Friday, April 15, 2011

ပုဂ္ဂလိကနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ

(font face="Zawgyi-One")


ဒေါက်တာနေဇင်လတ်

Individual and Constitution ဟု ဆိုကြသည်။ နိုင်ငံရေးစနစ်တစ်ခုတွင် လုပ်ပိုင်ခွင့်အာဏာကန့်သတ်၊ သတ်မှတ်ပေးခြင်းသည် အမြဲတမ်း ပြဿနာတစ်ရပ် ဖြစ်လေ့ရှိသည်။ အစိုးရနှင့် ပြည်သူများတွင် လုပ်ပိုင်ခွင့် အာဏာနှင့် အခွင့်အရေးများ ကိုယ်စီရှိကြ၏။ တစ်ဦးနှင့်တစ်ဦး၏ နယ်ပယ်အတွင်းသို့ ကျော်လွန်မသွားကြရန် အရေးကြီးသည်။ အစိုးရတစ်ရပ်၏ လုပ်ပိုင်ခွင့်ကို ပြည်သူများက လေးစားရန်နှင့် ပြည်သူများ၏ တစ်စုံတစ်ရာသော လွတ်လပ်ခွင့်ကို အပြန်ပြန်အလှန်လှန် လေးစားရမည် ဖြစ်သည်။ ဤသည်တို့ကို ရှင်းလင်းတိကျစွာ ဖော်ပြထားသောအရာသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဟူသည့် Constitution ဖြစ်သည်။

ခရီးလမ်းပန်းကို ထိန်းသိမ်းသူတစ်ဦးက အခွန်အကောက် ပိုမိုကောက်ခံလိုသည်နှင့် ထောင်၊ သောင်းများစွာသော ခရီးသွားတို့အပေါ် လမ်းခွန်များ ချက်ချင်းတိုးမြှင့်ခြင်းတွင် သူ့သဘောဖြင့်သူ တိုး၍ ကောက်ခံမရချေ။ ထို့အတူ ကွန်ဂရက် တစ်ရပ်မှလည်း ဥပဒေပြုဗီတိုသုံး၍ စီမံခန့်ခွဲရေးပိုင်း၏ ဆုံးဖြတ်ချက်များကို ဝင်ရောက် စွက်ဖက်လွန်းလျှင်လည်း နိုင်ငံတော်တရားရုံးချုပ် (Supreme Court) က ဖွဲ့စည်းပုံနှင့်မညီဟု ကြေညာနိုင်သော အခွင့်အာဏာတစ်ရပ် ရှိရပါမည်လား။ ဘာသာရေး ကိုင်းရှိုင်းသော မိဘများက သားသမီးများကို ကိုယ်ပိုင်ကျောင်းများတွင် ဝတ်ပြုဆုတောင်းစေပါက ထိုမြင်ကွင်းသည် ဘုရားကျောင်းနှင့် နိုင်ငံတော်ကို ခွဲခြားသလိုဖြစ်နေနိုင်သော အခြေအနေတစ်ရပ် ဖြစ်နိုင်ပါသလား။

အထက်ပါမေးခွန်းများသည် အခွင့်အရေး နှင့် နိုင်ငံတော်၏ အာဏာကြား တိုးတက်ဖြစ်လာနိုင်သော မေးခွန်းများဖြစ်သည်။ တချို့သောကိစ္စရပ်များသည်
ထိုထက်ပိုမိုရှုပ်ထွေးနက်နဲ၏။ အများယုံကြည်ထားသည်မှာကတော့ ကွန်ဂရက်က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နိုင်ငံတော်တရားရုံးချုပ်၏ အဆုံးအဖြတ်အပေါ် သဘောတူနိုင်ကြခြင်းပင် ဖြစ်သည်။

လူမှုအဖွဲ့အစည်းများ၏ အဆုံးအဖြတ်

နိုင်ငံရေးအာဏာနှင့် ပြည်သူများ၏ အခွင့်အရေးကြား မည်သို့ ချိန်ခွင်လျှာထိန်းညှိပေး ရမည်ကို လူမှုအဖွဲ့အစည်းများက မည်သို့ စဉ်းစား၍ ဆုံးဖြတ်ပေးကြမည်နည်း။ တစ်ဦးချင်းများ (Individualsူ) ၊ လူများစု (Majority)၊ လူနည်းစု (Minority) တို့၏ လိုအပ်ချက်များကိုလည်း မျှတစွာ စဉ်းစားကြရမည် ဖြစ်သည်။ ခြုံငုံ၍ တစ်ခါတည်း သင်္ချာကိန်းသေနည်းကဲ့သို့ ဆုံးဖြတ်ထားနိုင်ရန် လွယ်ကူမည်မဟုတ်၊ ဖြစ်ပေါ်လာသော ကိစ္စရပ်တို့အပေါ် တစ်ခုချင်းအလိုက် ဆုံးဖြတ်နိုင်ရန် ဖြစ်သည်။ တရားရေးဝန်ထမ်းတို့၏ ပခုံးပေါ် တာဝန်ကျရောက်လာပါတော့သည်။

အစိုးရတစ်ရပ်အနေဖြင့် လမ်းညွှန်မှုဝါဒ တစ်ရပ်ချမှတ်ကာ ထိန်းညှိမှုရှိနိုင်သည့်နေရာ တို့ကို ရှာဖွေပေးရမည်ဖြစ်သည်။ ဤမူဝါဒများသည်လည်း အစဉ်အလာများ (Traditions)၊ ဥပဒေပြုအဖွဲ့က ခွင့်ပြုသည့်ဥပဒေ (Statues)၊ အမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေ (National Constitution) များကို မေ့ထား၍မရ။

ခေတ်သစ်ကမ္ဘာ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ

“Constitutions in the Modern World” ဟု သုံးသည်။ ယေဘုယျအသုံးအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ‘လူမှုအဖွဲ့အစည်းတစ်ရပ်အား စီမံအုပ်ချုပ်နိုင်ရန် အခြေခံစည်းမျဉ်းများကို ရေးသားထားသော အထောက်အထား စာရွက်စာတမ်းများ’ ဟုသာ ထင်မှတ်ကြသည်။ နိုင်ငံရေး သိပ္ပံပညာရှင်များက ပို၍ကျယ်ပြန့်စွာ အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ဓလေ့ထုံးစံနှင့် စည်းမျဉ်းများပါဝင်ပြီး ရေးသားထားသည်ဖြစ်စေ၊ မရေးသားခဲ့သည်ဖြစ်စေ တရား ဥပဒေအရ အခြေတည်ပြီး (သို့) ဥပဒေထက်ပိုသော အစိုးရတစ်ရပ်၏ အရေးကိစ္စများအပေါ် ဆောင်ရွက်မှုတစ်ရပ် ဖြစ်သည်”
(A constitution is that set of rules and customs either written or unwritten, legally established or extralegal, by which government conducts its affairs)

နိုင်ငံတိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိ ကြသည်။ အင်္ဂလန်တွင်ကား ရေးသားထားသော Written Constitution မရှိချေ။ သို့သော်လည်း ဓလေ့ထုံးစံများ၊ ဥပဒေများ၊ ဖြစ်ပြီးခဲ့သော အစဉ်အလာများနှင့် ရိုးရာများသည် အင်အားတစ်စုံတစ်ရာ ခိုင်မာတောင့်တင်းစွာ ရှိခဲ့ပြီဖြစ်၍၊ ဗြိတိသျှအစိုးရသည် ဤအလေ့အကျင့်များဖြင့် သူ့နိုင်ငံကို ရာစုနှစ်များစွာကပင် ကောင်းစွာဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့သည်ဟု ယူဆသည်။ ဤသို့သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်သာ ဗြိတိသျှအစိုးရက နိုင်ငံကို စီမံအုပ်ချုပ်သည်။

ခေတ်သစ်ကမ္ဘာတွင်မူ နိုင်ငံတိုင်းနီးပါးမျှတွင် ရေးသားထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့ ရှိနေကြပါ၏။ ကောင်းစွာအခြေခိုင်ပြီးဖြစ်သော ပုံစံများ၊ အင်စတီကျူးရှင်းဟုခေါ်သော အဖွဲ့အစည်းများနှင့် ဥပဒေများ၊ အစိုးရ တစ်ရပ်အတွက် ကန့်သတ်မှုများနှင့် လူများစု၊ လူနည်းစုတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးထားသော ထိန်းညှိထားသည့် မူဝါဒများ ရှိလေ့ရှိသည်။

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွန်စွာတိုတောင်း၏။ အခန်း (၇) ခန်း (Articles) သာ ပါဝင်၏။ အစိုးရတစ်ရပ်၏ ခက်ဖြာ (Branches) များတွင် အခွင့်အာဏာကို ထိန်းညှိထားသည်။ ဖြည့်စွက်ချက် (Amendment)အားဖြင့် ၂၆ ခုရှိသည်၊

သို့သော်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း လွတ်လပ်လာကြသော နိုင်ငံအများစုတွင်မူ ယင်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပေဒကို အသေးစိတ် အချက်အလက်များဖြင့် ထည့်သွင်းရေးဆွဲလေ့ရှိကြသည်။ ဒုတိယကမ္ဘာစစ်လွန်ကာလ ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမေရိကန်စစ်တပ်က ရေးဆွဲပေးခဲ့၏။ အခန်း ၄၀ ထက် မနည်းသော ဖွင့်ဆိုချက်များဖြင့် ပြည်သူများ၏ ရပိုင်ခွင့်နှင့် တာဝန်များကို ထည့်သွင်းဖော်ပြထားပါသည်။ တစ်ဦးချင်းစီ၏ ရပိုင်ခွင့်များတွင် အလုပ်သမားများ၏ အခွင့်အရေး၊ လူမှုအဆင့်အတန်း၊ လူမှုရေးဆောင်ရွက်ချက်များ ပါဝင်သည်။ အမေရိကန်


တို့၏ တန်ဖိုးများဟုဆိုသော ‘တရား မျှတမှု၊ ပြည်တွင်းငြိမ်းချမ်းသာယာမှု၊ စုပေါင်း ကာကွယ်ရေး၊ အထွေထွေသော သက်သာ ချောင်ချိရေး၊ လွတ်လပ်ရေး’ တို့နှင့် ဂျပန်၏ အခြေခံဖွဲ့စည်းပုံဥပဒေက လားလားမှ မတူညီခဲ့၏။

ဂျာမနီ၏ အခြေခံဖွဲ့စည်းပုံဥပဒေတွင် အခန်း(၁) ၌ ရပိုင်ခွင့်များကို ရှည်လျားစွာ ဖော်ပြထားသည်။ အခြေခံရပိုင်ခွင့်များအနက် ဥပဒေ ရပိုင်ခွင့်နှင့် နိုင်ငံရေးလွတ်လပ်မှုများ ပါဝင်သည်။ လူမှုရေးနှင့် စီးပွားရေးအတွက် အကာအကွယ် ပေးထားမှုကိုလည်း အလေးထားဖော်ပြထားသည်။ ပညာရေးစနစ်၊ စီးပွားရေးစနစ်၊ လူမှုရေးစနစ်တို့အပေါ် အစိုးရ၏ ကြီးကြပ်ပေးရန် တာဝန်များကိုလည်း ပါဝင်စေသည်။

အမြင့်ဆုံးဥပဒေ

မယ်ဆိုပိုတေးမီးယားမှ ဥပဒေပြုသူ ဟမ် မူရာဘီက ဘေဘီလွန်ခေတ်မှ ဥပဒေတို့ကို မှီငြမ်းခဲ့သည်။ ခေတ်သစ်နိုင်ငံအများစုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေးသားခဲ့ကြ၏။ နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးဥပဒေတို့ကို ကောင်းစွာ အခြေတည်နိုင်ရန် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လူမှုအဖွဲ့အစည်းနှင့်ဆိုင်သော အခြေခံဥပဒေတို့ကို ဖော်ပြသည်။ ဤသို့ ဆောင်ရွက်ထားခြင်းဖြင့် အလွယ်တကူ ပြန်လည်၍ မပြင်ဆင်နိုင်ဟု မဆိုလိုပေ။ အစိုးရတစ်ရပ်(သို့) ပြည်သူများအတွက် စံနှုန်းတစ်ခုအဖြစ် အသုံးပြုနိုင်ရန်သာ ရည်ရွယ်သည်။ ဥပဒေပြုသူများမှ ဥပဒေတစ်ခုကို အတည်ပြုပြီး ဆက်လက်၍လည်း အသုံးပြုနိုင်သည်။ အခါအားလျော်စွာလည်း အများဆန္ဒဖြင့် ပြင်ဆင်နိုင်ပါသည်။

ဆွီဒင်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်မှုပြုရာတွင် အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်အနိုင်ရရှိပြီးသော အစိုးရအဖွဲ့မှ ခန့်အပ်သည့် ဥပဒေအဖွဲ့မှသာ ပြင်ဆင်နိုင်ခွင့်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင်မူ ပို၍ ခက်ခဲပါသည်။ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးတွင် ထောက်ခံမဲ သုံးပုံနှစ်ပုံ ရရှိမှသာ ပြင်ဆင်ဖြည့်စွက်ချက်များကို ဆောင်ရွက်နိုင်ခွင့် ရှိပါသည်။ အတည်ပြုခြင်းကို နိုင်ငံတော်ကခန့်အပ်သော လေးပုံသုံးပုံသာ ၇၅ ရာခိုင်နှုန်းရှိသည့် ဥပဒေပြုအဖွဲ့ဝင်တို့က ဆောင်ရွက်ကြရသည်။ ၁၇၉၁ မှစ၍ အမေရိကန်တွင် ပြင်ဆင်ဖြည့်စွက်ချက်များကို ယနေ့အချိန်အထိ ၁၆ ကြိမ်မျှသာ ဆောင်ရွက်နိုင်ခဲ့သေးခြင်းကိုကြည့်လျှင် အမေရိကန်တွင် ပြင်ဆင်ဆောင်ရွက်မှုကို ပြုရာ၌ မည်မျှခက်ခဲသည်ကို တွေ့နိုင်ပါသည်။ ၁၉၈၃ တွင် အဆိုပြုခဲ့သော တန်းတူအခွင့်အရေးဥပဒေ (The equal Right Amendment) သည် ၇၅ ရာခိုင်နှုန်းထက် အနည်းငယ် လျော့နည်းသော ထောက်ခံမှုသာ ရရှိခဲ့၍ မအောင်မြင်ခဲ့ပါ။



ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အစိုးရ

Constitution and constitutional Government ဟု ဆိုသည်။ သီးခြားကွဲထွက်နေသည့် နိုင်ငံနှစ်ခုတွင် တူညီသော ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာကျင့်သုံးနိုင်(ရေးသား၊ သုံးနှုန်းမှု ကွဲပြားသော်လည်း) သော်လည်း အစိုးရတို့၏ ဖွဲ့စည်းမှုပုံစံနှင့် နိုင်ငံသားတို့၏ ရပိုင်ခွင့်များမှာမူ လုံးဝကွဲပြားခြားနားနိုင်သည်။ ဆိုလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင် ရေးသားထားစေကာမူ လက်တွေ့ဆောင်ရွက်ရာ၌ လိုက်နာဆောင်ရွက်မှုပြည့်ဝစွာ မရှိနိုင်ကြသည်ကို ထောက်ပြလိုခြင်းဖြစ်သည်။ ဆိုဗီယက်ယူနီယံတွင် အစိုးရတစ်ရပ် ဖွဲ့စည်းခြင်းအတွက် မူ-ဘောင်တစ်ရပ် ချမှတ်ထားသော်လည်း လက်တွေ့တွင် အတော်ပင် ကွဲပြားခြားနားနေသည်ကို တွေ့နိုင်သည်။ အစိုးရကို ကွန်မြူနစ်ပါတီက ကောင်းစွာချုပ်ကိုင်ထားသည်ဖြစ်၍ နိုင်ငံတော်အနေဖြင့် လုပ်ပိုင်ခွင့် အနည်းငယ်သာရရှိပြီး ဥပဒေပြုအဖွဲ့တို့မှာလည်း များစွာ စောဒကတက်နိုင်ခြင်း မရှိခဲ့။ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တို့၏ဆန္ဒကိုသာ အဓိပ္ပာယ်ဖော်၍ အကောင်အထည်ဖော်ပေးခဲ့ကြရသည်သာ များသည်။

ကနေဒါ၊ အင်္ဂလန်နှင့် အမေရိကန်ရှိ အစိုးရများသည်သာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်၊ လိုက်နာကျင့်သုံးနိုင်ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီသော အစိုးရများကို (Constitutional Governments) ဟု ဆိုသည်။ ဆိုဗီယက်ယူနီယံ၏ အစိုးရမှာမူ ထိုသို့မဟုတ် ချေ။ တစ်ချိန်က မီးခေးလ်ဂိုဘာချော့(ဗ်) (Mikhail Gorbachev) တစ်ဦးကသာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နီးစပ်သောအစိုးရ ဖြစ်ခဲ့ဖူးသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေများအရ ချမှတ်ထားသော အမိန့်ဒီဂရီတို့သည် အစိုးရတစ်ရပ်၏ လုပ်ပိုင်ခွင့်ဩဇာအာဏာကို ကန့်သတ်ပေးပြီး
တစ်ဦးချင်းစီ၏ အခွင့်အရေးကို လေးစားလိုက်နာစေပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးသားထားသည်ဖြစ်စေ၊ ရေးသားမှုမရှိသည်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖြစ်ပေါ်လာသော အစိုးရတစ်ပါးသည် အတွင်းအင်စတီကျူးရှင်း (Internal Institutions) တို့ဖြင့် ကန့်သတ်ထားကာ နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများကို လေးစားလိုက်နာကြရသည်။ လွတ်လပ်စွာယုံကြည် ကိုးကွယ်မှု၊ လွတ်လပ်စွာ ပြောဆိုဖော်ထုတ်နိုင်မှု၊ လွတ်လပ်စွာ ရေးသားနိုင်မှု စသည်တို့သည် လူတစ်ဦး၏ အခြေခံအခွင့်အရေးများ ဖြစ်သည်။ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများ၊ လူနည်းစုတို့အပေါ် အဓမ္မအနိုင်ကျင့်မှုများလည်း ပါဝင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီသော အစိုးရတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အာဏာရှင် အစိုးရတို့တွင်ကား အခြေခံဥပဒေသည် စာရွက်ပေါ်မှာသာ ရှိတတ်ပြီး၊ ၄င်းတို့၏ အာဏာ၊ လုပ်ပိုင်ခွင့်များမှာ ကန့်သတ်မှုဘောင်မှ များစွာကျော်လွန်ကြရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရည်ရွယ်ချက်

အကယ်၍သာ နိုင်ငံများက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဂရုတစိုက် လေးစားလိုက်နာမှု မရှိခဲ့လျှင် Constitutions များကို ရေးဆွဲရန် အကြောင်းမရှိချေ။ ဥပဒေပါအချက်များသည် ကမ္ဘာ့ အသီးသီးတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပါသည်။ နိုင်ငံတစ်ခု၏ ပြည့်စုံသောစံနှုန်းတစ်ခု၊ လုပ်ငန်းဆောင်တာများကို ထောက်ပံ့ပါသည်။ အစိုးရ၏ဖွဲ့စည်းမှုကို တိကျစွာ ပြဌာန်းပေးသည်။ စီမံအုပ်ချုပ်ခွင့်အတွက် အစိုးရ၏ အခွင့်အာဏာကိုလည်း ဆုံးဖြတ်ပေးသည်။

အမေရိကန်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရည်ရွယ်ချက် ခြောက်ရပ်ရှိသည်။
(၁) ပိုမိုပြည့်စုံသော ပြည်ထောင်စုတစ်ခုအဖြစ် ဖွဲ့စည်းရန်
(၂) တရားဥပဒေစိုးမိုးရေး
(၃) ပြည်တွင်းငြိမ်းချမ်းရေး
(၄) ဘုံကာကွယ်ရေးစနစ် ထားရှိရေး
(၅) အထွေထွေသော သက်သာချောင်ချိရေးကို မြှင့်တင်ပေးရန်
(၆) လွတ်လပ်ရေးအတွက် အာမခံချက်ရှိရန်

ဆိုဗီယက်ပြည်ထောင်စုနိုင်ငံကမူ “အဆင့်အတန်းကွဲပြားမှုမရှိသော ဖွံ့ဖြိုးတိုးတက်သည့် ဆိုရှယ်လစ်လူမှုအဖွဲ့စည်းကို တည်ဆောက်ရန်” ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံတွင် မရှိမဖြစ်သောအရာ၊ အသက်သွေးကြောသဖွယ် အရေးကြီးသော အရာတစ်ပါး ဖြစ်သည်။ နိုင်ငံများသည် Constitution များကို အမြင်ကြီး၊ ကျယ်ပြန့်စွာ စဉ်းစားရေးဆွဲရန် လိုအပ်သည်။ ထို့နောက် လိုက်နာဖို့လည်း လိုအပ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လုံးဝမပြင်ဆင်နိုင်၊ ဖြည့်စွက်၍မရနိုင်သည် မဟုတ်ချေ။ လိုအပ်ပါက ပြင်ဆင်၊ ပြုပြင်၊ ဖြည့်စွက်နိုင်ပါသည်။ သို့သော်လည်း ပြုပြင်ဖြည့်စွက်သည့်အခါ လိုအပ်သော ကန့်သတ်ချက်များသည် အလွန်တစ်ရာ ခက်ခဲခြင်းမရှိအောင် စဉ်းစားရေး ဆွဲထားနိုင်ဖို့လည်း လိုအပ်ပါသည်။

မကြာမီကာလအတွင်း ဖြစ်ပေါ်လာမည့် နိုင်ငံရေးအသွင်ကူးပြောင်းမှုအတွက် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အတည်ပြုပြီး ဖြစ်သည်။ အားသာချက်များရှိသလို၊ အားနည်းချက်များလည်း ရှိနိုင်ပါသည်။ အချိန်ကာလတစ်ခုကို ကျော်လွန်လာကြသည့်အခါတွင် လူသားတို့၏ လိုအပ်ချက်အရ၊ နိုင်ငံတစ်နိုင်ငံ၏ လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်ကြရလေ့ ရှိပါသည်။ ပြင်ဆင်၊ ဖြည့်စွက်၊ ပြုပြင်ပြောင်းလဲ အစားထိုးခြင်းများဖြင့် ပိုမိုကောင်းမွန်သော ဖွဲ့စည်းပုံအခြေခံဥပဒေများအဖြစ် ပြောင်းလဲလေ့ရှိကြသည်။ တာဝန်ရှိသူ၊ နိုင်ငံရေးပါတီများ၏ ထိပ်ပိုင်းခေါင်းဆောင်များသာမက၊ အားလုံးသော ပြည်သူများသည် ကိုယ့်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ခပ်စိမ်းစိမ်း မရှိသင့်ကြချေ။
ဒေါက်တာနေဇင်လတ်
ecovisionjournal မှဆောင်ပါးကို မြလေးသျှင်ဘလောဂ်မှကူးယူဖော်ပြပါသည်။
Tags: dr နေဇင်လတ်.(/font)

Thursday, March 17, 2011

ကိုယ်စားပြုဒီမိုကရေစီအပိုင်း (၁) Representative Democracy

ကိုယ်စားပြုဒီမိုကရေစီစနစ် Representative Democracy မှာအောက်ပါအချက်တွေပါဝင်ပါတယ်။
(၁) အစိုးရတရပ်အားလူအများစုထောက်ခံမှု Popular Support of Government
(၂) နိုင်ငံရေးအရပြိုင်ဆိုင်မှု Political Competition
(၃) အာဏာရမှုတလှည့်စီဖြစ်ခြင်း Alternation in Power
(၄) လူအများစုကို ကိုယ်စားပြုခြင်း Popular Representation
(၅) အများစုအုပ်ချုပ်ရေး Majority Rule
(၆) သဘောမတူဆန့်ကျင်ပိုင်ခွင့်၊ မနာခံဘဲနေပိုင်ခွင့်ရှိခြင်း Right of Dissent and Disobedience
(၇) နိုင်ငံရေးအရညီမျှမှု Political Equality
(ဂ) ပြည်သူလူထု၏အကြံပေးနိုင်ခွင့်ရှိခြင်း Popular Consultation
(၉) သတင်းလွတ်လပ်ခွင့် Free Press
Political Science - An Introduction (Fifth Edition) by Michael G.Roskin, Robert L.Cord, James A. Medeiros and Walter S.Jones စာအုပ်မှ စာမျက်နှာ ၆၃ မှ ၆၈ ထိပါ ခေါင်းစဉ်များအား ဘာသာပြန်ဖေါ်ပြထားခြင်းဖြစ်ပါတယ်။ နောက်ပိုင်းတွင် ခေါင်းစဉ်တခုချင်းကို ဆက်လက်ဘာသာပြန်ဆိုဖေါ်ပြပေးသွားပါ့မယ်ခင်ဗျား။

ကိုယ်စားပြုဒီမိုကရေစီ Representative Democracy အပိုင်း ၂

ဒီနေ့ခေတ်ကာလမှာတော့ လူထုကနေပီး အစိုးရရဲ့မူဝါဒအားလုံးကို တိုက်ရိုက်ဆုံးဖြတ်ပေးတဲ့ ဒီမိုကရေစီစနစ်ကို မကျင့်သုံးကြတော့ပါဘူး။ ယင်းအစား လူထုက ပို၍ယေဘူရကျသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားဆုံးဖြတ်ပေသည်။ ယနေ့ကာလ ဒီမိုကရေစီသည် အစိုးရအရာရှိများအပြောင်းအလဲအတွက် ပုံမှန်ဖြစ်သောဖွဲ့စည်းပုံဆိုင်ရာ ( constitutional )အခွင့်အလမ်းများကို ထောက်ပံ့ပေးသော နိုင်ငံရေးစနစ်တရပ် နှင့် အစိုးရရုံးများအတွက် ပြိုင်ဆိုင်သူများအကြား ရွေးချယ်ခြင်းအားဖြင့် လူဦးရေးအားလုံး၏အများဆုံးသောအပိုင်းက အဓိကကျသော ဆုံးဖြတ်ချက်များအား သြဇာသက်ရောက်နိုင်မှုကို ခွင့်ပြုပေးသော လူမှုရေးဆိုင်ရာယန္တရား တရပ်ဖြစ်ပေသည်။ constitutional ဆိုသည်က အစိုးရဆိုသည်မှာ အကန့်အသတ်ဖြင့်ရှိနေသောအရာတခု ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုပေသည်။ အာဏာအားဥပဒေနှင့်အညီကျင့်သုံးမှုအပေါ်၌ ကန့်သတ်ထားမှုများသည် သူတို့၏ခေါင်းဆောင်အားအပြောင်းအလဲပြုလုပ်ရန်အတွက် ရွေးကောက်ပွဲကို စောင့်ဆိုင်းနေရလေ့ရှိသော ပြည်သူများကိုသာမက တိကျသောနည်းလမ်းများအားဖြင့် ၄င်း၏လုပ်ပိုင်ခွင့်အာဏာကိုကျင့်သုံးသော အစိုးရများအပေါ်သို့လည်း ကျင့်သုံးပေသည်။ ကိုယ်စားပြုဒီမိုကရေစီတွင် မရှိမဖြစ်သောလိုအပ်သော ပါဝင်ရမည့်အချက်များရှိပေသည်။ ၄င်းတို့မှာ အပိုင်း ၁ တွင် ဖေါ်ပြခဲ့သည့်အရာများပင်ဖြစ်ပေသည်။

ကိုယ်စားပြုဒီမိုကရေစီ Representative Democracy အပိုင်း ၎

ကိုယ်စားပြုဒီမိုကရေစီအပိုင်း (၄)
ဒီမိုကရက်တစ်အစိုးရအဖွဲ့အစည်းများသည် သူတို့၏လုပ်ဆောင်မှုများအား တာဝန်ခံရန်အတွက် ပို၍နည်းပါးသော ဦးဆောင်သူအရာရှိများကို သာဆုပ်ကိုင်ထားရှိထားကြပြီး သူတို့၏ခေါင်းဆောင်မှုအား အရည်အချင်းမပြည့်မှီအားကိုး၍မရဟု တွေ့ရှိရပါကတာဝန်မှအနားပေးခြင်းတို့ကိုလည်း ပြုလုပ်တတ်ကြပေသည်။ သူတို့၏အခန်းကဏ္ဍနှင့်တာဝန်များကို ထမ်းဆောင်ရာတွင် မဲဆန္ဒရှင်အများစု၏ကြေနပ်မှု(satisfaction)ရရှိအောင် ဆောင်ရွက်ပေးနိုင်သော အထက်လွှတ်တော်အမတ်(senator) အောက်လွှတ်တော်အမတ် (representatives)၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်သော ဒေသဆိုင်ရာတရားသူကြီးများ၊ ၀န်ကြီးချုပ်များ (primeministers) နှင့် သမ္မတများ(presidents)သည် အစိုးရရုံးများဆီသို့ ပြန်လည်အရွေးခံရ၍ရောက်ရှိလာတတ်ကြလေ့ရှိပေသည်။ သူတို့သည် မဲဆန္ဒရှင်အများစု၏လိုချင်သောအရာများကို မဆောင်ရွက်နိုင်ပါက ပြန်လည်အရွေးချယ်ခံရလေ့မရှိကြပေ။ ထိုကြောင့်ပြန်လည်ကျင်းပသောရွေးကောက်ပွဲများသည် ထောက်ခံမှုပြသခြင်းနှင့် အစိုးရမူဝါဒ(government policy) ၏ယေဘူယျလမ်းကြောင်း(general direction)ကို ထိန်းချုပ်မူ စသည့်နှစ်ခုကိုပြုလုပ်သောပြည်သူတို့၏ နည်းလမ်းများပင်ဖြစ်ပေသည်။


http://futureroadvisions.blogspot.com

Thursday, February 10, 2011

ဦးဆောင်ခြင်းသည် ခေါင်းဆောင်ခြင်းမဟုတ်

Mar 12, '09 4:43 PM
for everyone
Category: Books
Genre: Professional & Technical
Author: နေဇင်လတ်

Written by နေဇင်လတ်

အပြိုင်အဆိုင်များခြင်း၊ စိန်ခေါ်မှု မြင့်မားလာခြင်းများသည် ၂၁ ရာစု၏ ထင်ရှားသော လက္ခဏာရပ်များ ဖြစ်သည်။ ဤသည်တို့ကို ရင်ဆိုင်နိုင်ရန် ခေါင်းဆောင်မှု ပြဿနာသည်လည်း တစ်မုဟုတ်ချင်း ရှေ့တန်းရောက်လာသော ကိစ္စတစ်ရပ် ဖြစ်လာသည်။ ရှေးကနှင့်မတူ ခေါင်းဆောင်မှုကို တန်ဖိုးထားတတ်လာကြသည်။ ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်မြတ်တို့ကိုလည်း အပူတပြင်း ရှာဖွေကြသည်။ တိုးတက်ပြီး နိုင်ငံများနှင့် ဖွံဖြိုးတိုးတက်ဆဲနိုင်ငံတချို့တို့တွင် Head Hunter ခေါ် ခေါင်းဆောင်ရှာဖွေရေး အဖွဲ့အစည်းများ ထူထောင်ပြီး လုပ်ငန်းကြီးတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်ကြသည်။ ထက်မြက်သည့်ခေါင်းဆောင်ရှာဖွေခြင်းကို Head Hunter ဟုခေါ်ပြီး အလွန်ခေတ်စား လာသော ဝေါဟာရတစ်ခုလည်း ဖြစ်ပါသည်။

ခေတ်သစ်စီမံခန့်ခွဲရေး (Modern Management) ပညာရပ်တွင် ရှေးယခင်ကလို ဦးဆောင်သူနှင့် ခေါင်းဆောင်သူကို အတူမထားတော့ဘဲ တိတိကျကျ ခွဲခြားပစ်လိုက်သည်။ ဦးဆောင်မှု ကို Leading ဦးဆောင်သူကို Leading Person ဟူသော အဆင့်ဖြင့်သာ ထားရှိပြီး ခေါင်းဆောင်ကိုမူကား Leader သူ၏ခေါင်းဆောင်မှုကို Leadership ဟု အတိအကျ အဓိပ္ပာယ်ဖော်ညွှန်း ခွဲခြားသတ်မှတ်လိုက်နိုင်ခဲ့သည်။ Leading နှင့် Leader သည် ယခင်က အမြွှာညီအစ် ကိုကဲ့သို့ ဆင်တူရိုးမှား ဖြစ်ခဲ့သော်လည်း ယခုအခါ ဇာတ်ဆောင်နှင့် ဇာတ်ပို့အဖြစ် အတိအကျ ကွဲကွာသွားကြချေပြီ။

အဖွဲ့အစည်းများကို လူတိုင်း ဦးဆောင်ကြသော်လည်း ခေါင်းဆောင် အစစ်မဟုတ်ကြချေ။ အိမ်ထောင်တစ်ခုတွင် ဖခင်သည် ဦးဆောင်သူဖြစ်သော်လည်း ဖခင်တိုင်းကား ခေါင်းဆောင်ကောင်း မဟုတ်ကြချေ။



“စား၊ ၀တ်၊ နေ၊ ရေး ပြေလည်အောင် ငါရှာပေးတာပဲ တာဝန်ကျေပြီ” ဟူသောဖခင်များ အများအပြား တွေ့ဖူးကြပေလိမ့်မည်။ ထိုဖခင်မျိုးသည် ဦးဆောင်သူအဖြစ်ကား မငြင်းလိုသော်လည်း ခေါင်းဆောင်အဖြစ်ကား အပြည့်အ၀ ထောက်ခံရန် မဖြစ်နိုင်ချေ။ တာဝန်နှင့်ဝတ္တရား နှစ်မျိုးလုံးကို ထမ်ဆောင်နိုင်ပြီး အနာဂတ်အတွက် အာမခံချက်ရှိသော ဦးဆောင်သူမျိုးသာ ခေါင်းဆောင်အစစ်အမှန် ဖြစ်သည်။ အဓိကကွဲပြားချက်မှာ ခေါင်းဆောင်များတွင် Commitment ဟူသော အာမခံချက်နဲ့ Result ဟူသော ရလဒ်က အရည်အချင်းတစ်ရပ်အဖြစ် ပါဝင်သည်။ ခေါင်းဆောင်သည် ရလဒ်အခြေပြု ဦးဆောင်သူ Result Oriented Leading ဖြစ်သည်။ ဦးဆောင်သူကား အလုပ်အခြေပြု Task Oriented Leading ဖြစ်သည်။ ရလဒ်အတွက် အာမမခံချေ။
ဦးဆောင်သူဖခင်ဘ၀မှ ခေါင်းဆောင်သူဖခင်ဘ၀သို့ ပြောင်းလဲလာနိုင်ရန် စား၊ ၀တ်၊ နေ၊ ရေးတည်းဟူသော အရေး ၃ ပါးသည် ယခုခေတ်တွင် မလုံလောက်တော့ချေ။ ကောင်းစွာ ပညာ သင်ကြား ပေးနိုင်မှု၊ ကျန်းမာရေး၊ လူမှုရေး၊ ဘ၀အာမခံချက်၊ ထောက်ပံ့မှု စသော အခြားအရေးကြီးငယ်များစွာ ပါဝင်လာမှ ခေါင်းဆောင်ဖြစ်သော ဖခင် ဖြစ်လာပေမည်။
ဈေးကွက်စီးပွားရေး အင်္ဂါမစုံသေးသော မြန်မာ့စီးပွားရေးလောကတွင် အဖွဲ့အစည်းတစ်ခုကို ရှေ့မှ အမိန့်ပေးနေသော သူအား ဦးဆောင် သူလား၊ ခေါင်းဆောင်အရည်အချင်း ပြည့်စုံသော သူလားဟူသည်ကို ခွဲခြားသိနိုင်သော အတတ်ပညာရှိပါမှ ကိုယ့်အလှည့်ကျ ခေါင်းဆောင်၏ အရည် အချင်းများကို ပိုင်ဆိုင်လာမည် ဖြစ်သည်။ လုပ်ငန်းတိုးချဲ့ခြင်းဖြင့် ကြီးပွားသည်ဟု မြင်သာသော်လည်း နှစ်ချုပ်၍ (ရသင့်သော) အကျိုးအမြတ်မရလျှင် အရည်အချင်း ပျက်ယွင်းသည်။ လုပ်ငန်းလည်းတိုးတက်၊ အကျိုးအမြတ်လည်းရသော်ငြား အဖွဲ့အစည်းအရည်အသွေးကို တိုးတက်အောင် မစွမ်းဆောင်နိုင်ပါကလည်း ခေါင်းဆောင်ကောင်းဟုယူဆ၍မရ၊ များသောအားဖြင့် စာရွက်ပေါ်မှ အပေါင်းလက္ခဏာပြသော ကိန်းဂဏန်းတို့တွင်သာ ဦးဆောင်သူအများစုက ကျေနပ်နှစ်သိမ့်တတ်ကြသည်ကို သတိထားမိသည်။ အဖွဲ့အစည်းတွင်းပါဝင်သူများ အရည်အသွေး အမြဲတိုးတက်ပါမှ နောင်အနာဂတ်တွင်လည်း ယှဉ်ပြိုင်နိုင်မည်ကို မေ့လျော့တတ်သည်။
ခတ်သည် လှည်းခေတ်၊ လှေခေတ် မဟုတ်တော့။ အစွမ်းထက်သော နည်းပညာချင်း စီးချင်းထိုးသော ခေတ်ဖြစ်လာခဲ့ချေပြီ။ ခေါင်းဆောင်ပိုင်းကလည်း သိမ်မွေ့ထက်မြက်သော မဟာဗျူဟာချင်း ပြိုင်ဆိုင်နေရသော ခေတ်ဖြစ်လာချေပြီ။ ခေတ်နှင့် အသားတကျမရှိပါက ခေတ်ကို မျက်ခြည်ပြတ်ပါက ခေါင်းဆောင်ကောင်းဖြစ်မည် မဟုတ်။ ကိုယ့်နေရာ၊ ကိုယ့်အဖွဲ့ အစည်းကလေးမျှကိုသာ ဦးဆောင်သူ ဖြစ်ချေမည်။ Globalization ဆိုသည်မှာ ကမ္ဘာဆန်ခြင်းဟူသော အဓိပ္ပာယ်ရပြီး ကမ္ဘာ့စံနှုန်းများကို လိုက်ပါနိုင်ပါမှ ရှင်သန်မှုနှင့် တိုးတက်မှုကို ရနိုင်မည် ဖြစ်သည်။ ယနေ့အပြောများသော IT သည် ကမ္ဘာဆန်မှုမှ ၀ိသေသတစ်ခုဖြစ်ပြီး အင်တာနက်ခေတ်တွင် ခြေလျင်ခရီးဖြင့် စာပို့၍ ခရီးမရောက်နိုင်တော့ချေ။ IT ၏ ကျေးဇူးကြောင့် ကမ္ဘာ့နယ်နိမိတ်များ၊ ကျဉ်းမြောင်းလာကြပြီး World if Flat ဟူသော ကမ္ဘာပြားသွားပြီဟု တင်စားလာကြသည်။ ကမ္ဘာကြီးသည် ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း မရှိတော့။ ယဉ်ကျေးမှုမှတစ်ပါး အရှေ့အနောက် ဟူ၍လည်း မရှိတော့ချေ။ ဤသို့သော အခြေအနေမျိုးတွင် ဦးဆောင်သူတို့ တစ်သားတည်း လိုက်ပါနိုင်မည်လား၊ မေးရန်မေးခွန်း ဖြစ်လာ၏။ အဖြေက မသေချာ၊ ခေါင်းဆောင်တွေရော ခေါင်းညိတ်တစ်ဝက်သာ ဖြစ်သည်။ ရလဒ်ကို အာမခံသော ခေါင်းဆောင်တို့တွင်ပင် ရလဒ်မည်မျှ ကောင်းကောင်းရနိုင်မည် ဟူသော ဒုတိယအမေးကို ရင်ဆိုင်ရန် ရှိပါသေးသည်။ ခေါင်းဆောင်တို့ပင် ထပ်မံမဆည်းပူးဘဲ ရပ်တန့်လျှင် နောက် တစ်လှမ်းချင်း ဆုတ်သွားရမည်ဖြစ်ရာ ဦးဆောင်သူတို့အတွက် နေရာ များများ စားစားကျန်မည် မဟုတ်ချေ။
ဤတွင် ထိရောက်သော ခေါင်းဆောင်များ ပေါ်လာတော့သည်။ စွမ်းရည်ထက်မြက်၍ ခေတ်နှင့် စနစ်ကို နိုင်နင်းသော ခေါင်းဆောင်ကောင်းများ ဖြစ်သည်။ လိုအပ်လျှင် ပြောင်းလဲနိုင်သော Transformational Leader များ ဖြစ်သည်။ Result based Leader လည်းဖြစ်သည်။ လုပ် အခြေပြု Tased based Leader ဖြစ်သော စွန့်ဦးတီထွင်သူ ခေါင်းဆောင် (Enterpreneurial Leader) များပင် နေရာမရှိချင်တော့။ စွန့်ဦးတီထွင်မှု အရည်အချင်းတစ်မျိုးတည်းကို အားကိုးမရဟု ဆိုလိုခြင်း ဖြစ်သည်။ ခေါင်း ဆောင်ကောင်းတို့တွင် Enterpreneurial Spirit ဟူသော တီထွင်လိုစိတ်တော့ အခြေခံအားဖြင့် ပါဝင်ရပေမည်။

ခေါင်းဆောင်မှုကို Alan Keith က

“Leadership is ultimately about creating a way for people to contribute to making something extraordinary happen” ဟု လိုတိုရှင်း အဓိပ္ပာယ်ဖော်ခဲ့သည်။ ခေါင်းဆောင်မှုဟူသည် အများ ပြည်သူကို သာမန်ထက်ပိုသော ဖြစ်ရပ်များပေးအပ်နိုင်ရန် အမြင့်ဆုံးလမ်း ကြောင်းတစ်ခု ဖန်တီးပေးခြင်းဟု နားလည်နိုင်သည်။ ခေါင်းဆောင်သည် အများကို ညွှန်ပြရာဖြစ်သည်။ နောက် လိုက်များ၏ အရည်အသွေးကို ဖြည့် ဆည်းပေးပြီး မိမိ၏ ကိုယ်ရည်ကိုယ်သွေးကိုလည်း အမြဲတစေ ထက်မြက်နေစေရန် ကြိုးစားသူလည်း ဖြစ်သည်။ မဟာဗျူဟာရေးဆွဲသူဖြစ်ပြီး နောက်ပါ တို့ကို လိုအပ်သော ပုံသွင်းနိုင်သူလည်း ဖြစ်သည်။

လူတော်များသာ မှန်ကန်သော ခေါင်းဆောင်များဖြစ်ခွင့်ရှိပြီး လူညံ့များကား ဦးဆောင်သူ ဖြစ်နိုင်ကြသည်။ အဖေက ငွေရှိ၍ တည်ထောင်ခဲ့သောကုမ္ပဏီတွင် သားက အရည်အချင်း မပြည့်ဝသော်လည်း ဦးဆောင်သူတော့ ဖြစ်နိုင်ပါသေးသည်။ ခေါင်းဆောင်ကား ဖြစ်မည်မဟုတ်ချေ။

နိုင်ငံများ၏ ECO ဟူသော ခေါင်းဆောင်များ၏ သက်တမ်းကို သုတေသီတို့က သုတေသနပြုကြ၏။ အချို့ပျမ်းမျှ သက်တမ်း ၅ နှစ်မျှရှိ၍ အချို့နိုင်ငံများ၌ နှစ်နှစ်သာ ကြာညောင်းတတ်သည်။ သူတို့ဆီမှ ကုမ္ပဏီများသည် Multinational ဟူသော နိုင်ငံတကာကုမ္ပဏီကြီး များဖြစ်၍ ခေါင်းဆောင်များကို လစာကောင်းကောင်းပေး၍ ငှားရမ်းကြသည်။ သက်တမ်းရှည်ကြာသူ အလွန်ရှားပါးသည်ကို ကြည့်ခြင်းအားဖြင့် ခေါင်းဆောင်တစ်ဦးသည် ယနေ့တော် သော်လည်း သူ့ထက်တော်သောသူများ ပေါ်လာသောအခါ နေရာဖယ်ပေးရသည့်သဘောကို တွေ့နိုင်ပေမည်။ ကုမ္ပဏီအဖွဲ့အစည်းများ၏ အနာဂတ် အကျိုးကို မျှော်ကိုးကြည့်ရှုကြသည် ဖြစ်ရာ ခေါင်းဆောင်များအလွယ်တကူ သူတို့နေရာကို ၀မ်းသာအယ်လဲ ဖယ်ပေးတတ်ခြင်းသည် မထူးဆန်းသော ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ အရှေ့တိုင်းသားတို့တွင် အနည်းငယ်မျှသော နိုင်ငံမှ တစ်ပါး အများစုမှာ ဤယဉ်ကျေးမှု မရတတ်ကြသေးချေ။

ခေါင်းဆောင်ကောင်းရနိုင်ရန် နောက်လိုက်တို့ကလည်း ထိုက်သင့်သော အရည်အချင်းရှိရန် လိုသည်။ ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းကိုလည်း သိထားသင့်သည်။ ဘာဖြစ် ဖြစ်လက်ခံတတ်သော နောက်လိုက်တို့သည် ခေါင်းဆောင်ကောင်း မရတတ်ချေ။ အနောက်နိုင်ငံက အရှေ့ထက် သာသည့် အချက်တစ်ချက်မှာ သူတို့ ခေါင်းဆောင်ကို ဝေဖန်သုံးသပ်နိုင်ကြသော အရည်အချင်းပင်ဖြစ်သည်။ ခေါင်းဆောင်သည် လိမ်ညာဖြီးဖြန်း၍ တော်ရိလျော်ရိလုပ်၍မရ၊ လုပ်ခဲ့သမျှတို့ကို သုတသီတို့က မှတ်တမ်းတင်ထားတတ်ကြသည်။
အဆက်ဆက်တွင် တာဝန်ထမ်း ဆောင်လာကြသော အမေရိကန်သမ္မတ များ၏ အရည်အချင်းကို “စံနှုန်း” ဟူသောဘောင်ထဲထည့်သည့်အခါ

(6) Best Presidents

(1) George Washington

(2) Abraham Linconn

(3) Franklin Roosvett

(4) Thomas Jefferson

(5) Theodore Roosevett

(6) Ronald Reagan

(5) Worst Presidents

(1) Herbert Hooven

(2) Richard Nixon

(3) Zachary Taylor

(4) Jimmy Carter

(5) John Tyler



Great Presidents

(1) George Washington

(2) Abraham Linconn

(3) Franklin Roosvett

Failure

(1) Millard Fillmore

(2) Andrew

(3) Franklin Pierce

အတော်ဆုံး သမ္မတများတွင် သည်ဘက်ခေတ်မှ Ronald Reagan တစ်ဦးသာ ပါဝင်သည်။ အညံ့ဆုံး သမ္မတများတွင်မူ သည်ဘက်ခေတ်က သမ္မတနှစ်ဦး ပါဝင်သည်။ Nixon နှင့် Jimmy Carter တို့ဖြစ်သည်။ Nixon က Water Gate အရေးတော်ပုံဖြင့် နှုတ်ထွက်ပေးလိုက်ရပြီး Jimmy Carter လက်ထက်တွင် မူဝါဒမှားယွင်းမှုကြောင့် အာကသသမိုင်းတွင် ရုရုားတို့က အမေရိကန်ထက် နှာတစ်ဖျား သာသွားခဲ့ဖူးသည်။
သူတို့၏ သုံးသပ်ချက်တွင် ကြီးကျယ်သော Great သမ္မတများကို ရွေးချယ်ထုတ်ပြန်သည့်အပြင် သမ္မတ အရည်အချင်း မမီသူများကိုလည်း စာရင်းပြုစု၍ ထုတ်ပြန်ပါသေးသည်။

ဤသို့တုံ့ပြန်နိုင်မှုကြောင့် တိုး တက်သည်မှာ မဆန်းလှပေ။

ခေါင်းဆောင်ကောင်းတို့သည် နောက်လိုက်တို့ကို ပြုပြင်ရ၏။ ပြင်ပ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ခြင်းဖြစ်သည်။ မြို့ရွာ၊ အစုအဖွဲ့တို့၏ စည်ပင်ဝပြောမှုကိုလည်း ဆောင်ရွက်ရသည်။ အနာဂတ်ကိုလည်း အာမခံချက် ပေးရသည်။ ဥပဒေကိုလည်း လေးစားလိုက်နာရသည်။ အများကို ရင်ဝယ်သားကဲ့သို့လည်း သဘောထားရသည်။ ခေါင်းဆောင်ဖြစ်လျှင် ကိုယ့်အတွက် ဘာမှမရှိ၊ ကိုယ့်အတွက် သူတို့လုပ်နေကြသည် မဟုတ်တော့ဘဲ သူတို့အတွက် ကိုယ်လုပ်နေရခြင်းသာ ဖြစ်လာ၏။
ထိုသို့ဆောင်ရွက်ရန် အတွင်းပြုပြင်ပြောင်းလဲမှုကိုလည်း ဆောင်ရွက်ရသည်။ အတွင်းပြုပြင်ပြောင်းလဲမှုကပို၍ ခက်ခဲသည်။ မိမိ၏ ခံယူချက်၊ အတွေးအခေါ်၊ အနာဂတ်အမြင် စသော စိတ်ပိုင်းဆိုင်ရာ၊ ခံယူချက်တို့ကို ခေါင်းဆောင်တစ်ဦး အရည်အချင်းမီရန် ပြုပြင်ရသည်။ အခြားအတတ်ပညာ၊၊ အသိပညာတို့ကိုလည်း ဆည်းပူးရသည်။ ထို့ပြင် ခေါင်းဆောင်တစ်ဦးသည် အရာ အားလုံးကို မသိနိုင်၊ သိရန်လည်း မဖြစ်နိုင်။ လူတော်တို့ကို သုံးစွဲရဲသော သတ္တိလည်း ရှိရချေသည်။ ဆန့်ကျင်ဘက် စကား၊ အကြံဥာဏ်ဖြစ်ပါက ချင့်ချိန်၍ မျှတစွာ ဆုံးဖြတ်ရသည်။ အဆုံး အဖြတ်မှန်ကန်ရန် ပညာရှိရပေမည်။ဦးဆောင်သူဖြစ်ရန်ကား မခက်ခဲသော်လည်း မှန်ကန်သော ခေါင်းဆောင်ဖြစ်ရန်ကား မလွယ်ကူချေ။
နေဇင်လတ်

Wednesday, February 2, 2011

The Crisis of Democracy

Fukuyama, Francis - The End of History and the Last Man (the Free Press; 1992)

Henry Kissinger - Diplomacy (1994)

Monday, January 17, 2011

(Drucker) ဒရပ်ကာသို့ အမှာစကား -ကျော်ဝင်း


ပညာလူ့ အဖွဲ့ အစည်းတွင် မည်သည့်ပညာမှ စစ်တုရင် ခုံပေါ်မှ ဘုရင်မ အနေအထားမရှိတော့ပါ။ ပညာအားလုံးမှာ တန်းတူ တန်ဖိုးရှိကြသည်သာဖြစ်သည်။ အဆိုပါ ပညာအားလုံး၏ ဦးတည်ရာမှာ လောကလုံးသဘောဆောင်သည့် အမှန်တရားပင် ဖြစ်တော့သည်။ (Peter Drucker) ကျွန်တော်တို့ တစ်တွေမှာ ၀ိဇ္ဇာ၊ သိပ္ပံ၊ သုတ၊ ရသစသော ခွဲခြားသတ်မှတ်ချက်များနှင့်အတူ ကြီးပြင်းလူလားမြောက်ခဲ့ကြသူများ ဖြစ်ပါသည်။ ၀ိဇ္ဇာပညာထဲမှာပင် ပထ၀ီ၊ သမိုင်း၊ ဘောဂဗေဒ စသဖြင့် ထပ်မံခွဲခြားကြသလို သိပ္ပံတွင်လည်း ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ စသဖြင့် အသီးသီး အသက အသက ရှိကြသည်။ အလားတူ ၀တ္ထု ကဗျာမှ ရသ၊ ဆောင်းပါး ဆိုလျှင် သုတ စသဖြင့် ယေဘုယျ နားလည်ထားကြသည်။ စစ်စစ် စပါယ်ရှယ်လိုက်ဇေးရှင်း (Specialization) ဆိုသည်မှာ စက်မှုခေတ်၏ လေ့လာနည်း ဖြစ်သည်။ အင်ဖော်မေးရှင်း တက္ကနိုလိုဂျီ (Information Technology) က စက်မှုခေတ်၏ (Specialized) စပါယ်ရှယ်လိုက်ပညာရပ်များကို ဆွဲစုလိုက်သလို ရှိသည်။ ဤသို့ ဆိုသည်နှင့် ဘာကိုမှ စပါယ်ရှယ်လိုက် လုပ်စရာမလို။ အားလုံးတီးမိ ခေါက်မိ ရှိလျှင် ဖြစ်ပြီဟု သဘောယူ၍ မဖြစ်ပါ။ ပညာရပ်တစ်ခုချင်းအပေါ် ပို၍ နက်နက်ရှိုင်းရှိုင်း စပါယ်ရှယ်လိုက် လုပ်ဖို့ လိုသလို ပညာရပ် အချင်းချင်းကြား ဆက်သွယ်ချက်များကိုလည်း ဆုပ်မိကိုင်မိဖို့ အရေးကြီးသည်။ သေချာသည့်အချက်ကို ပြောရလျှင် ပညာရပ်တစ်ခုတည်းကိုသာ သီးသန့် စည်းချ၍ ကန့် သတ်မရတော့ခြင်း ဖြစ်ပါသည်။ ကြည့်ပါ။ သင်္ချာပညာရပ်မှ (Game Theory) ဂိမ်းသီအိုရီက ဘောဂဗေဒထဲ ရောက်လာသည်။ ရူပဗေဒမှ ခေးအော့(စ)သီအိုရီက လူမှုသိပ္ပံစည်းထဲ ၀င်လာသည်။ ဇီဝဗေဒမှ (DNA) ဒီအင်အေ သရုပ်ခွဲပညာက မနုဿဗေဒ၏ အစိတ်အပိုင်း ဖြစ်လာသည်။ အလားတူ သုတဟု အများယူဆထားသော လူမှုသိပ္ပံကျမ်းများမှာပင် အလှရသ သဘောတွေ ပါလာသည်။ အသိဗေဒနှင့် အလှဗေဒကြားမှ အစဉ်အလာအကန့် များ မှုန်ဝါးလာရာမှ ပျောက်စပင် ပြုလာသည်။ ဤသို့  ပြောင်းလဲလာသည့် အခြေအနေများအောက်တွင် ၀ိဇ္ဇာ၊ သိပ္ပံ၊ သုတ၊ ရသစသော မိမိစွဲလန်းရာ အထိုင်ပေါ်မှ မာနတွေ ပြိုင်နေကြသည် မှာ ဖြစ်သင့်ဖြစ်ထိုက်ပါသလော။ ခေတ်ပြိုင် စီမံခန့် ခွဲမှုပညာရှင် (Peter Drucker) ကမူ ပညာရပ် အားလုံး၏ ဦးတည်ရာကို လောကလုံး သဘောဆောင်သည့် အမှန်ဟု လမ်းကြောင်း တည်ပေးထားသည်။ သတိပြု ဆင်ခြင်ကြပါကုန်…….။ From: ဆရာ ကျော်ဝင်း ရဲ့  ဒုတိယအတွေး စာအုပ်မှ ကူးယူတင်လိုက်ပါသည်။

{ Peter Drucker ဆိုလျှင် Management စာတွေပါ မပါရင် မဖြစ်သော ဂုရုတစ်ယောက် ဖြစ်ပါတယ်။ 2005 ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမယ့် သူရေးခဲ့တဲ့ Management စာအုပ်တွေဟာ အခုထက်ထိ နိုင်ငံတကာမှာ ဘာသာပြန်ရော စာအုပ်တွေပါ နာမည်ကြီးပါတယ်။ အတွေးအခေါ်ပိုင်းရော ဘာသာရပ်ဆိုင်ရာတွေမှာပါ ပညာရှင်တစ်ယောက်အဖြစ်သာမကပဲ သူကိုယ်တိုင် ဘာသာရပ်တွေကို တစ်လိုင်းစီမဟုတ်ပဲ Law ဘာသာရပ်တွေပါမကျန် လိုလိုလားလား လေ့လာခဲ့တာကြောင့် ပညာရပ်နယ်ပယ်အသိုင်းအ၀ိုင်းက လက်ခံထားတဲ့ ဆရာတဆူပါ။ အရမ်းအားကျဖို့ ကောင်းတဲ့ Guru ကြီးဖြစ်ပါတယ်။ …..သျှင် }

http://mevision.wordpress.com/2009/08/28/drucker


  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP