Thursday, August 5, 2010

အိုင်ဒီအိုလိုဂျီလွန်ခေတ် အနာဂတ်ဟောကိန်း ဟောနိုင် မနိုင် - မောင်စူးစမ်း


၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပေါ်ပေါက်မည့် လွှတ်တော်နိုင်ငံရေးတို့တွင် တိုင်နှစ်တိုင်ကိုဖြုတ်၍ စဉ်းစားချင်သည်။ ပထမတိုင်သည် အိုင်ဒီအိုလိုဂျီ (သဘောတရား)တိုင် ဖြစ်၍ ဒုတိယတိုင်သည် ခေတ်ပြိုင်မြန်မာ့သမိုင်း ဖြစ်သည်။ နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီနှင့် သမိုင်းတို့ကို နန်းချပစ်ရသည်မှာ အခြေအနေနှင့် ဆီလျော်အပ်စပ်မှု မရှိတော့ပြီဟု ယူဆမိ၍ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်းကောင်း၊ ရွေးကောက်ပွဲလွန် ကာလတွင်လည်းကောင်း၊ အိုင်ဒီအိုလိုဂျီနှင့် ခေတ်ပြိုင်သမိုင်းဝန်းကျင် မဆီလျော်တော့ပြီ။

ဤသို့ မဆီလျော်သည့် တိုင်နှစ်တိုင်ကို ဖြုတ်ပစ်လျှင် ဘာကျန်မည်နည်းဟု မေးစရာရှိသည်။ ရှေးဦးပထမ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းတို့ကို အဘယ်ကြောင့် နန်းချပစ်သင့်သနည်းဟု ဆိုသောအကြောင်းကို ရှင်းပြရန်လိုသည်။ မြန်မာ့နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီမျိုးစုံကို ဖြတ်သန်းစမ်းသပ်ကြည့်ပြီး ဖြစ်သည်။ အထူးသဖြင့် လက်ဝဲအိုင်ဒီအိုလိုဂျီတို့ကို မီးပြင်းတိုက်ပြီး စမ်းသပ်ခဲ့ကြသည်။ ရလဒ်ကား ဒုက္ခပင်လယ်ဝေခဲ့ခြင်းသာ ဖြစ်သည်။ အိုင်ဒီအိုလိုဂျီတို့က အတော်နှိပ်စက်ခဲ့ပြီးဖြစ်၍ တော်လောက်ပြီဟု ထင်သည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် အိုင်ဒီအိုလိုဂျီမော မောနေသည်။ Ideology Fatique ခံစားနေရသည်။

အရိပ်သုံးပါးနားမလည်၊ အိုင်ဒီအိုလိုဂျီကို ရှေ့တန်းတင်လျှင် ရူးလို့သာဖြစ်မည်။ တကယ်စင်စစ်၌လည်း ခေတ်ကြီးသည် အိုင်ဒီအိုလိုဂျီလွန်ခေတ် (Post ideology Era) ထဲ ရောက်ရှိနေသည်။ အိုင်ဒီအိုလိုဂျီဆို မကြားချင်ကြပေ။ အိုင်ဒီအိုလိုဂျီကို မုန်းနေသည်။ ထို့ကြောင့် အနာဂတ်၏ နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီတိုင်ကိုဖြုတ်၍ အစည်းအဝေးတွေ ခေါ်ရမည်ဟု ထင်သည်။

ခေတ်ပြိုင်သမိုင်းတိုင်ကိုလည်း ဖြုတ်သင့်သည်။ မြန်မာ့ခေတ်ပြိုင်သမိုင်းသည် အလွန်တရာမှ ကြမ်းတမ်းသည်။ ရှုပ်ထွေးသည်။ တစ်ခုတည်းသော အနက်အဓိပ္ပါယ် ဖွင့်ဆိုလို့မရ။ အမြင်တစ်ယောက်တစ်မျိုး ဖြစ်နိုင်သည်။ ရှုပ်ထွေးရုံမျှမက မြန်မာ့ခေတ်ပြိုင်သမိုင်းသည် အပြတ်အတောက်တွေ သိပ်များသည်။ စီးရီးဆွဲလို့မရသော အပြတ်အတောက်တို့နှင့် ခုန်ပေါက်နေသည်။ ကြမ်းလည်း ကြမ်းတမ်းသည်။ ထို့ကြောင့် မြန်မာ့ခေတ်ပြိုင်သမိုင်းသည် မြန်မာ့ပကတိအခြေအနေနှင့် ဆီလျော်အပ်စပ်လိမ့်မည် မဟုတ်ပေ။ Irrelevance ဟု ပြောရမည်။

ထို့ကြောင့် အိုင်ဒီအိုလိုဂျီနှင့် ခေတ်ပြိုင်မြန်မာ့သမိုင်းတို့သည် အခြေအနေနှင့် မအပ်စပ်သဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ဖြစ်စေ၊ ရွေးကောက်ပွဲအပြီး ကာလအတွက်ဖြစ်စေ အညွှန်းအဖြစ် အရေးပါခြင်းမရှိဟု တင်ပြအပ်သည်။ မည်သည့်အရာတို့သည် အညွှန်းဖြစ်မလဲဟု ကြိုတင်လျာထား ကြည့်ပြန်လျှင်လည်း စိတ္တဇမဆန်မိဖို့ကို ဂရုစိုက်ရဦးမည်။

လာမည့်ရွေးကောက်ပွဲသည် ပါတီစုံရွေးကောက်ပွဲဖြစ်လေရာ လက်ရှိတည်ဆဲ သတ်မှတ်ထားချက်အတိုင်းဆိုလျှင် တရားဝင် မှတ်ပုံတင်ထားကြသော နိုင်ငံရေးပါတီတို့ကိုသာ ရည်ညွှန်းသည်။ သို့ရာတွင် ရွေးကောက်ပွဲဥပဒေနှင့် ပါတီများဥပဒေ ပေါ်ထွက်လာသောအခါ ပါတီသစ်များ ထပ်မံပေါ်နိုင်မည်။ ထိုပါတီသစ်များထဲတွင် စိတ်ဝင်စားစရာကောင်းမည့် မူဝါဒတစ်ခုကို စိတ်ထဲမြင်ယောင်မိသည်။

မောင်စူးစမ်း
ရွေးကောက်ပွဲ နိုင်ငံရေး
စာမျက်နှာ - ၁၂၉ မှ ၁၃၃
http://www.myanmarthway.co.cc

0 comments:

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP