Wednesday, July 21, 2010

အမျိုးသားနိုင်ငံရေးဋီကာ - မောင်ဝံသ


mgwuntha.png

အမျိုးသားနိုင်ငံရေးဆိုတဲ့ ဝေါဟာရကို တွင်တွင်ကျယ်ကျယ် သုံးလာကြတာ သိပ်မကြာသေးပါဘူး။ ကျွန်တော် သတိထားမိသလောက်တော့ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးဆိုပြီး သိသိသာသာ ခွဲခြားပြောလာကြတာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို တိုက်ရိုက်ပြောရင် national politics နဲ့ party politics ပေါ့။ ခုတလော ကျွန်တော်က နိုင်ငံရေးဝေါဟာရတွေ စုဆောင်းပြီး ဖွင့်ဆိုချက်တွေကို လေ့လာနေတာဆိုတော့ နိုင်ငံခြားကထုတ်တဲ့ နိုင်ငံရေးသိပ္ပံ စာအုပ်တွေမှာ "အမျိုးသားနိုင်ငံရေး"ကို ဘယ်လို ရှင်းလင်းဖွင့်ဆိုထားကြသလဲလို့ ရှာကြည့်တယ်။ အဲဒီမှာ ဘာတွေ့သလဲဆိုတော့ national politics ဆိုတာ နိုင်ငံလုံးဆိုင်ရာအဆင့် နိုင်ငံရေးကိုပြောတာ။ ဆိုလိုတာက ဒေသဆိုင်ရာအဆင့် (regional) မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ သတင်းစာလောကမှာလည်း အလားတူ အသုံးအနှုန်း ရှိပါတယ်။ National Paper လို့ ခေါ်တဲ့ တစ်နိုင်ငံလုံး ပျံ့နှံ့အောင် ထုတ်ဝေဖြန့်ချိတဲ့ သတင်းစာနဲ့ Regional paper or Local paper ခေါ်တဲ့ နယ်သတင်းစာတွေ ရှိတယ်။ နယ်သတင်းစာက သူ့ပတ်ဝန်းကျင် မြို့ရွာတွေကိုပဲ ဖြန့်တယ်။ကျွန်တော်တို့ဆီမှာ လောလောဆယ် ဖွင့်ဆိုနေကြတဲ့ အမျိုးသားနိုင်ငံရေး အဓိပ္ပါယ်က ပါတီနိုင်ငံရေးထက် ပို၍ လိုလားအပ်တယ်ဆိုတဲ့ သဘောကို ပြောချင်ပုံရတယ်။ တကယ်ကတော့ အဲသလို ယှဉ်ပြောရမယ့် ခေါင်းစဉ်နှစ်ခု မဟုတ်ပါဘူး။ အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးက ပြိုင်ဘက်တွေ မဟုတ်ဘူး။ သီးခြားလက္ခဏာကို ဆောင်ပါတယ်။ အမျိုးသားနိုင်ငံရေးဆိုတာ လူတိုင်းလုပ်နိုင်တဲ့ နိုင်ငံရေးပါ။ သာမန် ပြည်သူတွေလည်း လုပ်နိုင်တယ်။ ၀န်ထမ်းတွေလည်း လုပ်နိုင်တယ်။ နိုင်ငံရေးပါတီများက ပါတီဝင်တွေလည်း လုပ်နိုင်တာပဲ။ နိုင်ငံရေးပါတီ တစ်ခုခုရဲ့ ပါတီဝင်ဖြစ်နေလို့ဆိုပြီး အမျိုးသားနိုင်ငံရေး မလုပ်နိုင်ဘူးလို့ ပြောလို့မရဘူး။ သို့ပေမယ့် ပါတီနိုင်ငံရေးကိုကျတော့ ၀န်ထမ်းတွေ လုပ်လို့မရဘူး။ ပြည်သူ့ဝန်ထမ်းဆိုတာက မည်သည့်နိုင်ငံရေးပါတီ ရွေးကောက်ပွဲနိုင်လို့ အစိုးရဖွဲ့ဖွဲ့၊ ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရကို သစ္စာခံရမှာပဲ။ အဲသလို သစ္စာခံကြမှသာ ဒီမိုကရေစီစနစ် အဓွန့်ရှည်မှာ ဖြစ်ပါတယ်။ဒါဆိုရင် အမျိုးသားနိုင်ငံရေးဆိုတာ ဘာလဲ။အမျိုးသားနိုင်ငံရေးဆိုတာ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့အရေး (national cause)မှာ ကျရာအခန်းကဏ္ဍက ပါဝင်ထမ်းဆောင်တာကို ခေါ်ပါတယ်။ national cause ဖြစ်ရပါမယ်။ regional cause မဖြစ်စေရဘူး။တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အရေးဆိုတာ ဥပမာပေးရရင် နယ်ချဲ့အင်္ဂလိပ်တွေရဲ့ ကျွန်ဘ၀က လွတ်မြောက်ရေး ကြိုးပမ်းမှု၊ ဖက်ဆစ်ဂျပန်ကို တော်လှန်မှု၊ ၁၉၅၀ နှစ်များက မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရတဲ့ တရုတ်ဖြူ ကျူးကျော်မှု အန္တရာယ်ကို ကမ္ဘာသိအောင်လုပ်ပြီး စစ်ရေးအရ ပြန်လည်တိုက်ထုတ်ခဲ့မှု၊ လောလောဆယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးကြိုးပမ်းမှုတွေ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ တိုင်းချစ်ပြည်ချစ်စိတ်ရှိသူ လူတိုင်းပါဝင်နိုင်တဲ့ အမျိုးသားနိုင်ငံရေး ဖြစ်ပါတယ်။ပါတီနိုင်ငံရေးကတော့ ရှင်းပါတယ်။ အာဏာနိုင်ငံရေးကို အဓိကထားကြတာ များတယ်။ ကိုယ့်ပါတီ ရွေးကောက်ပွဲဝင်နိုင်ဖို့ အာဏာရဖို့ ရှေးရှုပြီး လုပ်ကြတာများတယ်။ "လုပ်ကြတာ များတယ်" လို့ ကျွန်တော် မယုတ်မလွန်ပြောတာ အကြောင်းရှိပါတယ်။ တချို့နိုင်ငံတွေ၊ ကျွန်တော် သေချာပေါက် သိတာကတော့ အိန္ဒိယနိုင်ငံနဲ့ ဂျပန်နိုင်ငံမှာ အာဏာရဖို့ အဓိကမထားတဲ့ နိုင်ငံရေးပါတီတွေ ရှိတယ်။ အိန္ဒိယကွန်မြူနစ်ပါတီ၊ ဂျပန် ကွန်မြူနစ်ပါတီတွေဟာ တစ်သက်လုံး အာဏာမရနိုင်ဘူးဆိုတာ သိပေမယ့် နိုင်ငံရေးဆက်လုပ်နေကြတာပဲ။ သူတို့က အလုပ်သမားသမဂ္ဂတွေ၊ လယ်သမားသမဂ္ဂတွေ ဖွဲ့စည်းတယ်။ အလုပ်သမား၊ လယ်သမား လူတန်းစားတွေနဲ့ ပညာသည်တွေရဲ့ အခွင့်အရေးတွေကို ပါတီဝင်တွေက ဦးဆောင် တိုက်ပွဲဝင်ပေးတယ်။ အဲဒါလည်း အမျိုးသားနိုင်ငံရေးလို့ ပြောနိုင်တာပဲ။နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင်တွေကို စကားလုံးနှစ်မျိုးနဲ့ ခွဲခြားပြနိုင်ပါတယ်။ statesman နဲ့ politician ဆိုပြီး ခွဲခြားပါတယ်။ အဘိဓာန်အဓိပ္ပါယ်က statesman ဆိုတာ နိုင်ငံပြု၊ သုခမိန်၊ အမြော်အမြင်ကြီးမားတဲ့ နိုင်ငံရေးသမား။ politician ကတော့ နိုင်ငံရေးသမားပါပဲ။ သည်တော့ကာ statesman တွေလုပ်တဲ့ နိုင်ငံရေးကို အမျိုးသားနိုင်ငံရေးလို့ ပြောနိုင်တယ်။ ကိုယ့်ပါတီ အာဏာရရေးထက် ကိုယ့်တိုင်းပြည် ကောင်းစားရေးကို အဓိကထားခြင်းသည် အမျိုးသားနိုင်ငံရေးပဲလို့ ဖွင့်ဆိုနိုင်တယ်။ဖွင့်ဆိုချက်တစ်ခု တွေ့ဖူးတာက politician ဟာ လာမယ့်ရွေးကောက်ပွဲအတွက် ကြည့်တယ်တဲ့။ statesman က နောက်မျိုးဆက်တစ်ခုအတွက်ပါ ကြည့်တယ်တဲ့။ တော်တော် အဓိပ္ပါယ်"တာ"သွားတဲ့ ဖွင့်ဆိုချက်ပါပဲ။ statesman အဆင့် ရောက်သွားရင် ကိုယ့်ပါတီအာဏာရရေးကို ရှေ့တန်း မတင်တော့ဘူး။ တစ်မျိုးသားလုံး ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းဖို့ကိုပဲ ကြံစည်လုပ်ဆောင်ပါတော့တယ်။နောက်ရှင်းလင်းချက်တစ်ခု ဖတ်ဖူးသေးတယ်။ နေရူးဟာ statesman ဖြစ်တယ်။ အင်ဒီရာဂန္ဒီကတော့ politician တဲံ။နိုင်ငံရေးပါတီတွေဟာ ဒီမိုကရေစီစနစ်နဲ့ တတွဲတည်း ပါရှိရမယ့် အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ၁၉၇၀ နှစ်များက နီပေါနိုင်ငံမှာ ပန်ချာယက်ဆိုပြီး တစ်သီးပုဂ္ဂလ အမတ်လောင်းတွေချည်းပဲ ရွေးကောက်ပွဲ ၀င်ခွင့်ပြုတဲ့စနစ် စမ်းသပ်ခဲ့ဖူးတယ်။ မအောင်မြင်ပါဘူး။ နောက်တော့ ပါတီတွေ ဖွဲ့ခွင့် ပေးလိုက်ရတယ်။ဒီမိုကရေစီစစနစ်မှာ နိုင်ငံရေးပါတီတစ်ရပ်ဟာ ပြည်သူလူထုကို လိမ်လို့ မရပါဘူး။ လိမ်လို့ရတယ် ဆိုရင်လည်း ကြာကြာ လိမ်လို့မရပါဘူး။ ရွေးကောက်ပွဲ နောက်တစ်ကြိမ်ကျရင် ပြည်သူလူထုက ဆန္ဒမဲပေးပြီး ဆုံးမမှာပါပဲ။ ဒီမိုကရေစီစနစ်ဟာ ကောင်းသူကို "တင်" ပြီး မကောင်းသူကို "ကြဉ်" လို့ရတဲ့ စနစ်ဖြစ်ပါတယ်။ လူတော်လူကောင်းတွေကို စင်ပေါ်ပို့ပေးပြီး မသူတော်တွေကို မြောင်းထဲပို့ပေးနိုင်တာ ဒီမိုကရေစီပါပဲ။ အဲသလို လုပ်ခွင့်ရှိတဲ့ ဆန္ဒမဲပေးစနစ်ကို ကျင့်သုံးခြင်းဟာ ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အမျိုးသားနိုင်ငံရေး ဖြစ်ပါတယ်။ ပြည်သူတွေကို ကိုယ်စားပြုပြီး တိုင်းရေးပြည်မှုများကို စီမံခန့်ခွဲမယ့် ပြည်သူ့ကိုယ်စားလှယ်များကို လူမှန် နေရာမှန် ရွေးချယ်နိုင်ဖို့ ရွေးကောက်ပွဲတွေမှာ မပျက်မကွက် ဆန္ဒမဲပေးခြင်းဟာလည်း အမျိုးသားနိုင်ငံရေးလုပ်ခြင်းပါပဲ။
ပေါ်ပြူလာဂျာနယ်၊ ၂၀၀၉

0 comments:

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP