Sunday, August 22, 2010

နိုင်ငံရေး သဘောတရားများ မိတ်ဆက် (၁)

လူသားတိုင်းသည်၊ နိုင်ငံရေး တွေးခေါ်သူများဖြစ်ကြသည်၊၊ မိမိကိုယ်ကို မိမိနိုင်ငံရေး တွေးခေါ်သူဟု သိ၍ဖြစ်စေ၊ မသိဘဲ ဖြစ်စေ သူတို့၏ သူတို့၏ နိုင်ငံရေး ထင်မြင်ချက်များကို ပြောဆိုကြသည့်အခါတိုင်း၊ နိုင်ငံရေး အတွေးအခေါ်များနှင့် ယူဆချက်များကို အသုံးပြုကြသည်၊၊

လူသားတို့၏ နေ့စဉ်သုံးစကားတွင်၊ လွတ်လပ်မူ (Freedom)၊ တန်းတူရေး (Equality)၊ အခွင့်အရေးများ (Right)စသော ၊နိုင်ငံရေး အသုံးအနူန်းများကို ဖောဖာသီသီ အသုံးပြုကြသည်၊၊ အလားတူပင် ကွန်ဆာဗေးတစ်၊ လစ်ဘရယ်ဆိုရှယ်လစ်၊ ကွန်မျူနစ်၊ ဖက်ဆစ်စသော နိုင်ငံရေးစကားလုံးများကို ကိုယ်ပိုင်ထင်မြင်ချက်ကို ဖြစ်စေ၊ပြောဆိုရာတွင် လည်း၊ ဝေေ၀ဆာဆာ အသုံးပြုကြသည်၊၊

သို့ရာတွင်၊ လူသားများသည် ထိုနိုင်ငံရေး စကားလုံးများနှင့် ရင်းနှီးကျွမ်းဝင် နေကြသော်လည်း၊ ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း၊ တိတိကျကျ သိ၍ပြောဆို သုံးစွဲနေကြခြင်းကား မဟုတ်ပေ၊၊ ဥပမာ - တန်းတူရေး(Equality) ဆိုသည်မှာ၊ မည်သည့် အဓိပ္ပါယ် ရှိသနည်း၊၊ လူတိုင်း အခွင့်အရေး တူညီရမည်ဟု ဆိုလိုဘာသလား၊။ သို့မဟုတ် လူတိုင်းလုပ်ခလစာ ညီတူညီမျှရရမည်ဟု ဆိုလိုဘာသလား၊၊ မည်သည်ကို ဆိုလိုဘာသနည်းဟု မေးလျှင်၊တိတိကျကျ ရှင်းရှင်းလင်းလင်း ဖြေဆိုနိုင်ကြမည် မဟုတ်ပါ၊၊

အလားတူပင်၊ကွန်မြူနစ်၊ ဖက်ဆစ်စသော နိုင်ငံရေးစကားလုံးများကိုလည်း၊ တလွဲအသုံးပြုနေကြသည်ကိုလည်း တွေ့ ရပါသည်၊၊ အဘယ်ကြောင့် လူတယောက်ကို ကွန်မြူနစ်ဟု ခေါ်ရသနည်း၊။ကွန်မြူနစ် တယောက်သည်၊ မည်သို့သော နိုင်ငံရေးစံနူန်းများ (Political values) နှင့် ယုံကြည်ချက်များ (beliefs) ကိုစွဲကိုင်ထားပါ သနည်း၊၊ အဘယ်ကြောင့် ထိုစံနူန်းများနှင့် ယုံကြည်ချက်များကို စွဲကိုင်ထားရဘာသနည်း၊၊ ကွန်မြူနစ်တစ်ယောက်၏ နိုင်ငံရေးအမြင်သည် လစ်ဘရယ်၊ကွန်ဆာဗေးတစ်၊ ဆိုရှယ်လစ် ဆိုသူတို့၏ နိုင်ငံရေး အမြင်များ နှင့်မည်သို့ ခြားနားဘာသနည်း..စသည်ဖြင့် မေးခွန်းထုတ်လျှင်လည်း တိတိကျကျ ရှင်းရှင်းလင်းလင်းဖြေဆို နိုင်မည် မဟုတ်ပါ၊၊


(၂)

နိုင်ငံရေးတွင်၊ နိုင်ငံရေး သီဝရီထုတ်သူများ (Political theorists) ရှိပါသည်၊၊ သူတို့သည် နိုင်ငံရေး ပြဿနာများကို စနစ်တကျစုံစမ်းစစ်ဆေးရန်၊ အားထုတ်ကြပါသည်၊၊ ထိုအပြင် နိုင်ငံရေး ဝေါဟာရအသုံးအနူန်းများနှင့် နိုင်ငံရေးအယူအဆများကိုလည်း ခွဲခြမ်းစိတ်ဖြာပြီး၊ ၄င်းတို့ မည်သည့်နေရာမှ မြစ်ဖျားခံကာ ဖြစ်ပေါ်လာသည်ကိုဖေါ်ထုတ်ရန် ကြိုးပမ်းကြပါသည်၊၊

နိုင်ငံရေးသီဝရီ (Political theory) ဆိုသည်မှာ၊ နိုင်ငံရေးအကြောင်း တွေးခေါ်စဉ်းစားသော၊ စဉ်းစားတွေးခေါ်ပုံ နည်းလမ်းတခု ဖြစ်ပါသည်၊၊ စဉ်းစား တွေးခေါ် ရာတွင် ဝေဖန်စီစစ်သော အမြင်ဖြင့် အနုလုံ၊ ပဋိလုံ စဉ်းစားနေတွေးခေါ်သည်၊၊ သို့ရာတွင် နိုင်ငံရေးသီဝရီသည် နိုင်ငံရေး၏ အမှန်တရားကို ရှာဖွေဖေါ်ထုတ်သော၊ နည်းလမ်းမဟုတ် သကဲ့သို့ ၊နိုင်ငံရေးတွင် မည်သူမှန်ပြီး မည်သူမှားကြောင်း ဆုံးဖြတ်သော နည်းလမ်းလည်းမဟုတ်ချေ။ နိုင်ငံရေးသီဝရီသည်၊ နိုင်ငံရေး စံနူန်း ပြဌါန်းပေးမူ နှင့်သက်ဆိုင်သည်၊၊ ဒဿနဆိုင်ရာယုံကြည်ချက်များ(Philospphical beliefs) နှင့် စာရိတ္တဆိုင်ရာစံနူန်းများ (Moral values)ကို အခြေခံကာ ၊ကမ္ဘာလောကြီးအကြောင်းကို ခွဲခြမ်းစိတ်ဖြာ စိစစ်ရန်နှင့် ရှင်းလင်းပြောပြသော အလုပ်တို့ကို နိုင်ငံရေးသီဝရီက လုပ်ရပါသည်၊၊

နိုင်ငံရေးသီဝရီ ထုတ်သူများသည်၊ ကောင်းမွန်သော လူအဖွဲ့ အစည်း(Good society)၏ သဘာဝကိုထုတ်ဖော်ပြရန် အစဉ်အလာအားဖြင့် ကြိုးပမ်းအားထုတ်ကြပါသည်၊၊ ကောင်းမွန်သောလူအဖွဲ့ အစည်းဆိုသည်မှာ၊ လူအများ အကျင့်ဇာရိတ္တကောင်းမွန်ပြီး၊ တရားမျှတမူရှိသော (သို့မဟုတ်) တရားဥပဒေစိုးမိုးမူရှိသော၊ လူအဖွဲ့ အစည်းဖြစ်သည်၊။

နိုင်ငံရေး သီဝရီ ထုတ်သူများ အနေဖြင့်၊ သူတို့နေထိုင်သော လူ့အဖွဲအစည်းအကြောင်းကို ကောင်းစွာသိနားလည်ပြီး၊ အများသိအောင် ဖော်ထုတ်တင်ပြရန် တာဝန်ရှိသကဲ့သို့၊ ၊သူတို့ဖြစ်စေချုင်သော (သို့ မဟုတ်) ဖြစ်သင့်သော(သို့မဟုတ်) ဖြစ်ရမည်၊၊ လူ့အဖွဲ့အစည်းမျိုးကို သရုပ်ဖော် ရေးသားချယ်မူန်းရန် တာဝန်လည်းရှိပါသည်၊၊

(၃)

နိုင်ငံရေးသဘောတရားများ ( Political Ideologies)သည်၊ ၁၉ ရာစု အစောပိုင်းကာလအထိ မပေါ်ပေါက်သေးပါ၊၊ သဘောတရား (Ideology) ဆိုသည်မှာ၊ ကမ္ဘာလောကကြီး အကြောင်းကို သိနားလည်ရန်နှင့် အများသိအောင် ရှင်းလင်းပြောပြရန်၊ ဖွဲ့ စည်းစုစည်း တည်ဆောက်မည့် အဆောက်အအုံ တည်ဆောက်ရေးကို ၊အထောက်အကူပြုသော ယုံကြည်မူစနစ်ဖြစ်သည်၊၊

နိုင်ငံရေးသဘောတရား (Political Ideology )သည်၊ နိုင်ငံရေး ပြုမူဆောင်ရွက်မူ (Political Action) အမျိုးအစားတခုကို ပြုမူဆောင်ရွက်ရန် အခြေခံ (သို့မဟုတ်) ရေခံ၊ မြေခံကို ပေးသော ၊နိုင်ငံရေး အတွေးအခေါ်များ အစုအစည်း (Set of Political Ideas) ဖြစ်သည်၊၊ ထို့ကြောင့် နိုင်ငံရေး သီဝရီ နှင့် နိုင်ငံရေး သဘောတရားတို့သည်၊ တခုနှင့် တခု မတူကြချေ၊၊

နိုင်ငံရေး သီဝရီထုတ်သူများသည်၊ နိုင်ငံရေးပြဿနာများကို စုံစမ်းစစ်ဆေးပြီး အတွေးအခေါ်၊ အယူအဆများ၏ အဓိပ္ပါယ် ပိုမိုတိုးတက် ကောင်းမွန်လာအောင်လည်း လုပ်ဆောင်ကြပါသည်၊၊ ထိုသို့ လုပ်ဆောင်ရာ၌၊ မည်သည့်ဝါဒ ၊သဘောတရားကိုမျှ သဘောတူ၍လည်းကောင်း၊ မည်သည့်ပါတီအုပ်စုလူပ်ရှားမူ၊ အစိုးရတို့၏ အကျိုးစီးပွားကို ထောက်ခံ၍သော်၎င်း ၊လုပ်ဆောင်ခြင်းမျိုး မဟုတ်ချေ၊ သို့ရာတွင် နိုင်ငံရေး သဘောတရားများသည် ၊တစုံတဦးကို ၄င်းတို့၏ သြဇာလွှမ်းမိုးမူမှ၊ ရုန်းထွက်ရန်ခက်ခဲ (သို့မဟုတ)် မဖြစ်နိုင်လောက်အောင်၊ ခေတ်သစ် ယဉ်ကျေးမူများထဲတွင်၊ နက်နက် ရိုင်းရိုင်း အမြစ်တွယ် နေတတ်ပါသည်၊၊

အတွေးအခေါ်များ၏ အခန်းကဏ္ဍ


သဘောတရားများ (Ideologies) သည်၊ လူ့ အဖွဲ့အစည်း၌ အလွန်အရေးပါ သည်ဟု နိုင်ငံရေးတွေးခေါ်ရှင်များအားလုံးက၊ မယူဆကြပေ၊၊ တခါတရံ အချို့ က၊ နိုင်ငံရေး (Politicals)ကို၊ အာဏာရရန် ၊ဗြောင်ကျကျ ကြိုးပမ်းလုပ်ဆောင်ခြင်းထက် မပိုဟု ထင်မြင်ယူဆကြသည်၊၊ အကယ်၍ ဤထင်မြင်ယူဆချက်သာ ၊မှန်ခဲ့လျှင် ၊နိုင်ငံရေး အတွေးအခေါ်များဆိုသည်မှာလည်း ၀ါဒဖြန့်ချီရေးသက်သက်၊ တနည်းအားဖြင့် အများပြည်သူ ထောက်ခံမူရရန်(သို့) ရွေးကောက်ပွဲ မဲအနိုင်ရရန်အတွက် ၊တမင်စီစဉ်ကြံဆထားသော၊ စကားလုံးများ(သို့)ဆောင်ပုဒ်များ ဟူ၍သာဆိုရမည်ဖြစ်သည်၊၊

ထိုသို့ဆိုလျှင်၊ အတွေးအခေါ်များ (Ideas) နှင့် သဘောတရားများ( Ideologies) သည်၊ နိုင်ငံရေးဘ၀၏ နက်နဲသော၊ အစစ်မှန်တရားကို ဖုံးကွယ်ထားရန်အတွက် ၊အိမ်ပြူတင်းပေါက်များမှာ တပ်ဆင်ထားသော၊ "ပြူတင်းလိုက်ကာ" များသာဖြစ်သည်ဟု ကင်းပွန်းတပ် ကြရပေလိမ့်မည်၊၊ ဥပမာအားဖြင့်၊ အစဉ်အလာ မက်(စ်)၀ါဒီများက ၊နိုင်ငံရေးအတွေးအခေါ်များကို၊ အဆိုပါနိုင်ငံရေး အတွေးအခေါ် ထုတ်လုပ်သူများ၏ စီးပွားရေး (သို့) လူတန်းစားအကျိုးစီးပွားအရသာ နားလည်နိုင်သည် ယူဆကြသည်၊၊

ထို့ ကြောင့် မက်(စ်)၀ါဒီများသည်၊ နိုင်ငံရေးကို လူတန်းစား အရသာ ခွဲခြမ်း စိတ်ဖြာလေ့လာကြပါသည်၊။ တချို့ မက်(စ်) ၀ါဒီများသည်၊ နိုင်ငံရေးသဘောတရားများ (Political Ideologies) ကို "သီးသန့်ဖြစ်သော လူတန်းစားများ၏ အကျိုးစီးပွားဖော်ပြချက်" ဆိုသည်ထက် ပိုပြီးလက်မခံ ကြပါ၊၊

ကွန်ဆာဗေးတစ်များကမူ၊ နိုင်ငံရေးအတွေးအခေါ်များကို အလေးပေးစဉ်းစားရန် ဆန္ဒမရှိကြချေ။။ သို့သော် ခေတ်သစ် ကွန်ဆာဗေးတစ်ဝါဒသည်၊ စီးပွားရေးမူဝါဒများနှင့် နိုင်ငံရေးမူများကို နက်နက်နဲနဲ အာရုံ့ စိုက်လာသည် ကိုတွေ့ရသည်၊၊ ကွန်ဆာဗေးတစ်များက၊ ကမ္ဘာလောကကြီးသည်၊ လူသားများပြည့်ပြည့်စုံစုံ နားမလည်နိုင်လောက်အောင်၊ ရူပ်ထွေးနက်နဲသည်ဟု၊ အစဉ်အလာ အားဖြင့် ၊ယုံကြည်ကြပါသည်၊၊ စိတ်ချယုံ ကြည်လောက်ပြီး စနစ်ကျသော၊ လူမူဘ၀ခွဲ ခြမ်းစီစစ်မူသည် မဖြစ်နိုင်၊၊ နိုင်ငံရေးသဘောတရားအားလုံးကို သံသယဖြင့်ကြည့်ရမည်၊၊ နိုင်ငံရေးသဘောတရားအားလုံးကို မယုံသင်္ကာမူ ဖြင့်စစ်ဆေးရမည် ဟုသူတို့က ဆိုပါသည်၊၊ အစဉ်အလာ ကွန်ဆာဗေးတစ်တယောက်အတွက် ညဏ်ပညာ အမျှော်အမြင် နှင့်ပြည့်စုံသော၊ နိုင်ငံရေးဆုံးဖြတ်ချက် တခုချမှတ်နိုင်ရန် ၊အတွေးအခေါ်၊ သဘောတရား နှင့် ယုံကြည်ချက်တို့ကို အခြေမခံဘဲ၊ အတွေ့အကြုံ (experience) နှင့် အစဉ်အလာ (tradition) တို့ကိုသာ အခြေခံပါသည်၊၊

ဂျွန်မေနဒ်ကိန်း (John Maynerd kyenes)၏အမြင်မှာ ကွန်မြူနစ်များ ၊ကွန်ဆာဗေးတစ်များ၏ အမြင်များနှင့် ဆန့်ကျင်ဖက်ဖြစ်ပါသည်၊။ သူက ကမ္ဘာလောကကြီးကို စီးပွားရေပညာရှင်များနှင့် နိုင်ငံရေးတွေးခေါ်ပညာရှင်များ၏ အတွေးအခေါ်များသာ စိုးမိုးသည်၊၊ ပညာရှင်များ၏ သြဇာလောင်းရိပ်အောက်မှ လွတ်ကင်းသည်ဟု မိမိကိုယ်မိမိ ယုံကြည်ထားသော၊ လက်တွေ့သမားဆိုသူများပင်၊ ကွယ်လွန်သွားပြီး ဖြစ်သည့် ၊စီးပွားရေးပညာရှင် (သို့) နိုင်ငံရေးတွေးခေါ်ရှင်တဦးဦး၏ ကျေးကျွန်ဖြစ်နေကြောင်း တွေ့ရသည် ဟုဆိုပါသည်၊၊ နိုင်ငံရေးပါတီခေါင်းဆောင်ဆိုသူများ ၊ အစိုးရအဖွဲ့ခေါင်းဆောင်ဆိုသူများသည်၊ သူတို့သိ၍ ဖြစ်စေ၊ မသိဘဲဖြစ်စေ၊ အမှန်တကယ်တွင်မူ ၊ ပညာရှင်သုခမိန်ကြီးများ၏ စိတ်ကူးယဉ်အိပ်မက်များကို ၊ လက်တွေ့အကောင်အထည် ဖေါ်ဆောင်နေသူများသာဖြစ်သည် ဟုလည်းသူကဆိုပါသည်၊၊

တချို့ သောသူများသည်၊ ကမ္ဘာလောကကြီးကို အမှန်တကယ် စိုးမိုးနေသူများမှာ အတွေးအခေါ်များ ထုတ်လုပ်ရေးသားနေသော ပညာရှင်သုခမိန် များသာဖြစ်သည်ဆိုသော ကိန်းရဲ့  ယူဆချက် မှန်ကန်ကြောင်းကို၊ ခေတ်သစ်အရင်းရှင်ဝါဒသည် အဒမ်စမစ် (Adam Smit) နှင့် ဒေးဗစ် ရီကာဒို (David Ricardo) စသော စီးပွားရေး ပညာရှင်များ၏ စီပွားရေးဆိုင်ရာ ရေးသားချက်များကြောင့် ဖွံဖြိုးလာခြင်းဖြစ်သည် ဆိုသောအချက် နှင့် ကား(လ်)မက်(စ်) နှင့် လီနင်တို့၏ ရေးသားချက်များကြောင့်၊ ကွန်မြူနစ်ဝါဒ တိုးတက်ဖြစ်ပေါ်လာလာသည်ဆိုသော အချက်တို့က သက်သေပြနေကြောင်း အကြောင်းပြကြပါသည်၊၊
အမှန်တကယ်တွင် ၊ဤအကြောင်းပြချက်သည်၊ တဖက်သတ်ကျယုံသာမက ၊မပြည့်စုံဟုလည်း ဆိုရပါမည်၊၊ နိုင်ငံရေးအတွေးအခေါ်များသည် ပုဂ္ဂလိကအကျိုးခံစားခွင့် (သို့) ပုဂ္ဂိုလ်ရေးရည်မှန်းချက်၏ လူပ်ရှားမူမဲ့ထင်ဟပ်မူ ဖြစ်ရုံသာမက၊ ၄င်းတို့တွင် နိုင်ငံရေးပြုမူဆောင်ရွက်မူတခုကို လှုံ့ဆော်ရန် နှင့် လမ်းညွန်ရန်၊ ရုပ်ဘ၀ကို သြဇာလွမ်းမိုးရန် စွမ်းရည်များ ရှိပါသည်၊၊ နိုင်ငံရေးအတွေးအခေါ်များသည် ၊လေယာနယ် ( vacuum) ထဲမှ ထွက်ပေါ်လာခြင်း မဟုတ်ပဲ (သို့) မိုးစက်မိုးပေါက်များလို ကောင်းကင်ထက်ကကျလာခြင်းလည်း မဟုတ်ချေ၊ ၊ဖြစ်ပေါ်တိုးတက်၊ ပြုပြင်ပြောင်းလဲနေသော၊ သမိုင်းဆိုင်ရာအခြေအနေများနှင့် နိုင်ငံရေး ရည်မှန်းချက်များက၊ နိုင်ငံရေးအတွေးအခေါ် အားလုံးကို ပုံသွင်းထားခြင်းဖြစ်ပါသည်၊၊

နိုင်ငံရေးသီဝရီနှင့် နိုင်ငံရေးလက်တွေ့ ဆောင်ရွက်မှုများသည်၊ တခုနှင့်တခု သီးခြားကင်းလွတ်ခြင်း မရှိကြပါ၊၊ ထို့ကြောင့် တည်ငြီမ်ပြီး သွေးဆောင်စည်းရုံးနိုင်သော၊ မည်သည့် နိုင်ငံရေးဘ၀ အရေးပါမူ မဆိုသည်တဖက်မှ အတွေးအခေါ် နှင့် သဘောတရားအကြား စဉ်ဆက်မပြတ် အပြန်အလှန်အကျိုး သက်ရောက်နေမှူကို အသိအမှတ်ပြုရမည် ဖြစ်သကဲ့သို့၊အခြားတဖက်မှသမိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတို့၏ စွမ်းအင်အားတို့ကို အသိအမှတ်ပြုရမည် ဖြစ်ပါသည်၊၊
အတွေးအခေါ်များနှင့် သဘောတရားများသည် ၊နိုင်ငံရေးဘ၀ကို နည်းလမ်းပေါင်းမျိုးစုံဖြင့် သြဇာလွမ်းမိုးသည်၊၊ ကမ္ဘာလောကကြီးကို မည်သို့နားလည်ရှင်းလင်းဖေါ်ပြရမည်ကို အတွေးအခေါ်များနှင့် သဘောတရားများက ရူထောင့်အမြင် တည်ဆောက်ပေးသည်၊၊ လူသားသည် ကမ္ဘာလောကကြီး အမှန်တကယ် ဖြစ်ပျက်နေသည်ကို၊ အမှန်တကယ် ဖြစ်ပျက်နေသည့်အတိုင်း ၊မြင်နိုင်စွမ်း မရှိကြပါ။ သူတို့၏ စိတ်ထဲတွင် ဖြစ်စေချင်သည့် အတိုင်းသာ မြင်ကြ သည်၊၊ တနည်းအားဖြင့် ယုံကြည်စွဲလန်းမူများ ၊စိတ်ကူးများ ၊အထင်အမြင် စသည့် မျက်နှာဖုံးများကို ဖြတ်ပြီး တဆင့်ခံသာ မြင်ကြသည်၊။ လူတိုင်းသည် သိ၍ဖြစ်စေ မသိဘဲဖြစ်စေ၊ သူတို့၏ အပြုအမူကိုလမ်းညွန်ပြီး ၊သူတို့၏လုပ်ဆောင်ချက်ကို သြဇာပေးသော နိုင်ငံရေး ယုံကြည်မူ တခုခုသို့ တိမ်းညွန် သဘောတူလိုကြ သည်၊၊

အကျိုးရလဒ် အားဖြင့် နိုင်ငံရေးအတွေးအခေါ်များနှင့် သဘောတရားများသည်၊ နိုင်ငံရေးလှူပ်ရှားမူ ပြုလုပ်ရန် လှုံဆော်သော ရည်မှန်းချက်ပန်းတိုင်ကို ပြဌါန်းပေးသည်၊၊
ဤအကြောင်းကြောင့်ပင်၊ နိုင်ငံရေးသမားများသည် မတူသော သြဇာသက်ရောက်မူနှစ်ခု၏ သက်ရောက်မူကိုခံရရန် အလားအလာ ဖြစ်စေသည်၊၊
(၁) နိုင်ငံရေးသမားတိုင်း အာဏာလို ကြသည်၊၊ ဤအချက်ကို လုံးဝသံသယ ရှိစရာမလိုပေ၊၊ အာဏာရလိုခြင်းက ၊နိုင်ငံရေးသမားကို လက်ငင်းအကျိုးကိုကြည့်ကာ၊ ရွေးကောက်ပွဲတွင်၊ အများပြည်သူတို့၏ ထောက်ခံမူရစေမည့် ပေါ်လစီများနှင့် အတွေးအခေါ် များကို ချမှတ်စေသည်၊၊
(၂) နိုင်ငံရေးသမား အာဏာရလို ခြင်းမှာ ၊ သူ၏အကျိုး သက်သက်အတွက်မဟုတ် ၊အာဏာရလျှင်၊ အာဏာကိုအသုံးပြုပြီး မည်သည်ကိုလုပ်မည်၊ မလုပ်ဟူသော မူဝါဒသဘောတရား ၊ စံနူန်း နှင့်ခိုင်မာသော ခံယူချက်များ၊ နိုင်ငံရေး သမားတွင် ရှိစေသည်၊၊

လက်ငင်းအကျိုးကို အခြေခံသောစဉ်းစားခြင်းနှင့် ၀ါဒသဘောတရားကိုအခြေခံသော၊ စဉ်းစားခြင်းနှစ်ခုအကြား ချိန်ခွင်လျှာသည်၊ နိုင်ငံရေးသမား တဦးနှင့် တဦးကွာခြားပါသည်၊၊ နိုင်ငံရေးသမား တဦးတည်းမှာပင်၊ သူ၏နိုင်ငံရေး ဘ၀သက်တမ်း၌ အချိန်ကာလအပိုင်းအခြားအလိုက် ကွာခြားပါသေးသည်၊၊ တချို့သော နိုင်ငံရေးသမားများ၊ ဥပမာ -ဟစ်တလာ ကဲသို့သော နိုင်ငံရေးသမားများသည်၊ ခက်ထန်ပြီး တယူသန်သော၊ သဘောတရားရေး ရည်းမှန်းချက်ကို ကတိပြုသည်၊၊ ဟစ်တလာ၏ တွေးခေါ်ရေးသားချက်များသည်၊ ဂျူးဝါဒ ဆန့်ကျင်ရေး နှင့်ဥရောပတွင် ဂျာမာန် လူမျိုးကြီးစိုးသော ၊လူမျိုးရေး အင်ပါယာ ထူထောင်ရေး ဖြစ်သည်၊၊ မက်(စ်) ၀ါဒကိုင်ဆွဲသော တော်လှန်းရေးသမားများ ၊ဥပမာ -လီနင်သည်၊ လူတန်းစားမဲ့ကွန်ြ့မူနစ် လူ့ဘောင်တည်ဆောက်ရေး သဘောတရား ရည်မှန်းချက်ကိုကတိပြုသည်၊၊

ဟစ်တလာ ဥပမာတွင်ဟစ်တလာသည် ဂျူးဝါဒဆန့်ကျင်ရေး တိုက်ခိုက်ရေးသားမူများကို သူနိုင်ငံအကြီးအကဲ ဖြစ်လာသည့် ၁၉၃၃ ခုနှစ် နောက်ပိုင်းတွင် အရှိန်အဟုန် မြင့်လာခဲ့သည် မှာ သံသယ ရှိစရာ မလိုသော်လည်း၊သူ၏ ဒုတိယကမ္ဘာစစ် ကာလအတွင်း စတင်ကျင့်သုံးလာသော ဂျူးလူမျိုးအစတုံး ဖျောက်ဖျက်ရေးပေါ်လစီ မစတင်မှီ အထိဖြစ်လာသည်၊၊ လီနင် ဥပမာတွင် လီနင်သည် အရင်းရှင်ဝါဒကို အလွန်မုန်းတီးသော်လည်း၊ ၁၉၂၁ ခုနှစ်၌ စီးပွားရေးဝါဒအသစ်ကို ရေးဆွဲပြီး အကန့်အသတ်ရှိသော၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကို ရုရှားတွင် ခွင့်ပြုခဲ့သည်၊၊

အခြားသော နိုင်ငံရေးသမားများ၊ အထူးသဖြင့် အမေရိကန်နိုင်ငံမှ နိုင်ငံရေးသမားများကို "နိုင်ငံရေး ကုန်စည်" အဖြစ် သဘောထားကြသည်၊၊ထိုသို့သဘောထားကြခြင်းမှာ အမေရိကန် နိုင်ငံရေး သမားများသည်၊ နိုင်ငံရေးအတွေးအခေါ် (သို့) ပေါ်လစီများကို ဂရုမစိုက်ဘဲ၊ သူတို့၏ လူအထင်အမြင်ကောင်းမူ (Image) နှင့် ပင်ကိုယ်အရည်အသွေး (Personality) တို့ကို အခြေခံ ပြီး၊ သူတို့ကိုယ် သူတို့ ရောင်းစားရန် ဆန္ဒရှိကြသောကြောင့် ဖြစ်သည်၊၊

သို့ရာတွင် အမေရိကန် နိုင်ငံရေးသမားများသည် အမှန်တကယ်အားဖြင့် အာဏာမက်မောသည့် လက်ငင်းအကျိုးကြည့်သမားများ မဟုတ်ကြပေ၊၊ အမေရိကန်နိုင်ငံရေးတွင် အတွေးအခေါ်နှင့် စံနူန်းများ၏ အရေးပါမူကို အဓိက နိုင်ငံရေးပါတီကြီး နှစ်ခုဖြစ်သော ရီပတ်ဗလင်ကင် (Republicans) နှင့် ဒီမိုကရက် (Democrats) ပါတီကြီးတို့၏ တူညီပြီး ကျယ်ပြန့် နက်ရိုင်းသော သဘောတရားရေး ရည်မှန်းချက်များဖြင့် ကွယ်ဝှက်ထားသည်၊၊

အားလုံးသော အမေရိကန်နိုင်ငံရေးသမားများသည် ၊အမေရိကန်ဝါဒ (သဘောတရား)ဟု ဆိုရမည့်၊ လစ်ဗရယ်- အရင်းရှင်စံနူန်းဖြစ်သည့် ၊လွတ်လပ်သော ဈေးကွက်စီးပွားရေး ကောင်းမြတ်ခြင်း တရားကို သဘောတူ လက်ခံကြသည်၊၊ အမေရိကန်နိုင်ငံဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေတွင် ပြဌါန်းထားသော စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာကြသည်၊၊

နိုင်ငံရေး အတွေးအခေါ်များသည် ၊နိုင်ငံရေးစနစ်များ၏ သဘာဝကို ပုံသွန်းပေးသည်၊၊ကမ္ဘာတ၀ှမ်းတွင် မတူခြားနားသော အစိုးရစနစ်မြောက်များစွာရှိသည်၊၊ အစိုးရစနစ်တိုင်းတွင်၊ ကွဲပြားခြားနားသော စံနူန်းများ(သို့) မူများရှိသည်၊၊ အကြွင်းမဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်များသည်၊ နက်ရိုင်းစွာ တည်ဆောက်ထားသော၊ ဘာသာရေး အတွေးအခေါ်များ အထူးသဖြင့် "ဘုရားသခင်က ရှင်ဘုရင်ကိုပေးအပ်ထားသော အာဏာ" ဆိုသည့် အတွေးအခေါ်အပေါ်တွင် အခြေခံသည်၊၊

ယခုခေတ် အနောက်နိုင်ငံများ၏ နိုင်ငံရေးစနစ်များသည်၊ လစ်ဘရယ်ဒီမိုကရေစီမူအပေါ် အခြေခံ၍ တည်ဆောက်ထားကြသည်၊၊"အစိုးရအာဏာကို ကန့်သတ်ထားရမည်၊။ အစိုးရသည် ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေအရသာ အုပ်ချူပ်ရမည်၊၊ အစိုးရသည် အများပြည်သူ ကိုယ်စားပြုအစိုးရ ဖြစ်ရမည်၊၊ ပြည်သူ့ကိုယ်စားပြုအစိုးရကို၊ လွတ်လပ်၍မျှတသော ပုံမှန်ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပပြီး၊ ရွေးချယ်တင် မြှောက်ရမည်၊၊ " စသည့် လစ်ဘရယ်ဒီမိုကရေစီ အတွေးအခေါ်များကို ယခုခေတ် အနောက်နိုင်ငံများသည်၊ စံနမူနာပြုရအောင် လေးစားကြပါသည်၊၊

အလားတူပင်၊ အစဉ်အလာ ကွန်မြူနစ် နိုင်ငံရေးစနစ်များသည်လည်း၊ မက်(စ်)လီနင်ဝါဒ (သဘောတရား)ကို လိုက်နာကြသည်၊၊ ကွန်မြူနစ်နိုင်ငံများတွင်၊ ကွန်မြူနစ်ပါတီ တခုတည်းကသာ အာဏာကို ရယူပြီး နိုင်ငံကိုအုပ်ချူပ်သည်။ ကွန်မြူနစ်ပါတီ၏ နိုင်ငံအာဏာသည် အလုပ်လုပ်သော လုပ်သားပြည်သူလူတန်းစားကို ကွန်မြူနစ်ပါတီကသာ ကိုယ်စားပြုသည်" ဟူသောလီနင်၏ အတွေးအခေါ်ပေါ်တွင် အခြေခံသည်၊၊

နိုင်ငံရေးအတွေးအခေါ်နှင့် နိုင်ငံရေးသဘောတရားများသည် လူမူပေါင်းစည်းညီညွတ်ရေးကြားခံ (Socail Cement) အဖြစ် ဆောင်ရွက်သည်၊၊ လူမူရေးအုပ်စုများ(သို့) လူ့အဖွဲ့အစည်းကြီး တခုလုံးအတွင်း ၊ တပြေးညီယုံကြည်ချက်နှင့် စံနုန်းများကို ဖြစ်ပေါ်စေသည်၊၊ နိုင်ငံရေးသဘောတရားကို ကိုင်စွဲမူသည် လူတန်းစားအလိုက်ကွဲပြားသည်၊၊ ဥပမာ - အလယ်အလတ်လူတန်းစားများက လစ်ဘရယ်ဝါဒ မြေပိုင်ရှင်သူကောင်းမျိုးရိုး လူတန်းစားများက ကွန်ဆာဗေးတစ်ဝါဒ၊ အလုပ်သမားလူတန်းစားက ဆိုရှယ်လစ်ဝါဒ စသည်ဖြင့် နိုင်ငံရေးအတွေးအခေါ်များနှင့် သဘောတရားများသည်၊ လူတန်းစားတရပ်၏ ဘ၀အတွေအကြုံများ၊ အကျိုးစီးပွားနှင့် ရည်မှန်းချက်များကို ထင်ဟပ်ဖေါ်ပြသည်၊၊ ဘက်တော်သားစိတ်ဓါတ် ပေါ်ပေါက်လာအောင်နှင့် သွေးစည်းညီညွတ်မူရှိရန် အားပေးကူညီသည်၊၊ ထို့အပြင် နိုင်ငံရေး အတွေးအခေါ် နှင့် နိုင်ငံရေးသဘောတရားသည် လူ့အဖွဲ့အစည်းတခုတည်းရှိ၊ မတူသော လူမျိုးရေးအုပ်စုများနှင့် လူတန်းစားအုပ်စုများကို တစည်းတလုံးတည်းဖြစ်အောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိပါသည်၊၊ ဥပမာ- အနောက်-ဥရောပ နိုင်ငံများတွင် တပြေးညီ လစ်ဘရယ်ဒီမိုကရေစီ၊ အခြေခံအုတ်မြစ်စံနူန်းများ ရှိပါသည်၊၊ မူဆလင်နိုင်ငံများတွင် အစ္စလမ် အတွေးအခေါ်များက၊ တပြေးညီ စာရိတ္တ ဆိုင်ရာစည်းမျဉ်း စည်းကမ်းများ နှင့် ယုံကြည်မူ များကို တည်ဆောက်ပေးပါသည်၊၊

သဘောတရား၏ အဓိပ္ပါယ် ......

သဘောတရား (Ideology) ဆိုသော ဝေါဟာရအသုံးအနူန်းကို ပြင်သစ်တော်လှန်ရေးကာလက တီထွင်ခဲ့သည်၊၊ ၁၇၉၇ ခုနှစ်တွင် ၊ ဒက်စကျူဒေ ထရန်စီ (Destutt de Trancy) ဆိုသူက ၊အတွေးအခေါ် သိပ္ပံသစ်တခု ( A new science of Ideas) ကို ရည်ညွန်းရန်အတွက် ပထမဦးဆုံး အသုံးပြုခဲ့သည်၊၊ သို့ရာတွင် သဘောတရား (Ideology) အယူအဆပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့်ပတ်သက်ပြီး ၊အကြီးအကျယ် အငြင်းပွါးစရာများရှိပါသည်၊၊

တဖက်တွင် နိုင်ငံရေးအတွေးအခေါ်များအားလုံး အစုအစည်း (All sets of Political Ideas) သို့မဟုတ် -အီဇီယမ် (-isms) များအားလုံးကို သဘောတရားများ (Ideologies) ဟု ရည်ညွန်း ပြောဆို နိုင်သကဲ့သို့ ၊အခြားတဖက်တွင် တခါတရံ ၌၊တယူသန်သည် ၊တရားသေဆန်သည်၊၊အစွန်းရောက်သည်၊ မှားသည် ဟုရည်ညွန်းနိုင်သော ရူတ်ချခံအဓိပ္ပါယ် ရှိသည်၊၊

မာတင်ဆေလီဂါ (Martin seliger) က၊ ၁၉၇၆ ခုနှစ်ထုတ်၊ သူ၏ နိုင်ငံရေး နှင့် သဘောတရား(Politics and Ideology) စာအုပ်တွင်၊သဘောတရား(Ideology) ကို အောက်ပါ အတိုင်း အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်၊၊

"သဘောတရား (Ideology)သည် အတွေးအခေါ်များ အစုအစည်းတခု (A set of Ideas) ဖြစ်သည်၊၊ထိုအတွေးအခေါ်များ အစုအစည်းကို အခြေခံကာ လူများသည် စည်းရုံးလုပ်ဆောင်သော လူမူလုပ်ဆောင်ချက် (Organized Social action) တခု၏ ရည်မှန်းချက် နှင့် နည်းလမ်းများကို၊ အဆိုပါရည်မှန်းချက်သည် ရှိဆဲ လူ့ အဖွဲ့ အစည်းကို ထိန်းသိမ်းရန်လား ၊ပြုပြင်ပြောင်းလဲရန်လား၊ ဖျက်ဆီးပစ်ရန်လား၊ ပြန်လည်တည်ဆောက်ရန်လားဟု ထည့်သွင်းမစဉ်းစားဘဲ ဖေါ်ထုတ်တင်ပြ(Posit) သည်၊၊ ရှင်းပြ (Explain)သည်။ မှန်ကန်သင့်လျှော်ကြောင်း အကြောင်းပြချက်ပေး(Justify)သည်၊၊"

ထို့ ကြောင့်၊ သဘောတရားများ (Ideologies) တွင်၊ အချင်းချင်း အပြန်အလှန် ချိတ်ဆက်ပြီး ရှေ့ နောက် ညီညွတ်သော အတွေးအခေါ်များ ပါဝင်သည်၊၊ တချို့ က သဘောတရားများသည်၊ တွေးခေါ်စဉ်းစားမူစနစ်များ(System of thought)ကို စုစည်းထားခြင်း ဖြစ်သည်ဟု ဆိုကြသည်၊၊ ဤသို့ဆိုလျှင် ကွန်ဆာဗေးတစ်ဝါဒနှင့် ဖက်ဆစ်ဝါဒ တို့တွင်၊ အတွေးအခေါ်များသည် စနစ်ကျမူ (သို့မဟုတ်) ရှေ့နောက်ညီညွတ်မူထက်၊ အတွေးအခေါ်အချင်းချင်း စည်းလုံးညီညွတ်ပြီး၊ တခုကိုတခု ကူညီထောက်ပံ့နေခြင်းကို မည်သို့ဆိုမည်နည်း၊၊

သဘောတရားများတွင် ရေးသားဖော်ပြထားသော ၀ိသေသလက္ခဏာများနှင့် စံနူန်းပြဌါန်းသော ၀ိသေသလက္ခဏာများပါဝင်သည်၊၊ ၄င်းတို့သည် လူ့အဖွဲ့အစည်းတခု မည်သို့လူပ်ရှား လည်ပတ်ရမည့် အကြောင်းနှင့် မည်သို့လူပ်ရှားလည်ပတ်သင့်ကြောင်း ရှင်းလင်းဖေါ်ပြသည်၊၊

သဘောတရားများသည် လူမူပြုမူဆောင်ရွက်မူကို ဗဟိုပြုသောကြောင့် နိုင်ငံရေးနှင့် သက်ဆိုင်သည်၊၊ သဘောတရားများသည် စည်းရုံးလုပ်ဆောင်သော လူမူလုပ်ဆောင်ချက်တခုခုအားတာဝန် ယူဆောင်ရွက်နေသည့် လူအုပ်စုများကို လှူံဆော်ပြီး လမ်းညွန်မူပေးသည်၊၊ အဆိုပါလူမူလုပ်ဆောင်ချက်များသည်၊ အသွင်သဏ္ဍန် အမျိုးမျိုး ဖြစ်နိုင်သည်၊၊

သဘောတရားသည် ၊တည်ရှိဆဲ လူ့အဖွဲ့ အစည်းတခုအား၊ အပြောင်းအလဲမဖြစ်ရန် ထောက်ကန်ကာ အကာအကွယ်ပေးသည်၊၊ ဥပမာ -ကွန်ဆာဗေးတစ် ၀ါဒ(သဘောတရား)
၎င်းနှင့် ဆန့်ကျင်ဖက်အားဖြင့် ၊လစ်ဘရယ်ဝါဒနှင့် ဆိုရှယ်ဒီမိုကရေစီဝါဒသဘောတရားများသည်၊ ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်တည်ဆောက်ရေး လိုအပ်ချက်ကို သဘောတူ ထောက်ခံသည်၊၊ ကွန်မြူနစ်၊ ဖက်ဆစ် နှင့် မင်းအစိုးရမဲ့ဝါဒသဘောတရားများကမူ တော်လှန်ရေးလုပ်ပြီး ရှိရင်းလူအဖွဲ့အစည်းကို ဖျက်သိမ်းကာ၊ ပြန်လည်တည်ဆောက်မည့် ၊လူ့အဖွဲ့အစည်းအသစ်၌ ၄င်းတို့၏ ၀ါဒသဘောတရားများဖြင့် ၊အစားထိုး တည်ဆောက်လိုကြသည်၊၊

သဘောတရားကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း နှင့်ပတ်သက်၍၊ ကွဲပြားသောအယူအဆများကို၊ မက်(စ်)၀ါဒီများနှင့် လစ်ဘရယ်တွေးခေါ်ရေးသမားများက ထုတ်လုပ်ကြသည်။ မက်(စ်)၀ါဒ တည်းမှာပင်၊ ကွဲပြားသော အဓိပ္ပါယ် ဖွင့်ဆိုချက် နှစ်မျိုးကို တွေ့ရသည်၊၊
(၁)မက်(စ်)က "အတွေးအခေါ်များသည် လူတန်းစားအလိုက် မတူကွဲပြားသည့် လူအဖွဲ့အစည်းများ ဖြစ်ပေါ်တည်ဆောက်နေရခြင်းကို အရင်းခံသော ပဋိပက္ခများအား ကွယ်ဝှက်ထားမှသာ သဘောတရား ဖြစ်သည် ဟုဆိုသည်၊၊"
ထို့ ကြောင့် မက်(စ်) ၀ါဒီများအနေဖြင့်၊ သဘောတရား၏အဓိပ္ပါယ်ကို၊ ဖွင့်ဆိုကြရာ၌ အကျိုးမဖြစ်ထွန်းသော၊ အပြစ်သာမြင်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုသာ ဖွင့်ဆိုခဲ့ကြသည်၊၊ မက်(စ်)၀ါဒီ များအမြင်မှာ၊ "သဘောတရားရေးဆန်သော အတွေးအခေါ်များသည် မှားသည်၊၊ ၄င်းအတွေးအခေါ်များသည် အစစ်အမှန်တရား (Reality) ကို ပုံပျက်ပန်းပျက်ဖြစ်သွားစေယုံသာမက၊ ဇောက်ထိုးပြောင်းပြန်လည်း လှန်ပစ်ကြသည်" ဟူ၍ ဖြစ်ကြသည်၊၊
အခြားတဖက်တွင်မူကား မက်(စ်)၀ါဒီများသည် "လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခများကိုဖေါ်ထုတ်ပြသည့် မက်(စ်)၏ ကိုယ်ပိုင်သီအိုရီများသာ သိပ္ပံနည်းကျသည် ဟုဆိုကြသည်၊၊ တဖန်၊ သဘောတရားသည် ၊အရေးပါသော လူမူလုပ်ဆောင်မူများကို လုပ်သည်၊၊ အဘယ်ကြောင့်ဆိုသော် လူတန်းစားတခုက အခြားလူတန်းစားတခုအား ၊ခေါင်းပုံဖြတ်သွေးစုတ်ခြင်း နှင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ အစစ် အမှန်တရားကို ကွယ်ဝှက်ထားခြင်းဖြင့်၊ ဥစ္စာပစ္စည်းပိုင်ဆိုင်သော၊ အုပ်ချုပ်သူလူတန်းစားတို့၏ အကျိုးစီးပွါးကို ထောက်ကန်အကာအကွယ်ပေးထား၍ ဖြစ်သည်" ဟုဆိုကြ ပြန်သည်။

(၂) သို့သော် နောက်ပိုင်းတွင်၊ လီနင်နှင့် ဂရမ်စီ(Gramsci) ကဲ့သို့သော မက်(စ်)၀ါဒီများက၊ သဘောတရားအဓိပ္ပါယ်ကို အကျိုးဖြစ်ထွန်းသော အဓိပ္ပါယ်ဖြစ်အောင် ဖွင့်ဆိုလာကြသည်၊၊ သူတို့က ''သဘောတရား များသည်၊ သီးသန့်စီဖြစ်နေသော လူတန်းစားများ၏ အကျိုးစီးပွါးကို ဖြစ်စေသည့် အတွေးအခေါ်အစုစည်းများ'' ဟုအဓိပ္ပါယ် ဖွဲ့ဆိုကြသည်၊၊
ထို့ အပြင်လူတန်းစားတိုင်းသည် ၊၄င်းတို့၏ ကိုယ်ပိုင်သဘောတရားများကို ထုတ်လုပ်ကြသည်။ ထို့ကြောင့် ပစ္စည်းမဲ့ဝါဒသဘောတရား (Proletarian Ideology)ရှိသကဲ့သို့ အရင်းရှင်ဘူဇွာဝါဒ သဘောတရား (bourgeois Ideology) လည်းရှိသည်၊၊ထိုဝါဒသဘောတရားများသည် မှားချင်မှားမည်၊ မှန်ချင်မှန်မည် ဟုလည်းဆိုကြသည်၊၊
ထိုကြောင့် မက်(စ်)၀ါဒီများ၏ အပြစ်မြင်သော သဘောတရားအဓိပ္ပါယ် ဖွင့်ဆိုချက်တွင်၊ သဘောတရား (Ideology)နှင့် သိပ္ပံပညာ (Science) တို့ကွဲပြားခြားနားချက်ကို သတိမပြုမိဘဲ ရှိခဲ့သည် ဟုဆိုရမည်ဖြစ်သည်၊၊

လစ်ဘရယ် အတွေးအခေါ်သမားများ ဖြစ်ကြသည့် Karl Popper နှင့် Deniel Bell ကဲ့သို့သော သူများကလည်း၊ သဘောတရားကို အပြစ်မြင် ရူထောင့်ကသာ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြသည်၊၊

သူတို့က " သဘောတရားများသည် ၊နိုင်ငံရေး တွေးခေါ်စဉ်းစားမှု အပိတ်စနစ်များ၊ (Closed Systems of political thought) သာဖြစ်သည်" ဟုအဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြသည်၊၊ တဖန် သူတို့ က၊ "သဘောတရားများသည်၊ အမှန်တရား (truth)ကို လက်ဝါးကြီးအုပ်ထားလိုကြသည်။ အရာရာတိုင်းကို သူတို့ကသာ ရှင်းလင်းပြောကြားလိုကြသည်၊၊ ထိုသို့ ရှင်းလင်းပြောပြ ရာ၌လည်း ပြိုင်ဖက်အမြင်နှင့် ဆန့် ကျင်ဖက် သီဝရီများကို သီးညည်းမခံကြ။ ထို့ကြောင့် သဘောတရား (Ideology) ဆိုသည်မှာ ၊သီးညည်းခံမူမရှိသော၊ ဆင်ဆာဖြတ်တောက်မူပြုသော၊ နိုင်ငံရေ ဖိနှိပ်ချူပ်ချယ်မူပြုသော လောကီဘာသာရေး တမျိုးသာဖြစ်သည်" ဟုဆိုကြသည်။

လစ်ဘရယ် တွေးခေါ်စဉ်းစားသူများသည်၊ မက်(စ်)၀ါဒ (Marrism)နှင့် ဖက်ဆစ်ဝါဒ (Fascism) များကို သဘောတရားများ (Ideologies) များ ဖြစ်သည်ဟု ထုတ်ဖေါ် ပြောဆိုပြီး၊ထိုဝါဒ နှစ်ခုစလုံးသည်၊ ဖိနှိပ်ချုပ်ချယ်သော အကြွင်းမဲ့ အာဏာရှင် နိုင်ငံရေးစနစ်ကိုဖြစ်ပေါ်စေသည်ဟုလည်း ထောက်ပြကြသည်၊၊

ဤယူဆချက်များ အတိုင်းသာဆိုလျှင် မည်သည့်နိုင်ငံရေး အတွေးအခေါ်အစုစည်းမှ၊ သဘောတရား (Ideology) မဟုတ်ကြဟု ဆိုကြရတော့မည်ဖြစ်သည်၊၊ အမှန်အားဖြင့် လစ်ဘရယ်ဝါဒ (Liberalism)သည်၊ တွေးခေါ်စဉ်းစားမူအပွင့်စနစ် (An open system of thought) ဖြစ်ပါသည်၊၊ လစ်ဘရယ်ဝါဒက အမှန်တရား( truth)ကို လက်ဝါးကြီး အုပ်ရန် မတောင်းဆိုပါ၊၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ နိုင်ငံရေးအမြင် ပွင့်လင်းစွာယှဉ် ပြိုင်ခွင့်တို့သည် အခြေခံအားဖြင့် ကွဲပြားခြားနားနေသော်လည်း ၀ါဒနှစ်ခုစလုံးသည် သဘောတရား (Ideology) ကို မကောင်း မှားသည်၊ ဖိနှိပ်ချူပ်ချယ်မူ ပြုသည်ဟု ရူတ်ချသည့် အမြင်ဖြင့်သာ အဓိပ္ပါယ်ဖွင့်ဆိုကြသည်၊၊

မာတင်ဆေလီဂါ ( Martin Seliger) ဖွင့်ဆိုသော သဘောတရား၏ အဓိပ္ပါယ်သည်ပြည့်စုံခြုံငုံသောကြောင့် အလွန်အကျိုးများပါသည်၊၊သဘောတရားကိုကောင်းသည်၊ ဆိုးသည် ဟုမဝေဖန်ဘဲ ကြားနေသောကြောင့်၊ နိုင်ငံရေးအတွေးအခေါ် အစုအစည်းများ အားလုံးအတွက် အသုံးပြု၍ ရပါသည်၊၊

သဘောတရားတိုင်းတွင် ထူးခြားသောဝိသေသလက္ခဏာ များရှိသည့် ယုံကြည်မူများနှင့် အတွေးအခေါ် အစုအစည်းများ ရှိနိုင်သည်၊၊ သို့သော်ထို အတွေးအခေါ်များသည် ပြန်လည်သုံးသပ်ပြုပြင်ခြင်း ကိုစဉ်ဆက်အပြတ် ခံနေကြရသည်၊၊

အမှန်တကယ်အားဖြင့် အားလုံးသော နိုင်ငံရေးအယူအဆများသည် ပြောင်းလဲ တတ်သောသဘာဝရှိသည်။ နိုင်ငံရေးယူဆချက်တခုသည် အတုမဲ့အနိုင်းမဲ့မဟုတ် ထာဝရသဘောလည်းမရှိ၊၊ ထို့ကြောင့် နိုင်ငံရေးသဘောတရားများသည်လည်း အခြေအတင်ဆွေးနွေးငြင်းခုံမူများနှင့် ပြောင်းလဲနေသောသမိုင်းကြောင်း အခြေအနေများ၏ တွန်းအားပေးမူကြောင့် တဆင့်ပြီးတဆင့် တိုးတက်ဖြစ်ထွန်းနေသော စဉ်းစားတွေးခေါ်မူများသာ ဖြစ်ကြပါသည်၊၊


ခိုင်အောင်ဝင်း
၁၀-၁၀-၂၀၀၈

ကျမ်းကိုး---
(၁)Larrain ,J .The concept of Ideology (London: Huchinson, 1979)
(၂)Larrain, J. Marxism and Ideology (London, Macmillam ,1983)
(၃)Heyword ,Andrew. Political Ideologies (London, Macmillan 1992)

http://www.ald-exile.org/

နိုင်ငံရေးသဘောတရားများ မိတ်ဆက်

(၁) နိဒါန်း

လစ်ဘရယ်ဆိုသော ဝေါဟာရ အသုံးအနူန်းကို၊ (၁၄) ရာစုကပင် စတင်သုံးးစွဲ လာခဲ့သည်။ သို့သော်အဓိပ္ပါယ် အမျိုးမျိုးရှိခဲ့သည်၊၊ "လွတ်လပ်သော လူတန်းစား"( a class of free men) ၊ တနည်းအားဖြင့် မြေကျွန် (သို့) ငွေဝယ်ကျွန် မဟုတ်သော သူများဟု အဓိပ္ပါယ် ရှိခဲ့သည်၊၊ ထို့အပြင်၊ အစားအသောက် ကူညီပေးကမ်းမူ၌ ၊ရက်ရောသည် (သို့) လူမူရေး သဘောထား ရိုးသားပွင့်လင်းသည် ဟူ၍လည်း အဓိပ္ပါယ် များရှိခဲ့သည်။ နောက်ပိုင်းတွင် တဖြည်းဖြည်း လစ်ဘရယ်၏ အဓိပ္ပါယ်ကို အတွေးအခေါ်ပွင့်လင်းခြင်းနှင့် လွတ်လပ် စွာရွေးချယ်ခြင်း ဟူ၍လည်း အဓိပ္ပါယ်ဆက်စပ် နားလည်လာခဲ့ကြသည်၊၊ လစ်ဘရယ်ဝါဒ (Liberalism) ဟူသော အသုံးအနူန်းကိုမူ ၊အလွန်နောက်ကျပြီးမှ သုံးစွဲလာခဲ့သည်၊၊ ၁၉ ရာစု အစောပိုင်း ကာလအထိ၊ "လစ်ဘရယ်ဝါဒ " ဟူသော အသုံးအနုန်းကို မတွေ့ရသေးပေ၊၊ ၁၈၁၂ ခုနှစ်တွင်၊ စပိန်၌ စတင်သုံးစွဲခဲ့ပြီး၊ ၁၈၄၀ ခုနှစ် များမှ စတင်ကာ၊ ဥရောပတခွင်လုံး၌၊ မတူကွဲပြားသော နိုင်ငံရေးအတွေးအခေါ်တခု (a dinstictive set of political ideas) ဟုရည်ညွန်းပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာခဲ့သည်၊၊
စနစ်ကျသော နိုင်ငံရေးအယူဝါဒ (Political Creed) အဖြစ် လစ်ဘရယ်ဝါဒသည် ၁၉ ရာစု မတိုင်ခင်အထိမရှိခဲ့သော်လည်း၊ လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်က၊ စတင်ပေါ်ပေါက်ကာ ဖွံဖြိုးတိုးတက်လာသော၊ အတွေးအခေါ်များနှင့် သီဝရီများပေါ်တွင် ၊အခြေခံသော ၀ါဒဖြစ်သည်၊၊ ဥရောပတွင် မြေရှင်ပဒေသရာဇ် စနစ်ကျဆုံးပြီး ၄င်းနေရာတွင် အစားထိုး ၀င်ရောက်ကြီးထွားလာသော ဈေးကွက် (သို့) အရင်းရှင် လူမူ အဖွဲ့အစည်း၏ အကျိုးဆက်အဖြစ် လစ်ဘရယ်အတွေးအခေါ်များ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်၊၊
လစ်ဘရယ်ဝါဒသည် အသစ်ပေါ်ထွန်းလာသော လူလတ်တန်းစားတို့၏ အကျိုးစီးပွားနှင့် မြေရှင်ပဒေသရာဇ်တို့၏ အကြွင်းမဲ့အာဏာတို့ ပဋိပက္ခများကို ထင်ဟပ်သည်၊၊ လစ်ဘရယ်အတွေးအခေါ်သည် အခြေခံကစပြီး ပြုပြင်ပြောင်းလဲရေးကို လိုလားသော အတွေးအခေါ် ဖြစ်သည်၊၊ ဖြစ်နိုင်လျှင် တဆင့်ဆင့် တချိန်ချိန်၌ တော်လှန်ပြောင်းလဲပြစ်လိုသော အတွေးအခေါ် သဘောထားလည်းရှိသည်၊၊ ရှေးက လစ်ဘရယ် အတွေးအခေါ်ဟူ၍ နိုင်ငံရေး သဘောတရားတခုအဖြစ် မရှိခဲ့သော်လည်း ၁၇ ရာစု အင်္ဂလိပ်တော်လှန်ရေး၊ ၁၈ ရာစု အမေရိကန် နှင့် ပြင်သစ်တော်လှန်ရေး တို့သည် လစ်ဘရယ်အတွေးအခေါ်၏ အရိပ်လက္ခဏာ ပြယုဂ်များဖြစ်ကြသည်၊၊
လစ်ဘရယ်ဝါဒီများသည် အကြွင်းမဲ့ အာဏာကျင့်သုံးသော မြေရှင်ပဒေသရာဇ် စနစ်ကို ယှဥ့်ပြိုင် စိန်ခေါ်ခဲ့ကြသည်၊၊ အကြွင်းမဲ့ အာဏာ စနစ်နေရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချူပ်သော အစိုးရစနစ်ကို ကျင့်သုံးရန်နှင့် နောက်ပိုင်းတွင် ပြည်သူလူထုကိုယ်စားပြု အစိုးရစနစ်ကို ကျင့်သုံးရန် တိုက်ပွဲဝင်ခဲ့ကြသည်၊၊ လစ်ဘရယ်ဝါဒီများသည် မြေရှင်ပဒေသရာဇ်စနစ်၏ တရားမျှတမူကင်းမဲ့ခြင်းနှင့် မြေပိုင်ရှင် သူကောင်းမျိုးရိုးတို့၏ နိုင်ငံရေး နှင့် စီးပွားရေးတွင်၊ အခွင့်အရေးတူခြင်းတို့ကို အပြင်းအထန် ဝေဖန်ရူတ်ချခဲ့ကြသည်၊၊ ထို့အပြင် သူတို့သည် ဘာသာရေးတွင် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်အတွက် တိုက်ပွဲဝင်သော လှူပ်ရှားမူများကို အားပေးထောက်ခံပြီး ဘုရားကျောင်းတော်များ၏ လုပ်ပိုင်ခွင့်အာဏာကို အကြီးအကျယ် ကန့်ကွက်ခဲ့ကြသည်။

၁၉ -ရာစုကို လစ်ဘရယ်ရာစုနှစ် ဟုခေါ်ဆိုရမည်ဖြစ်သည်၊၊ ဥရောပတခွင်၌ စက်မူတော်လှန်ရေး ပျံ့နှံ့ခဲ့ပြီး ၊လစ်ဘရယ် အတွေးအခေါ်အောင်ပွဲခံလာသောကြောင့် ဖြစ်သည်၊၊ လစ်ဘရယ်ဝါဒီများသည် ၊အစိုးရ၏စွက်ဖက်မူမှကင်းသော ၊စက်မူနှင့် ဈေးကွက် စီးပွားရေးစနစ်ကို ထောက်ခံတင်ပြခဲ့ကြသည်၊၊ ဤစီးပွားရေးစနစ်တွင် စီးပွားရေးသမားများအား၊ "အမြတ်" ရှာခွင့်ပြုရမည်ဖြစ်ပြီး ၊နိုင်ငံအစိုးရများက၊ တနိုင်ငံနှင့် တနိုင်ငံ လွှတ်လပ်စွာ ကုန်သွယ်ခွင့်ကို အားပေးရမည်ဖြစ်သည်၊၊ ဤကဲ့သို့သော စက်မူအရင်းရှင် စီးပွားရေးစနစ်သည် ၊အင်္ဂလန်နိုင်ငံ၌ ၊၁၈ ရာစုအလယ်ပိုင်း လောက်မှ စတင်ပြီး၊ ပထမဦးဆုံးဖြစ်ထွန်း တိုးတက်ခဲ့သည်၊၊ ၁၉ ရာစု အစောပိုင်းလောက်တွင်မူ ၊ အင်္ဂလန်နိုင်ငံတွင်၊ ဤစီးပွားရေး စနစ်လုံးဝအခြေခိုင် သွားခဲ့ပြီဖြစ်သည်၊၊
နောက်ပိုင်းတွင် စက်မူအရင်းရှင် စီးပွားရေးစနစ်သည်၊ မြောက်အမေရိကနှင့် ဥရောပသို့ပြန့်နှံ့ ရောက်ရှိသွားသည်၊။ ဥရောပတွင်၊ အနောက်ဥရောပသို့ ပထမဆုံး ပြန့်နှံ့ရောက်ရှိပြီးနောက်ပိုင်းတွင် ၊တဖြည်းဖြည်း အရှေ့ဥရောပသို့ ပျံ့ နှံ့ရောက်ရှိသွားခဲ့ သည်၊၊
၂၀-ရာစု အတွင်း၌ ၊လူမူရေးနှင့် နိုင်ငံရေး ဖွံ့ ဖြိုးတိုးတက်မူကို အနောက်တိုင်းစံဖြင့် တိုင်းတာလာသောအခါ၊ အာဖရိက၊ အာရှ နှင့် လက်တင် အမေရိက တို့မှ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအား၊ စက်မူ အရင်းရှင်စီးပွားရေးစနစ်သည်၊ များစွာ ဆွဲဆောင်မူရှိလာခဲ့သည်၊၊ သို့ရာတွင်၊ တတိယကမ္ဘာမှ အချို့သော နိုင်ငံများသည်၊ လစ်ဘရယ် အရှင်းရှင်ဝါဒ၏ ဆွဲဆောင်မူအားကို တွန်းလှန်ကြသည်၊၊ အဘယ်ကြောင့်ဆိုသော် ၄င်းနိုင်ငံများ၏ နိုင်ငံရေး ယဉ်ကျေးမူ (Political Culture) သည်၊ တဦးချင်း အကျိုးစီးပွားထက် ၊လူ့အဖွဲ့ အစည်းတခုလုံး၏ အကျိုးစီးပွားကိုသာ ၊အလေးထား ဦးစားပေးသောကြောင့် ဖြစ်သည်၊၊ ဤကဲ့သို့သော နိုင်ငံများ၌ အနောက်တိုင်း လစ်ဘရယ်ဝါဒထက် ဆိုရှယ်လစ်ဝါဒ (သို့မဟုတ်) အမျိုးရေး ၀ါဒ ထွန်းကားရန် ၊ရေခံ၊ မြေခံကောင်းများကိုသာ ဖြစ်ပေါ်စေခဲ့သည်။
ဂျပန်တွင် စက်မူအရင်းရှင် စီးပွားရေးစနစ်ဖွံ့ဖြိုး အောင်မြင်လာသောအခါ ဂျပန်စနစ်ကို တဦးချင်းအကျိုးစီးပွားထက် လူအဖွဲ့အစည်းတခုလုံး၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေသော အသွင် လက္ခဏာရှိသည်ဟြ ယူဆရန် အကြောင်းဖြစ်ပေါ်လာခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဂျပန်၌ စက်မူအရင်းရှင် စီးပွားရေးစနစ်အခြေခိုင်လာရခြင်းမှာ တဦးချင်းအကျိုးစီးပွားကို အခြေမခံဘဲ အစဉ်အလာ၊ အတွေးအခေါ် ဖြစ်သော၊ လူအများ (အမျိုးသား) အပေါ် သစ္စာစောင့်သိမူ နှင့်တာဝန် ယူမူတို့အပေါ်တွင် အခြေခံ တည်ဆောက်ထားသောကြောင့် ဖြစ်သည်၊၊
အနောက်တိုင်းနိုင်ငံရေး စနစ်များကို လစ်ဘရယ်ဒီမိုကရေစီစနစ်ဟု ခေါ်ဆိုရခြင်းမှာ၊ ၄င်းနိုင်ငံရေးစနစ်များကို လစ်ဘရယ် အတွေးအခေါ်၊ စံနုန်း များဖြင့် ပုံသွန်းထားသောကြောင့်ဖြစ်သည်၊၊ အနောက်တိုင်းနိုင်ငံရေးစနစ်များတွင် အစိုးရများသည် ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံ ဥပဒေအရသာ၊ အုပ်ချူပ်ကြရသည်၊၊ ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံ ဥပဒေတွင် ၊အစိုးရ၏ အာဏာကို ကန့် သတ်ထားပြီး ပြည်သူ လူထု၏ လွတ်လပ်ခွင့် များကို အကာအကွယ် ပေးထားသည်၊၊ အစိုးရသည်၊ ပြည်သူလူထု ကို ကိုယ်စားပြုသော အစိုးရ ဖြစ်ရသည်၊၊ အစိုးရ အာဏာကို ရရှိရန်၊ နိုင်ငံရေး ပါတီများသည်၊ ပြည်သူလူထု၏ ဆန္ဒကို ခံယူသော ၊ရွှေးကောက်ပွဲ များ၌၊ ယှဉ်ပြိုင်၍ အရွှေးချယ်ခံကြရသည်၊၊
"လစ်ဘရယ် ဒီမိုကရေစီ စနစ်" သည်၊အနောက်ဥရောပ နှင့်မြောက် အမေရိက တို့ ၌၊ ပထမ ဦးဆုံး ဖွံ့ ဖြိုးလာခဲ့ ပြီး ၊နောက်ပိုင်းတွင် တတိယ ကမ္ဘာနုင်ငံ အများအပြား တွင်၊အမြစ်တွယ် သွားခဲ့ ရသည်၊၊ ၁၉၁၉-၉၀တော်လှန်ရေး များနောက်ပိုင်း၌ ၊အရှေ့ ဥရောပ နိုင်ငံများတွင်လည်း ၊လစ်ဘရယ် ဒီမိုကရေစီ စနစ်ကျင့် သုံးလာကြသည်၊၊ အနောက်တိုင်း ပုံစံ လစ်ဘရယ် ဒီမိုကရေ စီ စနစ် ကျင့်သုံးလာကြသည်၊၊ အနောက်တိုင်း ပုံစံ လလစ်ဘရယ် ဒီမိုကရေစီင်္စနစ် ကို၊ အချို့ သောအာရှ နှင့် အာဖရိက နိုင်ငံများ၊ လွတ်လပ်ရေး ရပြီးနောက် ကျင့်သုံးခဲ့ ကြသည်။ သို့ ရာတွင် အချို့ သောနိုင်ငံများ၌ သာအောင်မြင်ပြီး၊ တချို့ နိုင်ငံများတွင် မအောင်မြင်ချေ၊ အောင်မြင်သော နိုင်ငံများတည်းတွင်၊အာရှတိုက် မှအန္ဒိယ နိုင်ငံသည် ၊ကမ္ဘာ့ အကြီးဆုံး လစ်ဘရယ်ဒီမိုကရေစီ စနစ်ကျင့်သုံးသော ၊နိုင်ငံဖြစ်လာသည်၊၊ အချို့ သော နိုင်ငံများ ၌ လစ်ဘရယ် ဒီမိုကရေစီင်္စနစ်၊ မအောင်မြင်ဘဲ၊ ပြို ပျက်သွားရခြင်းမှာ၊ စက်မူအရင်း ရှင်စနစ် မထွန်းကား ၍တကြောင်းနှင့် ၄င်းနိုင်ငံများ၏ တိုင်းရင်းဖြစ် နိုင်ငံရေး ယဉ်ကျေး မူသဘောဝ တို့ ကြောင့် တကြောင်းဖြစ်သည်၊၊
ထိုကဲ့ သို့ သော နိုင်ငံများ၏ ၊တိုင်းရင်းဖြစ် နိုင်ငံရေး ယဉ်ကျေးမူများနှင့် မတူဘဲ ၊အနောက်နိုင်ငံများ၏ နိုင်ငံရေးယဉ်ကျေးမူသည်၊ လစ်ဘရယ် -အရင်းရှင်စံနူန်း (Liberal- Capitalist Values) များ၊အခြေခံ အုပ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်၊၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် နှင့်လွတ်လပ်စွာ ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့် ....စသော၊လစ်ဘရယ် ၀ါဒ အတွေးအခေါ်များသည်၊ အနောက်တိုင်း လူ့ အဖွဲ့ အစည်းများ၌ ၊ယုံမှား သံသယဖြစ်ခြင်း ၊ငြင်းဆို ကန့် ကွက် ခြင်း မရှိတော့ဘဲ ၊မဖေါက်မပြန် မြဲ မြန်သော နိင်ငံ ရေး ယဉ်ကျေးမူ အဖြစ်၊နက်နက် ရိုင်းရိုင်း အမြစ်တွယ်နေပြီးဖြစ်သည်၊၊
လစ်ဘရယ် ၀ါဒသည်၊ စက်မူဖွံ့ ဖြိုးသော အနောက်တိုင်း ၌၊ သြဇာတိက္ကမ ကြီးမားသော၊နိုင်ငံရေး သဘောတရား တရပ် ဖြစ်နေပြီဖြစ်သည်၊၊တချို့ သော နိုင်ငံရေး တွေးခေါ်ရှင်များက လစ်ဘရယ်ဝါဒ နှင့် အရင်းရှင် ၀ါဒတို့ အကြား၊ ပေါင်းကူးဆက်စပ် မူသည် မလွဲမသွေ လိုအပ်သည်ဟု ဆိုကြသည်၊၊ မက်(စ်) ၀ါဒီများကမူ ''လစ်ဘရယ် အတွေးအခေါ်များသည် အရင်းရှင် လူမူအဖွဲ့ အစည်းအတွင်း ၊ ဓနဥစ္စာ ပိုင်ဆိုင်သော၊ အုပ်ချူပ် သူလူတန်းစား၏ စီးပွားရေး အကျိုးအမြတ် ကိုထင်ဟပ်သည်'' ဟုယုံကြည်ကြသည်၊၊
သူတို့ က လစ်ဘရယ်ဝါဒကို ''ဘူဇွာ သဘောတရား'' (Bourgeois Ideology)ဟု သမုတ်ကြသည်၊၊ အခြား တဖက်တွင်၊ Friendrich Hayek ကဲ့သို့ သော၊ လစ်ဘရယ်အတွေးခေါ် ရှင်များကလည်း၊ "ပုဂ္ဂလိက ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့်၊အသုံးပြုခွင့် နှင့်ထုခွဲ ရောင်းချ ပိုင်ခွင့် စသော၊ စီးပွားရေး လွတ်လပ် ခွင့် (Economic freedom) ကို၊ နိုင်ငံရေး လွတ်လပ်မူ (Political Liberty) ရှိရန် အတွက်၊မဖြစ်မနေ အာမခံချက်ပေးရမည်။ ထို့ ကြောင့်  လလစ်ဘရယ် ဒီမိုကရေစီ နိင်ငံရေး စနစ် နှင့် ပြည်သူလူထုတို့ ၏ လွတ်လပ်ခွင့် များကို ၊လေးစားအသိအမှတ် ပြုမူတို့ သည်၊ အရင်းရှင် စီးပွားရေး စနစ် ဘောင်အတွင်း မှာသာဖြစ်နိုင်သည် " ဟု ယုံကြည်ကြသည်၊၊
လစ်ဘရယ် ၀ါဒသည်၊တဖက် ကအောင်မြင်မူ ရလာသကဲ့ သို့ အခြားတဖက် ၌လည်း အခက်အခဲ့ များနှင့် ရင်ဆိုင်ရသည်၊၊ အနောက်တိုင်း၌ လစ်ဘရယ်ဝါဒ နှင့် အနောက်တိုင်း ယဉ်ကျေးမူ တို့ ကိုခွဲ ခြား၍ မရလောက်အောင်၊ နိုင်ငံရေး နှင့် စီးပွားရေး ဘ၀ တို့ တွင်၊လစ်ဘရယ် အတွေးအခေါ် များနှင့် စံနူန်းများသည် ၊နက်နက် ရိုင်းရိုင်း အမြစ်တွယ်လာသောကြောင့်ဖြစ်သည်၊၊ ထို့ အပြင် လစ်ဘရယ် ၀ါဒကို ပြိုင်ဖက်ဖြစ်သော ကွန်ဆားဗေးတစ်ဝါဒ ၊ ဆိုရှယ်လစ်ဝါဒ တို့ နှင့် အလွယ် တကူခွဲ ခြား၍ မရ နိုင်လောက်အောင် အတွေးအခေါ် များ ရောလုံး ယှက်တင် ဖြစ်လာ၍ လည်းဖြစ်သည်၊၊
ဤကဲ့သို့ ဖြစ်ရခြင်း မှာ ၊ကွန်ဆာဗေးတစ် ၀ါဒ နှင့်ဆိုရှယ်လစ် ၀ါဒ တို့ သည်၊လစ်ဘရယ် ၀ါဒကို အတုခိုးနည်း ယူလာကြသော ကြောင့်ဖြစ်သည်၊၊ အကျိုးရလဒ် အားဖြင့် လစ်ဘရယ် နိုင်ငံရေး ပါတီများ အနေဖြင့်၊ရွှေးကောက်ပွဲ များ၌၊ ၄င်းတို့ ၏ ဆွဲ ဆောင်မူ စွမ်းအားကို၊ ထိန်းသိမ်း ထားရန် အခက်အခဲ နှင့် ရင်ဆိုင်လာကြရသည်၊၊ သာဓက အားဖြင့် အင်္ဂလန် နိုင်ငံတွင် လစ်ဘရယ်ပါတီသည် ၁၉၈၁ ခုနှစ်၌၊ ဆိုရှယ် ဒီမိုကရက် ပါတီနှင့် ရွေးကောက်ပွဲ မဟာမိတ် ပြုလုပ်ခဲ့ ရပြီး၊ နောက်ပိုင်း ၁၉၈၈ ခုနှစ်၌ ၊၄င်းပါတီနှင့် ပူးပေါင်းကာ၊ လစ်ဘရယ် ဒီမို ကရက်တစ်ပါတီ ကို ထူထောင်လိုက်ရခြင်းမျိုးဖြစ်သည်၊၊ (၂၀) ရာစုနှစ်များ အတွင်း၊လစ်ဘရယ်ပါတီသည် လစ်ဘရယ်ဝါဒ အတွေးအခေါ် မူများနှင့် ဆင်တူယိုးမှား ကျင့်သုံးလာသော၊ လေဘာပါတီ နှင့်ကွန်ဆာဗေးတစ်ပါတီများ ကို ရွေးကောက်ပွဲ များ၌ အရူံး နှင့်ချည်း ရင်ဆိုင်ခဲ့ ရသည်၊၊ ဥပမာ ၁၉၄၅ ခုနှစ် William Beveridge ၏ လေဘာပါတီစီမံ ကိန်းဖြစ်သော ၊တိုးချဲ ပြည်တော်သာစီမံကိန်းသည် ၊လစ်ဘရယ် အတွေးအခေါ် သာဖြစ်သည်။ ထို့ အပြင် မာဂရက် သက်ချာ လက်ထက်၊ ကွန်ဆာဗေးတစ် ပါတီ၏ "ဈေးကွက် စီးပွားရေးစနစ်"သည်လည်း ၊ကနဦးလစ်ဘရယ် စီးပွားရေး တွေးခေါ်ရှင် အဒမ်စမစ် (Adam Smith) ၏ လစ်ဘရယ် အတွေးအခေါ် များကို လုံးဝ အတုခိုး နည်းယူထားခြင်းသာဖြစ်သည်။
၁၉ ရာစု နှင့် ၂၀ ရာစု အတွင်း၊ သမိုင်းဆိုင်ရာ ဖွံ့ ဖြိုးတိုးတက် မူများသည်၊ လစ်ဘရယ် သဘောတရား အပေါ်များစွာ ၊သြဇာ သက်ရောက်မူရှိခဲ့ သည်။ အသစ်ပေါ် ထွန်းလာသော အလယ်လတ် တန်းစားလူတန်းစား များ၏၊ နိုင်ငံရေး နှင့် စီးပွားရေး အောင်မြင်မူ ရှိလာသည်နှင့် အမျှ၊လစ်ဘရယ် ၀ါဒ၏ အသွင်လက္ခဏာသည်လည်း၊ပြောင်းလဲလာခဲ့ သည်၊၊ လစ်ဘရယ် ၀ါဒ၏ အောင်မြင်မူ နှင့်အတူ ၊ပြုပြင်ပြောင်းလဲရေး နှင့်တော်လှန်ပြောင်းလဲ ပစ်လို သော၊အတွေးအခေါ် များလည်း မှေးမှိန်သွားခဲ့ ရသည်။ ပြုပြင်ပြောင်းလဲ မူထက်၊ ရှိဆဲ လစ်ဘရယ် ၀ါဒသည် တဖြည်းဖြည်း ကွန်ဆာဗေးတစ် ဆန်လာခဲ့သည်း။ သို့ သော် လစ်ဘရယ် အတွေးအခေါ် များအား ရပ်တန့် မသွားခဲ့ ချေ။
၁၉ ရာစု နောက်ဆုံးပိုင်းကာလမှ စ၍၊ စက်မူဖွံ့ ဖြိုးတိုးတက်လာမူသည်၊ လစ်ဘရယ် ၀ါဒီများကို ၊ရှေးဟောင်း လစ်ဘရယ် အတွေးအခေါ် များအား၊ ပြန်လည်ပြင်ဆင် ရန်တွန်အားပေးခဲ့ သည်၊၊ ရှေးဟောင်း လစ်ဘရယ်ဝါဒီများက ၊ပြည်သူလူထု အရေးအရာ ကိစ္စများ၌၊ အစိုးရ စွက်ဖက်မူ နည်းနိုင်သမျှ နည်းရန် ကိုသာလို လားခဲ့သော်လည်း၊ ခေတ်သစ် လစ်ဘရယ် ၀ါဒီများသည်၊ အစိုးရ အနေဖြင့်၊ ကျမ်းမာရေး၊အိုး၊အိမ်၊ပညာရေး၊ အိုမင်းမစွမ်းသူများ အားစောင့်ရှောက်ရေးစသော လူမူဖုံလူုံရေး လုပ်ငန်းများကို တာဝန် ယူသင့်သည်ဟု ယူဆလာကြသည်၊၊ ထို့ အပြင်၊အစိုးရ အနေဖြင့်၊ စီးပွားရေးတွင် လည်း စီမံခန့် ခွဲပေးရန် လိုအပ်သည်ဟု ယုံကြည်လာကြသည်။ ဤသို့ ဖြင့် လစ်ဘရယ် ၀ါဒ တွင်၊ ရှေးဟောင်း လစ်ဘရယ်ဝါဒ နှင့် ခေတ်သစ် လစ်ဘရယ် ၀ါဒ အတွေးအခေါ် များဟူ၍၊လစ်ဘရယ် အတွေးအခေါ် အစဉ်အလာ နှစ်ခု ဖြစ်ထွန်းပေါ်ပေါက်ခဲ့ရသည်၊၊
(၂) လူတဦးချင်း ကောင်းစားရေး ၀ါဒ (သို့ )ပုဂ္ဂလိက ၀ါဒ (Individulism)

(က) လူတဦးချင်း (The Individual)
လူတဦးချင်း ကောင်းစားရေ ၀ါဒ (သို့ ) ပုဂ္ဂလိက ၀ါဒ (Individualism) သည်၊လူတဦးချင်းစီ၏ အဓိက အရေးပါမူ ကို၊ယုံကြည် သော ၀ါဒဖြစ်သည်။ လစ်ဘရယ်တွေးအခေါ် များသည်၊ လူအုပ်စု၊လူ့ society အဖွဲ့ အစည်း (သို့ ) စုပေါင်း အကျိုးစီးပွား ထက်၊ လူတဦးချင်း စီ၏ အကျိုးစီးပွား နှင့်  လိုအပ်ချက် များကို အဓိက ထားသည်၊၊
မြေရှင်ပဒေသရာဇ် ခေတ်က လူ့ society အဖွဲ့ အစည်း အတွင်း ၊လူပုဂ္ဂိုလ် တဦးချင်းစီ၏ ၊အကျိုးစီးပွားနှင့်  အရေးပါမူကို၊ ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ချေ၊၊ လူများကို သူတို့ နှင့် သက်ဆိုင်သော၊လူတန်းစား ကျေးရွာ ၊မိသားစု၏ အသွင်လက္ခဏာကို ကြည့် ၍၊ မည်သူ မည်ဝါ ဟု ဆုံးဖြတ်သည်၊၊
သို့ သော် မြေရှင်ပဒေသရာဇ် စနစ်ကျဆုံးသွားသော အခါ ၊ လူတဦး ချင်းစီအတွက် ၊လူမူရေး ဖြစ်နိုင်ခြေ ရွှေးချယ် စရာများ ရှိလာသည်၊၊ လူတဦးချင်း စီသည် ၊ မိမိအတွက် စဉ်းစားရန် အခွင့်အရေး ရလာသည်၊၊ ဥပမာ -မြေကျွန် တဦးအနဖြင့်၊ သူ့ ကျွန်ခံနေ ရသော၊ အရှင်သခင်၏ မြေယာ၌ ၊ တသက်လုံး နေထိုင်ကာ ၊ထွန်ယက် စိုက်ပျိုးရသည့်  အလုပ်တခုတည်း ကိုသာ နေထွက်မှ နေ၀င် လုပ်ကိုင်နေ စရာမလို တော့ချေ၊ လွတ်လပ် သူဖြစ်လာ၍၊ စည်ပင်လာသည့်  မြို့ ပြသို့ သွားရောက်ကာ၊ သူနှစ်သက်သော အလုပ်ရှင် နှင့် အလုပ် အကိုင်ကို၊ သူသဘောအတိုင်း ရွှေးချယ်လုပ်ကိုင်ခွင့် ရှိလာသည်၊၊
မြေရှင်ပဒေသရာဇ် စနစ်ပျက်သုန်း သွားသောအခါ ၄င်းနေရာ၌ ၊စဉ်းစားတွေးခေါ် မူ အသစ်နှင့် ခေတ်သစ်သို့ ရောက်ရှိလာသည်။ ညဏ် အမြင် ပွင့်လင်းလာသော ခေတ် (The Age of Enlightement) (သို့ ) ဆင်ခြင်ညဏ် အသုံးပြုသော ခေတ်(The Age of Reason) ဟု ခေါ်ဆိုကြသည်၊၊ အစဉ်အလာ ဘာသာရေး အတွေးအခေါ်၊ သီဝရီများနေရာတွင် ၊အကျိုးအကြောင်း ဆီလျှော်ပြီး၊ သိပ္ပံ နည်းကျသော ဖြေရှင်းချက် များသီဝရီများ တဖြည်းဖြည်း ၀င်ရောက် နေရာယူလာသည်။ လူ့ အဖွဲ့ အစည်း (society) ကို လူတဦးချင်း စီဖြင့် ပါဝင်ဖွဲ့ စည်းထားသည် ဟူသည့် အမြင် ရူထောင့် မှ နားလည်လာကြသည်၊၊
လူတဦးချင်းစီသည် တန်ဖိုးရှိသည် ၊ ထူးခြားသော အရည်အချင်း ကိုယ်စီ ရှိသည်ဟု နားလည်လက်ခံလာကြသည်၊၊ ဤအချက် ကို ၁၆ ရာစု နှင့် ၁ရ ရာစုများအတွင်း၊ဖွံ့ ဖြိုးတိုးတက်လာသော "သဘာဝ အခွင့်အရေး သီဝရီများ" (Natural Right Theories) က သက်သေထူသည်။ "သဘာဝ အခွင့်အရေး သီဝရီများက၊လူသားတဦးချင်းစီ တွင် ဘုရားသခင်က ပေးထားသော၊ သဘာဝ အခွင့်အရေး များရှိသည်" ဟုဆိုကြသည်၊၊ ဂျွန်လော့(စ်) (John Locke)က၊ ၄င်းသဘာဝ အခွင့်အရေးများသည် ၊အသက်ရှင်နေထိုင်ခွင့်၊လွတ်လပ်ခွင့် နှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် များဟု အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်၊၊
လူတဦးချင်းစီသာ ဤအခွင့်အရေးမျးရှိသောကြောင့်၊လူတဦး ချင်းသည်၊ မည်သည့် လူအုပ်စု၊လူမူအဖွဲ့ အစည်း မဆို ထက်ပို့ ၍အရေးင်္ကြီးသည်ဟု သဘာဝ အခွင့်အရေး သီဝရီ ထုတ်သူများက ယုံကြည်ကြသည်၊၊ ထို့ ကြောင့် လူ့ အဖွဲ့ အစည်း (Society) ကို လူတဦးချင်းစီ၏ ၏ အကျိုးစီးပွား နှင့် လိုအပ်ချက် တို့ ကို အကာအကွယ်ပေးပြီး တည်ဆောက်သင့် သည်ဟု ၄င်းတို့ က ထုတ်ဖော် တင်ပြခဲ့ ကြသည်၊၊
ဤ လူတဦးချင်းစီ၏ အရေးပါမူကို ၊ လက်ခံယုံကြည်မူသည် လစ်ဘရယ်အတွေးအခေါ်များအပေါ် သြဇာ သက်ရောက်ခဲ့ပြီး၊ လစ်ဘရယ် သဘောတရား၏ ထူးခြားသော ဂုဏ်အင်္ဂါလည်းဖြစ်လာခဲ့ ရသည်၊၊ ဤ ယုံကြည်မူသည် ၊လစ်ဘရယ်ဝါဒီများအား ၊လူ့ အဖွဲ့ အစည်း (Society)သည်၊ လူတဦးချင်းစီ ပါဝင်သည့်  အစုအစည်း ဖြစ်ကြောင်း ၊ထို အစုအစည်း ဖြစ်သော လူ့ အဖွဲ့ အစည်း ထည်းတွင်၊လူတဦးချင်းစီ သည်၊ ၄င်းတို့ ၏ အကျိုး စီးပွါးနှင့် လိုအပ်ချက်များကို အားထုတ်ရှာဖွေ ကြကြောင်း အမြင်ရှိစေခဲ့ သည်၊၊

ဤအမြင်ကို လူတဦးချင်း အခြေပြု ၀ါဒ (သို့ )အဏုမြူဝါဒ (Atomism)ဟု ခေါ်ဆိုကြသည်။ ဤအမြင်ဝါဒ တွင် လူတဦးချင်းစီကို လူ့ အဖွဲ့ အစည်း (Society) အတွင်း၌ သီးခြားစီ ရှိနေသော အခြေခံ အဏုမြူများ (Isolated Atomis) ဟုရူမြင်စဉ်းစားသည်၊၊ ဤအမြင်ဝါဒ အရ လူ့ အဖွဲ့ အစည်း (Society) သည် ၊အမှန်အားဖြင့် မရှိ၊၊စင်စစ်အားဖြင့် လူ့ အဖွဲ့ အစည်း (Society) ဆိုသည်မှာ မိမိကိုယ်မိမိ ယုံကြည် အားကိုးသော၊လူတဦးချင်းစီ ပါဝင်သော အစုအဝေးသာ ဖြစ်သည်ဟု ယူဆကြသည်၊၊
ဤကဲ့သို့ သော လူတဦးချင်းကောင်းစားရေး ၀ါဒ (သို့ )ပုဂ္ဂလိက ၀ါဒ သည်၊လူတဦးချင်း စီသည် ကိုယ့်အကျိုးကိုသာ ကိုယ်ကြည့် တတ်သည်၊၊ ကိုယ့်အစွမ်းကို ကိုယ်အားကိုးကာ ၊ကိုယ်ကျိုးကိုသာ ရှာတတ်သည်၊ ဟူသော ယူဆချက်အပေါ်တွင် အခြေခံသည်၊၊ ထို့ ကြောင့် C.B.Mae Pherson က ရှေးဟောင်း လစ်ဘရယ်ဝါဒ (Possessive Individualism) သာဖြစ်သည်၊၊ အဘယ်ကြောင့်ဆိုသော် ၊၄င်းဝါဒသည် လူတဦးချင်းစီ ကို၊ မိမိကိုယ်ကို မိမိ၏ အရှင်သခင် (သို့ )မိမိကိုယ်ကို မိမိ စွမ်းပကား၏ ပိုင်ရှင် ဟုသဘော ထားသည်၊၊ လူ့ အဖွဲ့ အစည်း အပေါ်၌ မည်သည့် တာဝန်မှ မရှိဟု သဘောထားသောကြောင့် ဖြစ်သည်၊ ဟုဝေဖန် ထောက်ပြသည်၊၊
၎င်းသဘောထား နှင့် ဆန့် ကျင်ဖက်အားဖြင့် ၊ခေတ်သစ် လစ်ဘရယ် ၀ါဒီများသည် ၊လူ့ သဘာဝ ကို ပိုမို၍ အပြုသဘော ဆောင်သောအမြင် ဖြင့် ရူမြင်လာကြသည်၊၊ သူတို့ က တဦးချင်းစီသည် တဦးနှင့်တဦး အပြန်အလှန် လူမူရေး တာဝန် ရှိသည်၊။ အထူးသဖြင့် မိမိကိုယ် မိမိ တာဝန်ယူ နိုင်စွမ်း မရှိသော သူများကို ကြည့် ရူစောင့်ရှောက် ရန်တာဝန် ရှိသည်ဟု လက်ခံယုံကြည် လာကြသည်၊၊ လူ့ သဘာဝသည် ကိုယ်ကျိုးကိုသာ ကြည့် တတ်သည် ဟူ၍၄င်း ၊အများအကျိုး ကိုကြည့် တတ် သည်ဟူ၍ လည်းကောင်း၊ အယူအဆ မည်သို့ ပင် ကွဲပြားကြသော်လည်း ၊လူတဦးချင်း စီအနေုဖြင့် မိမိကိုယ် စွမ်းညဏ်စွမ်း ရှိသမျှ၊ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင် နိုင်ခွင့် ရှိသော၊ လူ့ အဖွဲ့ အစည်း ဖွဲ့ စည်းတည်ထောင်ရန် ကိစ္စ၌ူမူ ၊လစ်ဘရယ် ၀ါဒများသည် အယူအဆ ကွဲပြားမူ မရှိကြ၊ တစိတ်တည်း တသဘောတည်း ရှိကြသည်၊၊
နောက်တပိုင်းဆက်ရန် .....

ခိုင်အောင်ဝင်း

http://www.ald-exile.org/

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP