Thursday, July 22, 2010

နိုင်ငံရေးဆိုသည်မှာ


နိုင်ငံရေးဆိုတဲ့စကားလုံးနဲ့ လူတိုင်းလောက်နီးနီး ရင်းနှီးကြပါတယ်။ နိုင်ငံရေးဆိုရင် ပါတီထောင်ကြတာလို့လည်း လူသိများပါတယ်။ နိုင်ငံရေးဆိုတာ ပြည်သူ့အရေးလို့ သိသူကတော့ နည်းပါတယ်။ လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံမှုဆိုတာ မဖြစ်မနေအရေးပါတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ လူဆိုတာ အထီးတည်း နေလို့မရပါဘူး။ အသိုင်းအ၀ိုင်းနဲ့ နေကြရပါတယ်။ ကိုယ်နေတဲ့ဝန်းကျင်က သေးတော့ မိသားစု၊ ကြီးတော့ နိုင်ငံဖြစ်လာပါတယ်။ နိုင်ငံရေးဆိုတာ အုပ်စုကြီးတစ်ခုအတွင်းမှာရှိတဲ့ သီးခြား တစ်ဦးချင်းစီရဲ့ အပြုအမူ၊ အနေအထိုင်၊ လုပ်ဆောင်မှုတွေကို လေ့လာခြင်းလို့လည်း ဆိုနိုင်ပါတယ်။ အဖွဲ့အစည်းတစ်ခုအတွင်း အချင်းချင်းဆက်ဆံရေး၊ စီမံခန့်ခွဲရေး၊ ဆုံးဖြတ်ချက်များချမှတ်ရေး၊ ချမှတ်ထားတဲ့ အဆုံးအဖြတ်တွေကို ပြီးမြောက်အောင်ဆောင်ရွက်ရေး၊ သတ်မှတ်ချက်များ ပြဌာန်းရေးဆိုတာတွေ လုပ်ဆောင်လာကြရတယ်။ ဒါကို နိုင်ငံရေးလို့လည်း ပြောနိုင်ပါတယ်။

နိုင်ငံရေးလို့ပြောရင် အာဏာဆိုတာလည်း မဖြစ်မနေ ထည့်ပြောရပါတယ်။ နိုင်ငံရေးဆိုသည်မှာ အုပ်ချုပ်မှုဆိုင်ရာ သိပ္ပံပညာဖြစ်သကဲ့သို့ ၀ိဇ္ဇာပညာလည်းဖြစ်သည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအသွင်သဏ္ဍာန်၊ အုပ်ချုပ်မှုအပိုင်းတို့သည် သိပ္ပံနည်းကျ စီမံရသောကြောင့် သိပ္ပံပညာဖြစ်ပြီး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပေါင်းကူးဆက်ဆံရမှုများတွင် စောင့်ထိန်းအပ်သော တရားများကို လိုက်နာကြရခြင်းကြောင့် ၀ိဇ္ဇာပညာလည်းဖြစ်ပါသည်ဟု Oxford အင်္ဂလိပ် အဘိဓါန်မှာ ဖော်ပြထားပါတယ်။ Harold Lasswell (1936) ကလည်း နိုင်ငံရေးဆိုတာ ဘာကို၊ ဘယ်အချိန်မှာ၊ ဘယ်လို ရအောင်လုပ်ရမယ်ဆိုတာကို သိခြင်းလို့ ဆိုပါတယ်။ Bertrand de Jouvenal (1963) ကတော့ နိုင်ငံရေးဆိုတာ လူကို လူက မောင်းနှင်တဲ့စွမ်းအားတဲ့။ David Easton (1979) က နိုင်ငံရေးဆိုတာ အာဏာရှိသူက ခွဲဝေပိုင်းဖြတ်ပေးရသော တန်ဖို့ လို့ ဆိုထားပါတယ်။ ယေဘုယျအားဖြင့် နိုင်ငံရေးဆိုသည်မှာ နိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများကို လမ်းညွှန်ပေးခြင်း၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ ၀ိဇ္ဇာ သို့မဟုတ် သိပ္ပံပညာ ဖြစ်သည်လို့ Oxford Concise Dictionary of Politics မှာ ဖော်ပြထားပါတယ်။ လူမှုရေးဆိုင်ရာသဘောအရတော့ နိုင်ငံရေးဆိုတာ တစ်ဦးတစ်ယောက်ကနေ စီမံအုပ်ချုပ်ရတာမျိုးလို့ဆိုရင် သဘောကျချင်မှ ကျကြပါလိမ့်မယ်။ ဒါပေမယ့် လိုအပ်ချက်အရကတော့ ဒီလိုလုပ်ဆောင်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။

လူဆိုတာက စဉ်းစားမှု ရင့်သန်သူတွေဖြစ်လေတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး အတွေးအမြင်တွေ အတော်လေးကွဲပြား ကြပါတယ်။ အတိုက်အခံတွေလုပ်ကြတယ်။ သဘောထားတွေကွဲကြတယ်။ နိုင်ငံတော်ရဲ့ ပင်ကိုယ်သဘာဝကိုက မတူညီများ၊ ၀ိရောဓိများနှင့် မကင်းနိုင်တာကြောင့် နိုင်ငံအချင်းချင်း၊ လူမျိုးအချင်းချင်းလည်း စစ်ပွဲတွေ ဖြစ်နိုင်ပါတယ်။ ပိုင်ဆိုင်မှုတွေ မတူညီတာ၊ အလိုလောဘတွေကြောင့်လည်း စစ်တွေဖြစ်နိုင်ပါတယ်။ နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ ကိုယ်မဟုတ်တာလုပ်တာကိုလည်း လူ့အခွင့်အရေးလို့ ကိုင်ပေါက်လိုက်ကြတော့တယ်။ လူတွေမှာကလည်း ချမှတ်ထားတဲ့ စည်းကမ်းဥပဒေတွေကို လိုက်နာချင်သူရှိသလို အမြဲဆန့်ကျင်နေတဲ့သူတွေလည်း ရှိတတ်ပါတယ်။ မိမိအကျိုးစီးပွားကို မထိခိုက်သရွေ့ အကောင်းမြင်တတ်ပြီး အကျိုးစီးပွားကိုထိခိုက်တာနဲ့ အခွင့်အရေးဆုံးရှုံးတယ်ဆိုပြီး ဖြစ်ကြပြန်တော့ နိုင်ငံရေးဆိုတာ လူ့အရေး၊ လူတိုင်းရဲ့အလိုဆန္ဒအရေးတို့ကို မဖြည့်ပေးနိုင်သေးသမျှ ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏ မ၀ဆိုသလို ဖြစ်နေမှာပါပဲ။

(၂၀၀၇ ဒီဇင်ဘာလထုတ် မျက်မှောက်ရေးရာမဂ္ဂဇင်းတွင် ပါရှိသည့် တင်ညွန့်ရေးသားသော နိုင်ငံရေးနှင့် နိုင်ငံရေးသမား ဆောင်းပါးမှ ကောက်နုတ်ထားပါသည်။ နိုင်ငံတော်နှင့် အစိုးရ အကြောင်းကိုလည်း ဆက်လက်ရေးသားပါဦးမည်။)

0 comments:

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP