိုနည်းလည်းကောင်း၊ ၀ါဒရေး မှိုင်းမမိခဲ့တဲ့ အတွက် ဗိုလ်ချုပ်တို့ ကျဆုံးအပြီး ဖဆပလ ခေါင်းဆောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ပါတီ နိုင်ငံရေး အရ ဆိုရှယ်လစ် ပါတီကို ၀င်ရောက်ခြင်း မရှိကြပေမယ့် သူတို့ ဖော်ဆောင်ခဲ့ရာ လမ်းဟာ ဆိုရှယ်လစ် စနစ်ကို အားပေးတဲ့ ဒီမိုကရေစီ စနစ်ကိုပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းကိုသာ လျှောက်ခဲ့ကြတဲ့ အတွက် ဆိုင်းဘုတ် မတပ်တဲ့ ဆိုရှယ်ဒီမိုကရက်တွေ ဖြစ်ခဲ့ရတာ ထင်ရှားလှပါတယ်။
ကျနော့်အမြင်အရ ဗိုလ်ချုပ်အောင်ဆန်းဟာ တရုတ်ပြည်က မော်စီတုံးလို နိုင်ငံရေးမှာ မရှိမဖြစ်တဲ့ - လူ နဲ့ အာဏာ - အကြောင်းကို ကောင်းကောင်း သိနိုင်စွမ်းတဲ့ နိုင်ငံရေး သူရဲကောင်း ဖြစ်ပါတယ်။ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ နိုင်ငံရေး အုပ်စုတွေကို စုစည်းနိုင်ရုံ သာမက လူတော်လူကောင်းတွေကို သူ့နေရာနဲ့သူ အသုံးချတတ်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်ပါတယ်။ စိတ်ရှည်ရမယ့် နေရာမှာ စိတ်ရှည်ပြီး ပြတ်သားရမယ့် နေရာမှာ ပြတ်သားလှပါတယ်။
ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တို့ အားပြိုင်နေကြသည်ကို ဘက်လိုက်မှု မရှိဘဲ အပေါ်မှ ဦးဆောင်မှုပေးကာ ကွန်မြူနစ်တွေ ရန်လိုလွန်း အားကြီးတာကြောင့် ဗိုလ်ချုပ်ကို တိုက်ခိုက် လာတဲ့အခါ ထိပ်ထုကာ ဖဆပလ ကနေ ထုတ်ပစ်ဖို့ ရဲရဲ ဆုံးဖြတ်ရဲပါတယ်။
သူ့ကိုယ်သူ လျင်လှပြီထင်တဲ့ သခင်သန်းထွန်းဟာ ဗိုလ်ချုပ် အောင်ဆန်းကို မယှဉ်နိုင်ခဲ့ပါဘူး။ ခြေဖျားတောင် မမှီခဲ့ပါ။ အာဏာ အဆိပ်ငွေ့ တက်နေတဲ့ သခင်သန်းထွန်းဟာ ဗိုလ်ချုပ် တားတဲ့ကြားက အားစမ်းတဲ့ အနေနဲ့ သခင်သိန်းဖေ (မြင့်) ကို ဖဆပလ အထွေထွေ အတွင်းရေးမှူးချုပ် နေရာတွင် ဗိုလ်ချုပ်က အဆိုပြုထားတဲ့ ဦးကျော်ငြိမ်းနဲ့ ယှဉ်ရွေးစေပါတယ်။ (ဦးသန့်ရဲ့ ပြည်တော်သာခရီး) နိုင်ငံရေး အကွက်အရ ပြောရရင် ဗိုလ်ချုပ်ဟာ သူ့ကို ရင်ဘောင်တန်းလာတဲ့ သခင်သန်းထွန်း ကို သူ့ပြိုင်ဘက် ဦးကျော်ငြိမ်းနဲ့ လှမ်းထောက်ထားတာဟာ အလွန်လှတဲ့ နိုင်ငံရေးအကွက် ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းကို ယုံလို့လည်း အခုလို အားကိုးခြင်း ဖြစ်ပါတယ်။
ဦးနုကလည်း ဗိုလ်ချုပ်လိုပဲ ၀ါဒရေးကို ဦးစားမပေးဘဲ ဦးဆောင်မှု ပေးနိုင်တဲ့ အတွက် အများရဲ့ ယုံကြည် လေးစားမှုကို ခံရကာ ဖဆပလ ဥက� ဌအဖြစ် တင်မြှောက်ခြင်း ခံရတာပါ။ ဗိုလ်ချုပ်တို့ ကျဆုံးပြီးပြီးချင်း ကွက်လပ်ဖြည့်ဖို့ ဦနု ရှိနေခဲ့လို့ တိုင်းပြည် တည်ငြိမ်ခဲ့တာကို မေ့လို့ မရပါ။ နိုင်ငံအနေနဲ့ ကျေးဇူးတင်ရပါမယ်။
ဒီကနေ့ခေတ် ပါတီနိုင်ငံရေး (သို့မဟုတ်) အုပ်စုနိုင်ငံရေးကို နားလည်သူမှာ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေ ဖြစ်ပါတယ်။ နအဖ အတွင်း ကက (ကြည်း) နဲ့ ကက (လှမ်း) တို့ အားပြိုင်မှုအတွင်း ငြိမ်ငြိမ်လေး အပေါ်က ကြည့်နေကာ လိုအပ်မှ အရေးယူပြီး အပိုင်ကိုင်ခဲ့ပါတယ်။ နိုင်ငံရေးမှာ ချစ်သူ ခင်သူကို ခွင့်လွှတ်ပြီး၊ မုန်းသူ ပြိုင်ဘက်ကို အငြိုးနဲ့ ကြည့်လို့ မဖြစ်၊ အရှိကို အရှိအတိုင်း ကြည့်နိုင်စွမ်းအားရှိမှ အမှန်ရောက်အောင်၊ နိုင်ငံရေး အောင်မြင်မှု ရအောင် ကြံဆောင်နိုင်ပါမယ်။ ဒီကနေ့ နိုင်ငံရေး လောကမှာ (ပြည်ပတွင်) စစ်ဗိုလ်ဆို မျက်စိမှိတ် ကလော်ဆဲမှ နာမည်ရမယ်။ အရှိကို အရှိအတိုင်း မကြည့်လိုကြပါ။ ဒါကြောင့်လည်း ၀ိုင်းကြီးပတ်ပတ်လည် နိုင်ငံရေးမှ မတက်သည်က များပါတယ်။
လွတ်လပ်ရေးရပြီးစ ဖဆပလ မှာ ဦးနုနဲ့ ဆိုရှယ်လစ်တွေ ကိစ္စ ပြန်လှည့်ကြရအောင်။
ပြည်သူ့ရဲဘော် (၀ါ) ရဲဘော်ဖြူတွေ တောခိုအပြီး ဖဆပလ ခေါင်းဆောင်ပိုင်းမှာ ဆိုရှယ်လစ်တွေက အားသာနေပါတယ်။ ဆိုရှယ်လစ်တွေက ဖဆပလ အတွင်း ကြီးစိုးမှုရှိပေမယ့် ဆိုရှယ်လစ် ခေါင်းဆောင်ပိုင်းမှာ အရေးပါဆုံး ၃ ဦးဖြစ်တဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင်တို့ဟာ ၀န်ကြီးချုပ် သခင်နုကို အကိုကြီးသဖွယ် လေးစားကြပြီး ကိုယ့်ခေါင်းဆောင်အဖြစ်၊ ဖဆပလ ဥက� ဌအဖြစ် အသိအမှတ် ပြုခဲ့ကြပါတယ်။ ဦးနုကို ပြိုင်ဆိုင်လိုစိတ် မရှိကြပါ။ ဦးနုကလည်း ဒီအတိုင်းပဲ သူ့ တာတေ စနေသားတွင် ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ဦးကျော်ငြိမ်းနဲ့ မည်မျှ သံယောဇဉ် ရှိကြကြောင်း ရေးပြသွားပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဆိုရှယ်လစ် ခေါင်းဆောင်တွေ တချက်ဟာသွားတာကို ထောက်ပြချင်ပါတယ်။ ဖဆပလ အတွင်းကနေ မိမိတို့ပါတီက ခေါင်းဆောင်မှု နေရာကို ရယူထားပြီးပြီ။ မိမိတို့ ဥက� ဌကိုလည်း ပြိုင်ဆိုင်လိုစိတ် မရှိ။ မိမိတို့ အားသန်ရာ တည်ဆောက်မှုတွေ (ဦးကျော်ငြိမ်း - စက်မှု၊ သခင်တင် - လယ်သမား၊ ဦးဗဆွေ - အလုပ်သမား) ကိုလည်း ဦးစီးနိုင်ကြပြီ။ ၀န်ကြီးချုပ်ကို ချော့ပေါင်းနိုင်ရမယ်။ ၀န်ကြီးချုပ်ရဲ့ ခံစားချက်ကို ရိပ်မိနိုင်ရမယ်။ ၀န်ကြီးချုပ် ဦးနုဟာ လူထုကို ဆွဲဆောင်နိုင်တဲ့ နိုင်ငံရေးသမား၊ အတွေးသမား၊ အသေးစိတ်ကို စိတ်ဝင်စားသူမဟုတ်။ ဒီ့အတွက် ဦးနုကို ရှေ့တန်းတင်ပြီး ကိုယ့်ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရမယ်။ ဦးနုဘက်က ကြည့်ရင်လည်း ဦးဆောင်မှုပေးမယ်၊ ဆိုရှယ်လစ်တွေ လုပ်ကြလို့ မျက်နှာလွှဲထားနိုင်ပါတယ်။ သူနိုင်၊ ကိုယ်နိုင် (Win/Win situation) အခြေအနေကောင်း၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အခြေအနေ ဖြစ်ပါတယ်။
ဒီခေါင်းဆောင် ၄ ဦး တက်ညီလက်ညီ ရှိစဉ်က အောင်မြင်ခဲ့ကြပါတယ်။ တိုင်းပြည် တိုးတက်ခဲ့ပါတယ်။ ဦးကျော်ငြိမ်းက စီးပွားရေးနဲ့ စက်မှုကို ထူထောင်နိုင်ပါတယ်။ သခင်တင်က လယ်ယာ စိုက်ပျိုးရေးကို အရေးစိုက် နိုင်ပါတယ်။ ဦးဗဆွေကြီးက ကာကွယ်ရေး ၀န်ကြီးနဲ့ (TCUB) အလုပ်သမား အဖွဲ့ကို တာဝန်ယူပါတယ်။ ၀န်ကြီးချုပ် ဦးနုက နိုင်ငံခြားရေးမှာ ထူးခြားစွာ ဆောင်ရွက်နိုင်ပါတယ်။ တရုတ်နဲ့ အိန္ဒိယအကြား စေ့စပ်ပေးသူမှာ ဗမာဝန်ကြီးချုပ် ဦးနု ဖြစ်ပါတယ်။ ကြားနေ တတိယ အင်အားစု ထူထောင်ရာမှာ ဗမာ ပါဝင်ခဲ့တယ် မဟုတ်ပါလား။
ဆိုရှယ်လစ်တွေ သတိလစ်ခဲ့တာ ဘာလဲ။
ဝန်ကြီးချုပ် ဦးနုရဲ့ ခံစားမှုကို သတိမပြုမိခဲ့ကြ၊ အလေးမပေးခဲ့ကြပါ။
ဥပမာ နာမည်ကြီးခဲ့တဲ့ ၁၉၅၆ ခုနှစ်က စာ နှစ်စောင်ထဲက ဦးနုရဲ့ ပြန်စာမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ (ဦးနု) လွတ်လပ်ရေး တိုက်ပွဲမှာ အတူပါဝင်ခဲ့တယ်။ ဒါကို ပြည်သူ အများစုကို ဦးနုက သိစေချင်တယ်။ ဦးနုဟာ ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်လို့ အကြမ်းဖက်မှုကို မလိုလား၊ ဒါကြောင့်လည်း ယူဂျီ ဖွဲ့ရာမှာ မပါဝင်ခဲ့ပါ။ ဒါပေမဲ့ ဦးကျော်ငြိမ်းကို ကူခဲ့လို့ စိတ်အားဖြင့်တော့ ပါခဲ့ပါတယ်။ ဖဆပလ ဖွဲ့ရာမှာလည်း ထိုနည်းတူ မပါဝင်ခဲ့ပါ။ ဒါပေမဲ့ ဖဆပလ အတွက် အရေးကြီးတဲ့ အစည်းအဝေးတွေကို နိုင်ငံခြားရေး ၀န်ကြီး ဦးနု အိမ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒါကို ၀န်ကြီးချုပ်က အသိအမှတ် ပြုစေချင်ပါတယ်။ ၀န်ကြီးချုပ်လာရင် အရိုအသေပြု မတ်တပ်ရပ်စေချင်တယ်။ ဦးကျော်ငြိမ်း ဦးဆောင်တဲ့ ခေါင်းဆောင်တွေက ၀န်ကြီးချုပ်လို့ မမြင်ကြ။ ကျောင်းသားဘ၀ ကတည်းက ပေါင်းခဲ့ကြတဲ့ ငယ်ပေါင်းကြီးဖော် အဖြစ် မြင်ပါတယ်။
ပြည်တွင်း သတင်းစာ သမားတွေလည်း ၀ိုင်းဝန်း ဘေးတီးပေးကြပါတယ်။ ဦးနုကို ဘ၀ရှင် မင်းတရားကြီးလို့ ပြောင်လှောင် ခေါ်ကြပါတယ်။ နိုင်ငံခြား သတင်းစာတွေကလည်း ကလော်ကြပြန်တယ်။ ၀န်ကြီးချုပ် ဦးနုဟာ ပြယုဂ်ဖြစ်တယ်၊ တကယ့်အာဏာမှာ ဆိုရှယ်လစ် ခေါင်းဆောင် ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေ လို့ ၀ိုင်းဝန်း ရေးကြတယ်။ ပိုဆိုးသွားတာက အဲဒီအချိန်မှာ အင်္ဂလိပ် ၀န်ကြီးချုပ် အန်သိုနီအီဒင် (Anthony Eden) က ရန်ကုန်မှာ ခေတ္တနားပြီး ဦးနုနဲ့ တွေ့ဖို့ သံကြိုး ပို့လိုက်တယ်။ ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေကိုပါ ခေါ်ခဲ့ပါလို့ ပါလာတယ်။ ‘ငါဟာ ၀န်ကြီးချုပ် ဖဆပလ ဥက္ကဌဖြစ်ပြီး ကျော်ငြိမ်းနဲ့ ဗဆွေကို ဘာကြောင့် ခေါ်ရမှာလဲ’ လို့ ၀န်ကြီးချုပ်က မေးခွန်း ထုတ်ခဲ့တယ်။ တနည်းအားဖြင့် ခံစားခဲ့ရပါတယ်။ (U Nu of Burma - စာမျက်နှာ ၈၄)
0 comments:
Post a Comment